သတင်း

အဓိကရုဏ်း ဖြစ်လျှင် ကယား ပြည်နယ်အစိုးရနှင့် ပူးပေါင်းမည်ဟု လက်နက်ကိုင်အဖွဲ့များ ကြေညာ

This article has been converted from Zawgyi One to Unicode

ကယားပြည်နယ်နှင့် ကယန်းဒေသအတွင်းရှိ လက်နက်ကိုင်အဖွဲ့များ၏ ထိန်းချုပ်နယ်မြေအတွင်း လူမျိုးရေး၊ ဘာသာရေး အဓိကရုဏ်းများ ထပ်မံပေါ်ပေါက်လာပါက အစိုးရအဖွဲ့နှင့် ပူးပေါင်း ဆောက်ရွက်သွားမည်ဖြစ်ကြောင်း လက်နက်ကိုင်အဖွဲ့များ စုပေါင်း၍ ကြေညာချက် ထုတ်ပြန်လိုက်ကြောင်း သိရသည်။

ဇွန်လ ၃ ရက်နေ့က ကယားပြည်နယ် လွိုင်ကော်မြို့ပေါ်ရှိ လက်နက်ကိုင်အဖွဲ့ တခုဖြစ်သော ကရင်နီပြည် လူမျိုးပေါင်းစုံ ပြည်သူ့ လွတ်မြောက်ရေး တပ်ဦး (KNPLF) ရုံးခန်းတွင် လက်နက်ကိုင်အဖွဲ့ ၇ ဖွဲ့၊ နိုင်ငံရေးပါတီ တခုနှင့် လူမှုရေးအဖွဲ့ တဖွဲ့တို့က လက်မှတ် ရေးထိုးခဲ့ခြင်းဖြစ်သည်။

မေလ ၂၇ ရက်နေ့က ကယားပြည်နယ် ဖားဆောင်းမြို့နယ် မော်ချီးသတ္ထုတွင်း ဒေသတွင် တွင်း အလုပ်သမားများနှင့် တခြားနယ်မြေများမှ ရွှေ့ပြောင်းကာ ဈေးလာရောက် ရောင်းချနေသော မွတ်စလင်တချို့တို့ ခိုက်ရန်ဖြစ်ပွားမှု ဖြစ်ပေါ်ခဲ့ရာမှ မွတ်စလင် တို့၏ ဆိုင်ခန်းများ ဖျက်စီးခံခဲ့ရကြောင်း၊ လူအများ ထပ်မံစုဝေး၍ ရွာများအတွင်းရှိ မွတ်စလင် အိမ်များအား ဖျက်ဆီးရန် သွားရောက်ရာတွင် ယင်းဒေသကို ထိန်းချုပ်ထားသော KNSO က ဝင်ရောက် ထိန်းသိမ်းလိုက်ကြောင်း သိရသည်။

“ကျနော်တို့ ပြည်နယ်မှာ အစ္စလမ် ဘာသာဝင် အရမ်းနည်းပါတယ်။ ဘာသာရေး ပြဿနာဖြစ်တာလည်း နည်းတယ်။ အခု ဖြစ်သွားတာက ရွှေ့ပြောင်းလူတွေကြောင့်ပါ။ အခုလိုမျိုး အားလုံးကပါ ပူးပေါင်းပြီး ဝိုင်းထိန်းသွားရင် ပိုကောင်းသွားမှာပါ” ဟု ကယားပြည်နယ် အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးဇော်ဝင်းက ပြောသည်။

လူမျိုးရေးပြဿနာ ဖြစ်ပွားခဲ့သော မော်ချီးသတ္ထုတွင်း ကိစ္စနှင့် ပတ်သက်၍ ပြဿနာကို စတင်ခဲ့သော လူ ၆ ဦးအား ဖားဆောင်းမြို့ ရဲစခန်းတွင် ဖမ်းချုပ်ထားကြောင်း၊ ယင်းဒေသမှ မွတ်စလင် ၆၅ ဦးအား လွိုင်ကော်မြို့သို့ ပြောင်းရွှေ့ ပေးပြီးဖြစ်ကြောင်းနှင့် ယင်းကဲ့သို့ ထပ်မံ မဖြစ်ပွားစေရန် ပြည်နယ်အစိုးရအနေဖြင့် ဒေသတွင်း ကာကွယ်ရေး လုပ်ငန်းများအား လုပ်ဆောင်နေကြောင်း သိရသည်။

လူမျိုးရေး ဘာသာရေး အဓိကရုဏ်းများ ဖြစ်ပွားလာပါက ပြည်နယ် အစိုးရနှင့် ပူးပေါင်း ထိန်းချုပ်ရန် သဘောတူ လက်မှတ် ရေးထိုးရာတွင် ပါဝင်သော အဖွဲ့များမှာ ကရင်နီအမျိုးသား တိုးတက်ရေးပါတီ (KNPP)၊ ကရင်နီပြည် လူမျိုးပေါင်းစုံ ပြည်သူ့ လွတ်မြောက်ရေး တပ်ဦး (KNPLF)၊ ကယန်းပြည်သစ် ပါတီ(KNLP)၊ ကရင်နီအမျိုးသား ဒီမိုကရက်တစ် ပါတီ (KNDP)၊ ကရင်နီ အမျိုးသား စည်းလုံးညီညွတ်ရေးအဖွဲ့ (KNSO)၊ ကယန်းအမျိုးသား ကာကွယ်ရေးတပ် (KNG)၊ ကရင်နီအမျိုးသား ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးပါတီ (KNPDP)၊ ကယန်းအမျိုးသားပါတီ (KNP) နှင့် ကရင်နီပြည် လူငယ်များ သမဂ္ဂ (UKSY) တို့ ဖြစ်သည်။

“လူမျိုးရေး၊ ဘာသာရေး ကိစ္စတွေ ကျနော်တို့ နယ်မြေမှာ ဖြစ်တာ မလိုချင်ဘူး။ မော်ချီး ကိစ္စမှာတုန်းက ရဲနဲ့ စစ်တပ် လာတာ နောက်ကျလို့ ကျနော်တို့ ဝင်ထိန်းလိုက်တာ၊ ပူးပေါင်းပြီးတော့ လုပ်မယ်ဆိုပေမယ့် ဖြစ်လာတဲ့ အခြေအနေကို ကြည့်ပြီးတော့ ကျနော်တို့ လုပ်သွားမှာပါ” ဟု KNSO မှ ရုံးအဖွဲ့မှူး ဦးစောကလိုမှူး က ဧရာဝတီသို့ ပြောသည်။

လတ်မှတ်ရေးထိုးရာတွင် ပါဝင်သော UKSY အဖွဲ့ဝင်၊ ကယန်းမျိုးဆက်သစ် လူငယ်အဖွဲ့ အတွင်းရေးမှူး ခူးအသန်းက “လက်နက်ကိုင် အဖွဲ့တွေက သူတို့ထိန်းချုပ်နယ်မြေထဲမှာ ထူးတာရှိရင် ပြည်ထောင်စု အစိုးရ၊ ပြည်နယ် အစိုးရကို တိုက်ရိုက် စကားပြောမယ်၊ မရရင် သူတို့ဘာသာ လက်နက်နဲ့ ထိန်းမယ်ဆိုတာကို အဓိကပြောကြတယ်” ဟု ဆိုသည်။

လက်ရှိတွင် လက်နက်ကိုင် အဖွဲ့များက ကယားပြည်နယ်နှင့် ကယန်းဒေသအတွင်း ဘာသာရေး၊ လူမျိုးရေး ပြဿနာများ ထပ်မံ မပေါ်ပေါက်လာစေရန် ပြည်သူများအနေဖြင့် ကောလာဟလများကို မယုံကြည်ရန်နှင့် ယခုပြဿနာများနှင့် ပတ်သက်၍ မည်ကဲ့သို့ စတင် ဖြစ်ပွားလာနိုင်ကြောင်း အစရှိသဖြင့် ၎င်းတို့ နယ်မြေများအတွင်း ဒေသခံများကို လိုက်လံအသိပေးခြင်းများ လုပ်ဆောင်နေကြပြီ ဖြစ်ကြောင်း ကယန်းပြည်သစ်ပါတီ အတွင်းရေးမှူး ဗိုလ်မှူးစောလွင်က ပြောသည်။

Loading