မလေးရှားတွင် မြန်မာနိုင်ငံသားများ တိုက်ခိုက်ခံရမှုနှင့် ပတ်သက်ပြီး ယမန်နေ့တွင် မြန်မာနိုင်ငံခြားရေး ဝန်ကြီးဌာနက မြန်မာနိုင်ငံဆိုင်ရာ မလေးရှား သံအမတ်ကြီးကို သတိပေးပြီးနောက် ကွာလာလမ်ပူမြို့တွင် မြန်မာများကို ဖမ်းဆီးမှုများ ပြုလုပ်နေကြောင်း သတင်းရရှိသည်။
ပြီးခဲ့သည့် ရက်သတ္တ တပတ်အတွင်း အမည်မသိ လူအုပ်စု၏ တိုက်ခိုက်ခံရမှုကြောင့် မြန်မာနိုင်ငံသား ၃ ဦးထက် မနည်း သေဆုံး၍ ၁၀ ဦးကျော် ဒဏ်ရာ ရရှိခဲ့သည်။
မလေးရှားတွင် အလုပ်လုပ်နေသော မြန်မာနိုင်ငံသားများ တိုက်ခိုက်ခံရပြီး ထိခိုက်ဒဏ်ရာ ရရှိခြင်း၊ အသက်ဆုံးရှုံးခြင်း၊ ပစ္စည်းဥစ္စာ ဆုံရှုံးခြင်းတို့ ဖြစ်ပွားမှုအတွက် မလေးရှား သံအမတ်ကြီး မစ္စတာ အာမတ်ဖိုင် ဆဲလ်ဘင် မိုဟာမက်အား နိုင်ငံခြားရေး ဒု ဝန်ကြီး ဦးဇင်ယော်က ပြစ်မှုကျူးလွန်သူများကို ချက်ချင်း စုံစမ်းဖော်ထုတ်ပြီး အရေးယူပေးရန်၊ ထိုဖြစ်ရပ်များ ထပ်မံမဖြစ်ပွားရန် မလေးရှား အစိုးရက လိုအပ်သည်များကို အရေးယူ ဆောင်ရွက်ပေးရန် စသည်တို့ကို သတိထောက်လွှာ ပေးပို့၍ အကြောင်းကြားခြင်း ဖြစ်သည်။
ယင်းသို့ သတိထောက်လွှာ ပေးပို့ပြီးနောက် ယမန်နေ့ညမှ စတင်ကာ တရားဝင် အလုပ်လုပ်နေသည့်မြန်မာများရော တရားမဝင် အလုပ်လုပ်နေသည့် မြန်မာများကိုပါ ဖမ်းဆီးခြင်း ဖြစ်ကြောင်း သိရသည်။
“အခု အော်ပရာစီ (ရှောင်တခင် ပိတ်ဆို့ဖမ်းဆီးမှု) တွေကို မလေး ရဲတွေ၊ လဝကတွေ၊ ရာလာ (ပြည်သူ့စစ်) တွေပါတဲ့ အဖွဲ့တွေက အထူးစီမံချက်နဲ့ မနေ့ညကရော၊ ဒီတမနက်လုံး မြန်မာမှန်သမျှ အထောက်အထား ရှိရှိ၊ မရှိရှိ အကုန် ဖမ်းတယ်။ အဲဒီနေရာက အမည်းရောင်လို့ ပြောနေကြတဲ့ ဆာလာရမ်းဘက်မှာ အဓိက လုပ်တာပါ” ဟု မလေးရှားနိုင်ငံရောက် မြန်မာတဦးဖြစ်သူ ဦးဝင်းအောင်က ဧရာဝတီကို ပြောသည်။
ယမန်နေ့ညနှင့် ယနေ့ ဖမ်းဆီးမှုများကြောင့် အနည်းဆုံး မြန်မာ ၁၀၀ ခန့် အဖမ်းခံရကြောင်း၊ ထိုကဲ့သို့ ရှောင်တခင် ဖမ်းဆီးမှုမျိုး ယခင်က ရှိခဲ့သော်လည်း ယခု ဖမ်းဆီးမှုမှာ အပြင်းထန်ဆုံး လူဖမ်းပွဲဖြစ်သည်ဟု ကွာလာလမ်ပူရှိ မျက်မြင် မြန်မာတဦးက ပြောသည်။
အမည်မဖော်လိုသူ မြန်မာတဦးကလည်း “လုပ်တာကလည်း လူအုပ်လိုက်၊ လုပ်တာလည်း တပုံစံတည်း၊ လုပ်သွားတဲ့ လူတွေကို ဖမ်းရမယ့်အစား သူတို့က မြန်မာမြင်တိုင်း အကုန် ဖမ်းတော့တာပဲ” ဟု ဆိုသည်။
မလေးရှားတွင် လာရောက်နေထိုင် အလုပ်လုပ်နေကြသော ရခိုင်နှင့် မြန်မာများ ယခင်က တိုက်ခိုက်မှု အကြိမ်ကြိမ် ခံခဲ့ရသော်လည်း မလေးရှား သတင်းမီဒီယာ တော်တော်များများက မဖော်ပြခဲ့ကြကြောင်းလည်း သူက ဆက်ပြောသည်။
“မနှစ်က ရခိုင်ကိစ္စဖြစ်ပြီး နောက်ပိုင်း ဒီက ရခိုင်တွေ၊ မြန်မာတွေ ဆက်တိုက် တိုက်ခိုက် ခံလာခဲ့ရတာ၊ မြန်မာ သံရုံးကလည်း လုံး၀ အားမကိုးရဘူး” ဟု သူက ဆိုသည်။
ဒုတိယ ရဲမင်းကြီး Amar Singh Ishar Singh ကို ကိုးကား၍ Reuters သတင်းဌာနက ဖော်ပြရာ၌ မြန်မာနိုင်ငံမှ ဗုဒ္ဓဘာသာဝင်နှင့် မွတ်စလင်များ ဖြစ်ပွားမှု ဂယက်က ကွာလာလမ်ပူကို ရိုက်ခတ်ခြင်း ဖြစ်နိုင်ကြောင်း၊ တင်းမာမှုများကို ထိန်းချုပ်ရန် မြန်မာ ၆၀ ခန့်ကို ဖမ်းဆီးထားကြောင်း ရေးသားထားသည်။
မလေးရှားနိုင်ငံတွင် တရားဝင် လာရောက် အလုပ်လုပ်ကိုင်သူ မြန်မာ ၃ သိန်းခန့်ရှိပြီး တရားမဝင် အလုပ်လုပ်နေသူ မြန်မာ ၁ သိန်းခန့်ရှိကြောင်း၊ ထို့အပြင် နိုင်ငံရေးခိုလှုံခွင့်နှင့် ဒုက္ခသည်အဖြစ် ရရှိရန် ရောက်လာသူ ရာနှင့်ချီ၍လည်း ရှိကြောင်း သိရသည်။