လားရှိုး ပဋိပက္ခအပြီး နယ်ဒေသများတွင် လူမျိုးရေး ဘာသာရေး ကောလာဟလများ ပျံ့နှံ့လျှက်ရှိကာ ဒေသခံများ ထိတ်လန့် စိုးရိမ်နေကြရကြောင်း သတင်းရရှိသည်။
အတည်ပြု၍ မရနိုင်သော သတင်းများကြောင့် နယ်ဒေသမြို့ကြီးများတွင် ဈေးဆိုင်များ ပိတ်ထားခြင်း၊ လုံခြုံစိတ်ချရမည်ဟု ထင်ရသော မြို့ကြီးများသို့ ကြိုတင် တိမ်းရှောင်ခြင်းများ ပြုလုပ်နေကြကြောင်း သိရသည်။
“ဗန်းမော်မှာ အဓိကရုဏ်းဖြစ်တယ်ဆိုပြီး မန္တလေးက ကျနော့်သူငယ်ချင်းက စိတ်ပူလို့ ဖုန်းဆက်လာတယ်။ တကယ်က ဘာမှ မဖြစ်ဘူး။ ကျနော်တို့ ဆီမှာလည်း မြစ်ကြီးနားမှာ ဖြစ်နေသလိုလို၊ ဖားကန့်မှာ ဖြစ်နေသလိုလိုတွေ ကြားနေရတာပဲ ရှိတယ်။ တကယ်ဟုတ်လား မဟုတ်လားလည်း ကျနော်တို့ မသိဘူး။ အားလုံးကတော့ အထိတ်ထိတ် အလန့်လန့် ဖြစ်နေကြတယ်” ဟု ဗန်းမော်မြို့ ဒေသခံ တဦးက ဧရာဝတီကို ပြောသည်။
ရှမ်းပြည်နယ် မြောက်ပိုင်း ကျောက်မဲ၊ သီပေါ၊ နမ္မတူ စသည့် မြို့နယ်များတွင်လည်း ငွေကြေး တတ်နိုင်သူ ဒေသခံ မွတ်စလင်များတို့ ထွက်ပြေး တိမ်းရှောင်နေကြကြောင်း သတင်းရရှိသည်။
“လားရှိုးမှာ ဖြစ်နေတုန်းက ဒီမှာ ဆိုင်ကယ်ခိုးတဲ့သူတွေကို ဝိုင်းဖမ်းကြတော့ နဲနဲ ရုတ်ရုတ်သည်းသည်း ဖြစ်သွားတယ်။ အဲဒါကို သီပေါမှာ ဖြစ်နေပြီလိုလို၊ တခြားမြို့တွေမှာ သတင်းထွက်တယ်။ လားရှိုးမှာ ဖြစ်ပြီ ဆိုကတည်းက ဒီက မွတ်စလင်တချို့ မန္တလေးကို ပြေးကြတယ်။ ငွေမတတ်နိုင် သူတွေကတော့ ဖြစ်ကာမှ ဖြစ်ရောပဲ၊ ဘာမှ မတတ်နိုင်ဘူး” ဟု သီပေါမြို့နယ် ဒေသခံ ကိုမျိုးက ဆိုသည်။
မြန်မာနိုင်ငံ အထက်ပိုင်းနယ်မြို့များနေ မွတ်စလင်များက မန္တလေးမြို့သို့ ပုန်းရှောင် ထွက်ပြေးကြသော်လည်း မန္တလေး မြို့တွင်ပါ ကောလာဟလများ ပျံ့နှံ့လျှက်ရှိပြီး အဓိကရုဏ်း ဖြစ်စေရန် လှုံ့ဆော်မှုတချို့လည်း ယခုရက်ပိုင်းအတွင်း ဖြစ်ပေါ်နေကြောင်း သိရသည်။
“မန္တလေးမှာက စုစုစည်းစည်း ရှိကြတယ်။ ဘာသာပေါင်းစုံ ကလည်း စည်းလုံးညီညွတ်တဲ့ အနေအထားရှိတယ်။ ပဋိပက္ခတွေကို ကြိုတင် ကာကွယ်တဲ့ အဖွဲ့တွေလည်း ရှိနေတော့ အားကိုးကြတယ် ထင်ပါတယ်။ ဒါပေမယ့် ဒီမှာလည်း ဆိုင်ကယ်နဲ့ လျှောက်အော် နေကြတာမျိုးတွေ ကြုံနေရတယ်” ဟု မန္တလေး ဘာသာပေါင်းစုံ ဂရုဏာရှင်များအဖွဲ့ ဥက္ကဋ္ဌ ဦးဇော်ဝင်းအောင်က ဧရာဝတီကိုပြောသည်။
ယနေ့နံနက် ၁၁ နာရီခန့်က မန္တလေးမြို့ ၃၅ လမ်း၊ ၇၆ လမ်းရှိ အမှတ် ၃ အထက ကျောင်းကို မီးရှို့နေသည်၊ မီးရှို့မည် ဟူ၍ ဆိုင်ကယ်နှင့် လူတစုက မဟုတ်မမှန် အော်ဟစ်သွားကြကြောင်း၊ ယင်းကျောင်းရှိ ကျောင်းသား၊ ကျောင်းသူများကို မိဘများက သွားရောက် ခေါ်ယူနေသည်ကို တွေ့မြင်ခဲ့ရကြောင်း မန္တလေး အခြေစိုက် ဧရာဝတီသတင်းထောက် မန်းသားလေးက ဆက်သွယ် ပြောကြားခဲ့သည်။
ယင်း အမှတ် ၃ အထက ကျောင်းအနီးတွင် ဆိုင်ကယ်နှင့် လူတစုက မီးရှို့မည်ဟု အော်ဟစ်ကာ မောင်းပြေး သွားသည့်အတွက် တာဝန်ရှိသူများ လိုက်လံ ဖမ်းဆီးနေပြီး ယင်းကျောင်းတွင် မွတ်စလင် ကျောင်သား အများဆုံး နေထိုင်ကြကြောင်း၊ လက်ရှိ အချိန်တွင် အခြေအနေကို ထိန်းသိမ်းထားနိုင်ပြီ ဖြစ်ကြောင်း သိရသည်။
မေ ၂၈ က လားရှိုးမြို့ရှိ ဈေးသည် အမျိုးသမီးတဦးကို အမျိုးသား တဦးက ဓာတ်ဆီဖြင့်ပက် မီးရှို့ရာမှ စတင်ဖြစ်ပွားခဲ့သော အဓိကရုဏ်း၏ နောက်ဆက်တွဲအဖြစ် နယ်ဒေသအများစုတွင် ဘာသာရေး၊ လူမျိုးရေး လှုံ့ဆော်မှုများ၊ ကောလာဟလများ ပျံ့နှံ့နေခြင်း ဖြစ်သည်။
စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်း၊ ရှမ်းပြည်နယ် တောင်ပိုင်း၊ ကယားပြည်နယ် တို့တွင်လည်း ကောလာဟလ များကြောင့် ဒေသခံများ ထိတ်လန့်နေရကြောင်း၊ ရန်ကုန်မြို့တွင်းတွင်လည်း ဗုဒ္ဓဘာသာ နေအိမ်နှင့် ဘာသာခြား နေအိမ်များ ခွဲခြား မှတ်သားမှု ကဲ့သို့သော ဖြစ်ရပ်များ ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။
မြန်မာနိုင်ငံသို့ အလည်အပတ် ရောက်ရှိနေသော အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဟောင်း မယ်ဒလင်း အောဘရိုက်က နိုင်ငံရေးပါတီများ၊ လူမှုရေး အဖွဲ့များ၏ ခေါင်းဆောင်များ အနေဖြင့် ဘာသာရေး၊ လူမျိုးရေးများနှင့် ပတ်သက်ပြီး လှုံ့ဆော်ခြင်းများ မပြုသင့်ကြောင်းနှင့် လှုံ့ဆော်သူများကို ကြိုးစား တားဆီးသင့်ကြောင်း ပြောဆိုခဲ့သည်။