Military

မြန်မာကို စစ်ရေးလေ့ကျင့်ပေးရေး ဗြိတိသျှ စစ်ဦးစီးချုပ် ဆွေးနွေး

This article has been converted from Zawgyi One to Unicode

Want create site? Find Free WordPress Themes and plugins.

အင်္ဂါ နေ့က ပြီးဆုံးခဲ့သော ဗြိတိန် ကာကွယ်ရေးဦးစီးချုပ်၏ ခရီးစဉ်အတွင်းတွင် မြန်မာ့တပ်မတော်နှင့် ဗြိတိန်တပ်မတော် ပူးပေါင်းဆောင်ရွက်မည့် လေ့ကျင့်ရေးအစီအစဉ်များနှင့် ပတ်သက်၍ ညှိနှိုင်း ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိသည်။ ထိုခရီးစဉ်သည် ပြုပြင်ပြောင်းလဲရေးများ စတင်ခဲ့ပြီးနောက်ပိုင်း မြန်မာနိုင်ငံသို့ ပထမဆုံးအဖြစ် အနောက်နိုင်ငံတခု၏ စစ်တပ်အကြီးအကဲ ရောက်ရှိလာခြင်းလည်း ဖြစ်သည်။

ဗြိတိန်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး Sir David Richards ကလည်း ထိုသတင်းကို အတည်ပြုပေးခဲ့သည့်အပြင် ယခုနှစ်ကုန်ပိုင်းတွင် အမြဲတမ်းစစ်သံမှူးတယောက် ခန့်အပ်တာဝန်ပေးသွားမည်ဟုလည်း မြန်မာနိုင်ငံဆိုင်ရာ ဗြိတိန်သံရုံး က ပြောကြားခဲ့သည်။

ယခင်စစ်အစိုးရလက်ထက်တွင် ဗြိတိန်နှင့် အနောက်နိုင်ငံများက မြန်မာနိုင်ငံကို ပိတ်ဆို့ကန့်သတ်မှုများပြုလုပ်ထားခဲ့ပြီး စစ်တပ်ချင်း ဆက်သွယ်ရေးကိုလည်း ရှောင်ရှားခဲ့သည်။ ၂၀၁၁ ခုနှစ်တွင် သမ္မတဦးသိန်းစိန် အစိုးရ တက်လာပြီးနောက် တွင်မှ ပိတ်ဆို့မှုအများစုကို ပယ်ဖျက်ပေးခဲ့သည်။

နိုင်ငံရေး ဝေဖန်သုံးသပ်သူများကမူ မြန်မာတပ်မတော်သည် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များနှင့် ရင်ဆိုင်တိုက်ခိုက် ရာတွင် လူ့အခွင့်အရေးချိုးဖောက်မှုများ ကျူးလွန်နေဆဲဖြစ်သည်ဟု ဆိုကြသည်။ အထူးသဖြင့် မြန်မာနိုင်ငံ မြောက်ပိုင်း ကချင်ပြည်နယ် တွင်ဖြစ်သည်။ မြန်မာအစိုးရကမူ ကချင်ပြည်နယ်တွင်ပြုလုပ်နေသော ငြိမ်းချမ်းရေးဆွေးနွေးပွဲများတွင် တိုးတက်မှုများ ရရှိနေသည်ဟု ယခင်အပတ်က ပြောကြားခဲ့သည်။

မြန်မာနိုင်ငံဆိုင်ရာ ဗြိတိန်သံရုံးက ကြေညာချက်တစောင်ထုတ်ပြန်ရာတွင် ဗြိတိန်နိုင်ငံမှ အုပ်ချုပ်ရေး၊ ရဲတပ်ဖွဲ့ နှင့် လုံခြုံရေးကဏ္ဍ ပြုပြင်ပြောင်းလဲရေးဆိုင်ရာ ကျွမ်းကျင်သူများ ပါဝင်သည့် စစ်ဖက်နှင့် အရပ်ဖက်ပူးပေါင်းအဖွဲ့တဖွဲ့ နှစ်ပတ်ကြာခရီးစဉ်တခုအတွက် အင်္ဂါနေ့ကရောက်ရှိလာခဲ့သည်ဟု ဖေါ်ပြခဲ့သည်။ ထိုအဖွဲ့သည် မြန်မာလူ့အဖွဲ့အစည်း၏ အစိတ်အပိုင်းအသီးသီးမှ ကိုယ်စားလှယ်များနှင့် တွေ့ဆုံဆွေးနွေးကာ ပြုပြင်ပြောင်းလဲရေးကိစ္စရပ်များတွင် ဗြိတိန်နိုင်ငံမှ မည်ကဲ့သို့ ကူညီနိုင်မည်ဆိုသည်ကို လေ့လာသုံးသပ်ကြမည်ဟုလည်း သိရသည်။

ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး Sir David Richards သည် သမ္မတ ဦးသိန်းစိန်၊ အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် တို့နှင့် တွေ့ဆုံခဲ့သည်သာမက မြန်မာစစ်တပ်၏ အကြီးအကဲ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၊ နိုင်ငံရေးသမားများ၊ တိုင်းရင်းသားလူမျိုးစုကိုယ်စားလှယ်များ နှင့်လည်းတွေ့ဆုံဆွေးနွေးခဲ့သည်ဟု ဗြိတိန်သံရုံးက ဆိုသည်။

ဗိုလ်ချုပ်ကြီး Sir David Richards က မြန်မာနိုင်ငံ၏ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးကာလတွင် စစ်တပ်၏ ကူညီ ထောက်ပံ့မှု ပေးနိုင်မှု နှင့် လုံခြုံရေးကဏ္ဍပြုပြင်ပြောင်းလဲရေး၏ အရေးပါမူတို့ကို ဆွေးနွေးပြောကြားခဲ့သည်ဟု သံရုံး အစီရင်ခံစာတွင် ဖော်ပြထားသည်။ ထို့ပြင် ငြိမ်းချမ်းရေးနှင့် အမျိုးသားပြန်လည်သင့်မြတ်ရေး လုပ်ဆောင်ချက်များနှင့် ပတ်သက်၍လည်း ပြီးခဲ့သော ၂ နှစ်တာ ကာလအတွင်း၌ မြန်မာနိုင်ငံတလွှားတွင် အပစ်အခတ်ရပ်စဲရေး အကောင် အထည်ဖော်မှုများ တိုးတက်လာခြင်းကို ကြိုဆိုပါကြောင်းလည်း ၎င်းက ပြောကြားခဲ့သည်။

ဗြိတိန်နိုင်ငံသည် အမေရိကန် နိုင်ငံကဲ့သို့ပင် မြန်မာနိုင်ငံကို ယခင်စစ်အစိုးရက ပြောင်းလဲသတ်မှတ်ခဲ့သည့်အတိုင်း Myanmar ဟု မသုံးစွဲဘဲ မူလအတိုင်း Burma ဟု တရားဝင် ဆက်လက်ခေါ်ဆိုသုံးစွဲနေခဲ့သည့် နိုင်ငံ ဖြစ်သည်။ ထို Burma ဆိုသည့် အခေါ်အဝေါ်ကို မြန်မာနိုင်ငံ မှ ဒီမိုကရေစီအရေး လှုပ်ရှားသူ အချို့ကလည်း သဘောကျနေကြဆဲ ဖြစ်သည်။

မြန်မာနိုင်ငံဆိုင်ရာ ဗြိတိန်သံအမတ်ကြီး Andrew Heyn က ဗိုလ်ချုပ်ကြီး Sir David Richards ၏ ခရီးစဉ်သည် အလွန်အောင်မြင်သည်ဟု ဆိုသည်။

ဗိုလ်ချုပ်ကြီး Sir David Richards ၏ ခရီးစဉ်သည် ငြိမ်းချမ်းရေးဖော်ဆောင်မှုများကို အထောက်အပံ့ဖြစ်စေခဲ့ပြီး အသွင်ကူးပြောင်းရေးတွင် စစ်တပ်၏ နေရာနှင့် လိုအပ်ချက်များ သိမြင်လာရန် ကူညီနိုင်ခဲ့သည့် အပြင် မြန်မာစစ်တပ် ကလည်း ၎င်း၏ အကြံပေးချက်များကို စိတ်ဝင်စားမှု ပြသခဲ့သည်ဟု ဗြိတိန်နိုင်ငံက ယူဆကြောင်း ဗြိတိန်သံအမတ်ကြီး Andrew Heyn ကပြောသည်။

ထို့ပြင် အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကလည်း သတိနှင့်ယှဉ်သော စစ်တပ်ချင်း ဆက်သွယ်မှုကို အားတက်သရော ထောက်ခံခဲ့သည်ဟု သူကဆိုသည်။

ဘီဘီစီ သတင်းဌာန သီးသန့် တွေ့ဆုံမေးမြန်းခန်းတွင်လည်း Sir David Richards က “မြန်မာပြည်ကို ရောက်တဲ့အခါမှာ တိုးတက်မှု တချို့ ကို တွေ့မြင်ရတယ်၊ ဒီတိုးတက်မှုတွေကို ဆက်ထိန်းသိမ်းဖို့ မိမိတို့မှာရရှိထားတဲ့ အတွေ့အကြုံတွေကို အသုံးချပြီး လူအများ အကျိုးအတွက် ပူးပေါင်းဆောင်ရွက်ဖို့ ဖြစ်တယ်”ဟု ဖြေဆိုသွားသည်။

ဗြိတိန် ကာကွယ်ရေး ဦးစီးချုပ်၏ ခရီးစဉ်အပြီး ပြုပြင်ပြောင်းလဲရေးဆိုင်ရာ ကျွမ်းကျင်သူ သုံးဦး ဆက်လက်နေခဲ့မည်ဖြစ်ပြီး စစ်တပ် ပြုပြင်ပြောင်းလဲရေး၊ လုံခြုံရေးဆိုင်ရာ ပြုပြင်ပြောင်းလဲရေးနှင့် ပြည်ထဲရေး ဝန်ကြီးလက်အောက်ခံ ရဲတပ်ဖွဲ့ကို တာဝန်ထမ်းဆောင်မှုတွင် ပိုမိုကောင်းမွန်လာစေရေး အုပ်ချုပ်ရေးစနစ်ဆိုင်ရာ ကျွမ်းကျင်သူ သုံးဦးပါ အဖွဲ့ကို ချန်ထားခဲ့မည်ဟု ဘီဘီစီ တွေဆုံမေးမြန်းခန်းအရ သိရှိရသည်။

နှစ်ပေါင်း ၆၀ ကျော် ဗြိတိသျှ ကိုလိုနီ အဖြစ် နေထိုင်ခဲ့ဖူးသော မြန်မာပြည်၏ စစ်တပ်၊ ရဲနှင့် အုပ်ချုပ်ရေး စနစ် ပြုပြင်ပြောင်းလဲရေး ဗြိတိသျှ၏ ကူညီမှုသည် ထူးခြားချက်တရပ်ဖြစ်သည်။

မြန်မာ့ တပ်မတော်သည် ဒုတိယကမ္ဘာစစ်အတွင်း ဂျပန်အကူအညီဖြင့် ဖွဲ့စည်းခဲ့သော်လည်း စစ်ကြီးအပြီး ပြန်ဖွဲ့စည်းရာတွင် ဗြိတိသျှတို့၏ ထောက်ခံကူညီမှုကို ရယူခဲ့ရသည်။

ဗြိတိသျှ- မြန်မာ ကာကွယ်ရေး သဘောတူညီချက် (လကျ်ာ-ဖရီးမင်း စာချုပ်) အရ ဗြိတိသျှ တပ်များ မြန်မာပြည်က ပြန်လည်ထွက်ခွာရာ စစ်ရေယာဉ်နှင့် စစ်လက်နက်ပစ္စည်းများ လွှဲပြောင်းပေးခဲ့ပြီး ဗြိတိန်တွင် စစ်ပညာသင်ခွင့်ကိုလည်း ပေးခဲ့သည်။ စစ်လက်နက်များလည်း ဈေး သက်သက်သာသာဖြင့် ဝယ်ယူနိုင်စေရန်လည်း သဘောတူခဲ့သည်။

သို့သော် လွတ်လပ်ရေးရပြီး ပြည်တွင်းစစ်ကာလအတွင်း စစ်လက်နက်ပစ္စည်း ဝယ်ယူမရဟု သမိုင်းမှတ်တမ်းများက ဆိုသည်။

၁၉၅၀ ပြည့်နှစ်ကျော် ဗြိတိသျှ စစ်တက္ကသိုလ်နဲ့ စစ်သင်တန်းများကို မြန်မာ့ တပ်မတော် စစ်အရာရှိများဖြစ်သော မြန်မာ့ ဆိုရှယ်လစ် လမ်းစဉ်ပါတီ တွဲဖက်အထွေထွေ အတွင်းရေးမှူးဟောင်း ဦးသောင်းကြည်၊ ဝန်ကြီးချုပ်ဟောင်း သူရ ဦးထွန်းတင်၊ ဗိုလ်မှူးကြီး သောင်းထိုက်၊ ဗိုလ်မှူးကြီး ဝီလီ မောင်မောင်၊ ရေတပ် ဦးစီးချုပ်ဟောင်း ဦးချစ်လှိုင်တို့ တက်ရောက်ခဲ့ကြဖူးသည်။

နောက်ပိုင်း အမေရိကန် စစ်ဘက်နှင့် ပိုမိုဆက်သွယ်လာသောကြောင့် ဗြိတိသျှနှင့် စစ်ရေး ဆက်ဆံရေး မရှိသလောက်နီးပါး ဖြစ်ခဲ့သည်။

သံအမတ်ကြီးဟောင်း သခင်ချန်ထွန်းက အုပ်ချုပ်ရေးပိုင်းကို တိုးတက်အောင် လုပ်ဆောင်ပေးမည်ဆိုခြင်းသည် ကောင်းသော ကူညီမှုဖြစ်ပြီး တကယ်ကူညီရန် ဖြစ်လာဖို့ လိုသလို မြန်မာ့တပ်မတော်ကလည်း အခွင့်အရေးကို လက်မလွှတ်သင့်ဟု ဧရာဝတီသို့ ပြောဆိုသည်။

ခရီးစဉ်အတွင်းတွင် ရန်ကုန်မြို့အပြင်ဖက် ထောက်ကြံ့ ရှိ ဓနသဟာယ စစ်သင်္ချိုင်းသို့လည်း ဗိုလ်ချုပ်ကြီး Sir David Richards သွား ရောက် အလေးပြုခဲ့သည်။ အဆိုပါစစ်သင်းချိုင်းတွင် ဒုတိယကမ္ဘာစစ်အတွင်းက မြန်မာ စစ်မြေပြင်တွင် ဂျပန်နှင့် တိုက်ခိုက်ရင်း ကျဆုံးခဲ့သည့် သောင်းနှင့်ချီသော မဟာမိတ်တပ်သားများကို မြှုပ်နှံထားသည်။ ဗိုလ်ချုပ်ကြီး Sir David Richards ၏ ဖခင်သည်လည်း အဆိုပါတိုက်ပွဲကြီးတွင် ပါဝင်တိုက်ခိုက်ခဲ့သည်ဟု ဗြိတိန်သံရုံးက ပြောသည်။

(The Associated Press ၏ UK military chief discusses Myanmar training link ကို နိုင်မင်းသွင် ဘာသာပြန်ဆိုချက်နှင့် ဧရာဝတီ အကြီးတန်း သတင်းထောက် ရန်ပိုင်၏ သတင်းပေးပို့ချက်တို့ကို ပူးပေါင်းတင်ပြသည်)

)

Did you find apk for android? You can find new Free Android Games and apps.
Loading