မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး (ABSDF) မြောက်ပိုင်း ဒေသတွင် ယင်းအဖွဲ့ဝင်များကို သူလျှိုဟု စွပ်စွဲကာ ညှဉ်းပန်း သတ်ဖြတ်ခဲ့မှုကိစ္စနှင့် ပတ်သက်ပြီး အမှန်တရားနှင့် တရားမျှတမှု ပြန်လည် ဖော်ထုတ်ရန် ကော်မရှင်အဖွဲ့က အသက်မသေဘဲ ကျန်ရစ်သူ ABSDF မြောက်ပိုင်းပြန် ကာယကံရှင်များနှင့် မန္တလေးတွင် ပထဆုံးအကြိမ် တွေ့ဆုံခဲ့သည်။
ABSDF ဗဟိုမှ ကိုကျော်ကျော်လင်း၊ ကိုမြင့်ဦး၊ ကိုသန့်စင်မြင့်နှင့် ကိုညွန့်ဝင်း စသည့် အဖွဲ့ဝင် ၄ ဦးပါသော အမှန်တရားနှင့် တရားမျှတမှု ပြန်လည် ဖော်ထုတ်ရန် ကော်မရှင်အဖွဲ့က ဇွန်လ ၃ ရက်နေ့တွင် မန္တလေးမြို့သို့ လာရောက်ခဲ့ပြီး စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ကာ မြောက်ပိုင်းပြန်များနှင့် တွေ့ဆုံခဲ့ခြင်း ဖြစ်သည်။
အဆိုပါ အဖွဲ့သည် ၂ ပတ်ကြာ နေထိုင်သွားမည် ဖြစ်ပြီး ညှဉ်းပန်း သတ်ဖြတ်ခံရမှုများ ဖြစ်ရပ်အတွင်း ပါဝင်ပတ်သက်သော မန္တလေး ABSDF အဖွဲ့ဝင်ဟောင်းများ၊ ကျန်ရစ်သူများနှင့် နန်းရှေ့ Café Brolloy တွင် တွေ့ဆုံဆွေးနွေးပွဲ ကျင်းပ ပြုလုပ်ကာ ဇွန် ၄ ရက်နေ့ တွင် ၃၃ လမ်း၊ ၈၄ လမ်းနှင့် ၈၅ လမ်းရှိ အိမ်တအိမ်တွင်လည်း အနယ်နယ်အရပ်ရပ်မှ ကျန်ရစ်သူများကို တဦးချင်းတွေ့ဆုံကာ မေးမြန်းမှုများ ပြုလုပ်ခဲ့သေးသည်။
လွန်ခဲ့သည့် နှစ်ပေါင်း ၂၀ ကျော်က ABSDF မြောက်ပိုင်း ဒေသတွင် သူလျှိုဟု စွပ်စွဲကာ ညှဉ်းပန်းသတ်ဖြတ်ခဲ့မှုများ ဖြစ်ပေါ်ခဲ့ပြီး နယ်စုံမှ ကျောင်းသားပေါင်း ၁၀၆ ဦး အဖမ်းဆီးခံ၊ အစစ်ဆေးခံခဲ့ရ၍ ၃၅ ဦး သေဆုံးခဲ့ကြောင်း၊ သေဆုံးသူများထဲတွင် မန္တလေးမှ ကျောင်းသား ၁၀ ဦးကျော် ပါဝင်ခဲ့ကြောင်း အညှဉ်းပန်းခံခဲ့ရပြီး အသက်မသေဘဲ လွတ်မြောက်လာသူ မန္တလေးမှ ကိုညီညီကျော်က ပြောသည်။
“ကျနော်တို့တတွေဟာ ဒီမိုကရေစီအရေးတွက် လက်နက်ကိုင်ပြီး တိုက်ပွဲဝင်ခဲ့ဖူးတယ်။ အဲဒီမှာ ထူးခြားတဲ့ ဖြစ်စဉ်တွေ ဖြစ်ပျက်ခဲ့တယ်။ အဲဒီအဖြစ်ပျက်တွေကို ဖုံးကွယ်ထားတာထက် စာရင် သမိုင်းမှာ သင်ခန်းစာတခုအနေနဲ့ အမှန်တရားတခု ကျန်ရစ် စေချင်တယ်။ သမိုင်းကို ဖျောက်ဖျက်တာထက်စာရင် အကျိုးဖြစ်အောင် အသုံးချစေချင်တယ်။ အဲဒါကြောင့် သမိုင်းမှာ မှတ်တမ်းကျန်ခဲ့ဖို့အတွက် ဒီကော်မရှင်အဖွဲ့နဲ့ ပူးပေါင်းပြီး ဆောင်ရွက်သွားဖို့ လုပ်ဆောင်တာပါ” ဟု ကိုညီညီကျော်က အမှန်တရားနှင့် တရားမျှတမှု ပြန်လည်ဖော်ထုတ်ရေး ကော်မရှင်နှင့် ပူးပေါင်းဖြစ်ခဲ့သည့် အကြောင်းကို ရှင်းပြသည်။
ABSDF မြောက်ပိုင်းတွင် ဖြစ်ပျက်ခဲ့သည့် ကိစ္စများနှင့် ပတ်သက်ပြီး စုံစမ်းစစ်ဆေးရေး ကော်မရှင်ကို ၂၀၁၂ ခုနှစ် ဇန်နဝါရီလမှ စတင် ဖွဲ့စည်းခဲ့ပြီး ယင်းကော်မရှင်မှ အစီရင်ခံစာကို ၂၀၁၃ ခုနှစ် မေလတွင် ထုတ်ပြန် သွားရမည် ဖြစ်သော်လည်း ထုတ်ပြန်နိုင်ခြင်း မရှိသေးကြောင်း၊ ကော်မရှင် စတင်ဖွဲ့စည်းခဲ့ပြီး ၁ နှစ်အကြာမှသာ စုံစမ်းမှုများ ကွင်းဆင်း လေ့လာနိုင်ခြင်း ဖြစ်ပြီး ယခုအကြိမ်သည် ညှဉ်းပန်းနှိပ်စက်ခံရသူများထံ ကွင်းဆင်းလေ့လာမှု ပြုလုပ်ခြင်းသည် ပထမဆုံးအကြိမ် ဖြစ်ကြောင်း သိရသည်။
“ကော်မရှင်ရဲ့ အဓိက ရည်ရွယ်ချက်က မြောက်ပိုင်းမှာ ဖြစ်ပျက်ခဲ့တာတွေကို ကြုံတွေ့ခဲ့တဲ့ အချက်လက်တွေ စုပြီး အစီရင်ခံစာ ထုတ်ပြန်သွားမယ်။ မတရားညှဉ်းပန်း နှိပ်စက်ခံရတာတွေနဲ့ ပတ်သက်ပြီး ဖြစ်စဉ်တွေ အသေးစိတ် ရေးသားသွားမှာပါ” ဟု သတင်းထုတ်ပြန်ရေး တာဝန်ယူထားသည့် ကိုရဲလင်းက ဧရာဝတီသို့ ပြောသည်။
တနှစ်ကျော် ကာလတွင် ABSDF မြောက်ပိုင်းတွင် ဖြစ်ပျက်ခဲ့သော ကိစ္စများနှင့် ပတ်သက်၍ အမှန်တရား ဖော်ထုတ်နိုင်ရန် ပုံစံ မျိုးစုံဖြင် ကြိုးစားခဲ့ကြောင်း၊ အဖွဲ့ဝင် တချို့မှာ ပြည်ပတွင် ရှိနေကြပြီး အညှဉ်းပန်းခံခဲ့ရ၍ လွတ်မြောက်လာခဲ့သူ အများစုမှာ ပြည်တွင်း၌ ရှိနေသောကြောင့် ဆက်သွယ်ရေး အခက်အခဲ ရှိခဲ့ကြောင်း မန္တလေးတွင် ရောက်နေသည့် အမှန်တရားနှင့် တရားမျှတရေး ပြန်လည်ဖော်ထုတ်ရန် ကော်မရှင် အဖွဲ့ဝင် ကိုကျော်ကျော်လင်းက ဆိုသည်။
“ဒီကိစ္စက လူချင်း တွေ့ပြီးမှ ပြောလို့ ရမယ့် ကိစ္စတွေကိုး။ ပထမဆုံး လူချင်း စတွေ့ရတာက ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာကနေ ဇန်နဝါရီ အတွင်း ABSDF ကိုယ်စားလှယ် ၉ ယောက် အဖွဲ့ ၁၈ ရက် လေ့လာရေး ခရီးစဉ် လာတုန်းက၊ အဲဒီ ခရီးစဉ်မှာ မြောက်ပိုင်းက ထိခိုက် နစ်နာခဲ့တဲ့ ရဲဘော်တွေနဲ့ တရက် အစည်းအဝေး စလုပ်ဖြစ်တယ်။ အဲဒီတော့မှ စထိတွေ့ရတာ။ အဲဒီချိန်မှာ အစိုးရနဲ့ တရားဝင် အပတ်အခတ် ရပ်စဲတာတွေ လည်း မလုပ်ရသေးဘူး။ ဒီတော့ စီစဉ်ရတဲ့ အပိုင်းမှာ အခက်အခဲ ရှိတယ်။ အဲဒီတော့ ထပ်ရွှေ့ရင်း ရွှေ့ရင်းနဲ့ အခုမှ လာဖြစ်တာ” ပါဟု သူက ပြောသည်။
စုံစမ်း စစ်ဆေးရေး ကော်မရှင်က ဇွန်လ ၃ ရက်နေ့တွင် နစ်နာသူအဖွဲ့များနှင့် တွေ့ဆုံ မိတ်ဆက်ပြီး ဇွန်လ ၄ ရက်နေ့တွင် တဦးချင်းတွေ့ဆုံကာ ဖြစ်ပျက်မှုများကို မေးမြန်း မှတ်တမ်းတင်ခဲ့သည်ဟု သိရသည်။
“သူတို့ကတော့ အမှန်တရားဖော်ထုတ်ဖို့ လာတယ်ပြောတာပဲ။ ကျနော်တို့ အနေနဲ့က လက်ခံပြီး သူတို့ကို ကျနော်တို့ ခံစား လိုက်ရတာတွေ ပြောခွင့်ရခဲ့တယ်။ ရှေ့ဆက်တဲ့ အပိုင်းကတော့ သူတို့ရဲ့ ရိုးသားမှုနဲ့ ယုံကြည်မှု ဘယ်လောက် ရှိမယ်ဆိုတာကို စောင့်ကြည့်သွားရမှာပါ။ ဒီစုံစမ်းစစ်ဆေးမှု ကော်မရှင်အဖွဲ့က ထုတ်ပြန်လိုက်တဲ့ အကြောင်းရာတွေဟာ နောင်တချိန်မှာ ဒီကိစ္စနဲ့ ပတ်သက်လို့ သမိုင်းမှာ ဘယ်သူ တာဝန်ရှိလဲဆိုတာ အဖြေထုတ်နိုင်မယ်။ အဲဒီ အခါကြရင် ကျနော်တို့ ဥပဒေအရ လုပ်ဆောင်နေမှု အပေါ်မှာ အထောက်ပံ့တွေ ရနိုင်မှာ ဖြစ်ပါတယ်” ဟု ABSDF အဖွဲ့ဝင်ဟောင်း ဆမားညီညီက ပြောသည်။
မျက်မြင် သက်သေမရှိခဲ့သည့်အတွက် အညှဉ်းပန်း အသတ်ဖြတ် ခံခဲ့ရသည့် အဖြစ်အပျက်များကို တရားဥပဒေအရ လုပ်ဆောင်ခွင့် မရခဲ့ကြောင်း၊ စိတ်မကောင်းစွာနှင့်ပင် အမှုများကို ပိတ်ထားခဲ့ရကြောင်း၊ ကော်မရှင်၏ ဆုံးဖြတ်ချက်များ ထွက်လာပြီးနောက်တွင် ဆိုင်းငံ့ထားခဲ့ရသည့် အမှုများကို အခွင့်သာသည့်အခါ ပြန်လည် လုပ်ဆောင်သွားမည် ဖြစ်ကြောင်း ဟု ၎င်းက ဆိုသည်။
အမှန်တရားနှင့် တရားမျှတမှု ပြန်လည် ဖော်ထုတ်ရန် ကော်မရှင်အဖွဲ့နှင့် မြောက်ပိုင်းပြန် များသည် ၄ ရက်ကြာ တွေ့ဆုံ ဆွေးနွေးမှုများ ပြုလုပ်မည် ဖြစ်ပြီး လက်ရှိ အနေအထားတွင် မြောက်ပိုင်းပြန်များနှင့် တဦးချင်း သော်လည်ကောင်း၊ အဖွဲ့နှင့် သော်လည်ကောင်း တွေ့ဆုံမှုများ ပြုလုပ်လျှက် ရှိသည်။
“သူတို့နဲ့ တွေ့ဆုံဆွေးနွေးရတာ ဘာရလဒ်မှတော့ ရှိမှာ မဟုတ်သေးပါဘူး။ သူတို့ရဲ့ လုပ်ဆောင်ချက်တွေကိုပဲ ကြည့်ရမှာပါ။ တခုကောင်းတာက ကျမတို့ ကြုံတွေ့ခဲ့ရတဲ့ အဖြစ်အပျက်တွေကို သူတို့တွေနဲ့ အနီးစပ်ဆုံး ပြန်ပြီးတွေ့ဆုံ ပြောဆိုခဲ့ရတယ်။ သူတို့က အမှန်တရား ဖော်ဖို့လို့ ပြောတာပါပဲ” ဟု မြောက်ပိုင်း ABSDF တွင် သေဆုံးခဲ့သူ ကိုချိုကြီး၏ ညီမ မသင်းက ပြောသည်။
အဆိုပါ ကော်မရှင်အဖွဲ့နှင့် မြောက်ပိုင်းပြန် မန္တလေးအဖွဲ့တို့သည် အမှန်တရား ပေါ်ပေါက်ရန်အတွက် ပူးပေါင်း လုပ်ဆောင်သွားမည် ဖြစ်ကြောင်း၊ ယခု အဖွဲ့သည်လည်း မမှန်ကန်သော နည်းလမ်းများနှင့် လုပ်ဆောင်သွားမည် ဆိုပါက ကိုယ့်သမိုင်းကိုယ် ရေးသွားမည် ဖြစ်ကြောင်း၊ နောင်လာနောက်သားများ အနေဖြင့် ယခုကိစ္စကို အကြောင်းပြုကာ သမိုင်းတွင် သင်ခန်းစာ ယူစေလိုကြောင်း၊ ထိုအချိန်က ကျောင်းသားများသည် စာဖတ်အား မကောင်းခဲ့သည့်တွက် မလိုလားအပ်သော အသက်ဆုံးရှုံး နစ်နာမှုများနှင့် ကြုံတွေ့ခဲ့ခြင်း ဖြစ်ကြောင်း မြောက်ပိုင်းပြန် မန္တလေးအဖွဲ့က ပြောဆိုကြသည်။
ABSDF ကျောင်းသားတပ်မတော်သည် ၁၉၈၈ ခုနှစ် ဒီမိုကရေစီရေး လူထုအုံကြွမှုကို စစ်တပ်က သွေးထွက်သံယို နှိမ်နင်းပြီးနောက်ပိုင်း တောခိုသွားခဲ့သည့် ကျောင်းသား လူငယ်များနှင့် ဖွဲ့စည်းထား ခြင်းဖြစ်ပြီး ယခုအခါ လက်ရှိအစိုးရနှင့် ငြိမ်းချမ်းရေး ဆွေးနွေးနေသည့် လက်နက်ကိုင် အဖွဲ့အစည်း တခုဖြစ်သည်။
လွန်ခဲ့သော ၁၉၉၂ ခုနှစ် ဖေဖော်ဝါရီလက ကျောင်းသားတပ်ဦးအတွင်း သူလျှိုစစ်ဆေး ဖော်ထုတ်ခြင်းများကြောင့် ကျောင်းသား ကျောင်းသူ စုစုပေါင်း ၃၅ ဦး သေဆုံးခဲ့ရသည်။ သေဆုံးသူများထဲတွင် မန္တလေးမှ ၁၀ ဦးကျော်ပါဝင်ပြီး မြောက်ပိုင်းဒေသ ဖြစ်ရပ်များနှင့် ပတ်သက်ပြီး သေဆုံးခဲ့သူ ကျောင်းသားခေါင်းဆောင် ကိုထွန်းအောင်ကျော်၏ မိသားစုဝင်များက မေ ၁၇ ရက်နေ့တွင် အဆိုပါဖြစ်ရပ်အတွက် မန္တလေးတိုင်း ဒေသကြီး အမှတ် ၈ ရဲစခန်းတွင် အမှုဖွင့် ထားခဲ့သည်။