မလေးရှားတွင် မြန်မာများ တိုက်ခိုက် သတ်ဖြတ်ခံရပြီးနောက်ပိုင်း မလေးရှားရဲများက မြန်မာနိုင်ငံသား ၉၀၀ ကျော်ကို ဖမ်းဆီးထားကြောင်း သိရသည်။
မေလ ၃၀ ရက်နေ့မှစ၍ ဖြစ်ပွားခဲ့သော အမည်မသိ အုပ်စုဖွဲ့ တိုက်ခိုက်မှုများကြောင့် မြန်မာ ၂ ဦး သေဆုံးပြီး ဒဏ်ရာရထားသူ ၂ ဦးမှာလည်း စိုးရိမ်ရသည့် အခြေအနေရှိကြောင်း၊ မလေးရှားတွင် မြန်မာများအပေါ် တိုက်ခိုက်မှုများသည် မြန်မာနိုင်ငံတွင် ဖြစ်ပွားနေသော လူမျိုးရေး အဓိကရုဏ်းများကြောင့်ဟု ယုံကြည်ရကြောင်း မလေးရှား ဒု ရဲမင်းကြီး Amar Singh Ishar Singh ကို ကိုးကား၍ AFP သတင်းတွင် ဖော်ပြထားသည်။
မလေးရှားတွင် အလုပ်လုပ်နေသော မြန်မာနိုင်ငံသားများ တိုက်ခိုက်သတ်ဖြတ် ခံရမှုအတွက် စုံစမ်းဖော်ထုတ်ပေးရန် မြန်မာ နိုင်ငံခြားရေး ဝန်ကြီးဌာနမှ ဒု ဝန်ကြီး ဦးဇင်ယော်က မြန်မာနိုင်ငံဆိုင်ရာ မလေးရှားသံ အမတ်ကြီး မစ္စတာ အာမတ်ဖိုင် ဆဲလ်ဘင် မိုဟာမက်ကို ဇွန်လ ၄ ရက်နေ့က သတိထောက်လွှာ ပေးပို့ခဲ့သည်။ ယင်းညမှ စတင်ကာ တရားဝင် အလုပ်လုပ်နေသည့် မြန်မာနိုင်ငံသားများရော၊ တရားဝမင် အလုပ်လုပ်သည့် မြန်မာ နိုင်ငံသားများကိုပါ ယခုကဲ့သို့ အလုံးအရင်းနှင့် ဖမ်းဆီမှုများ ဖြစ်ပေါ်လာခြင်းဖြစ်သည်။
မလေးရှား ရဲအရာရှိများနှင့် ယမန်နေ့က တွေ့ဆုံဆွေးနွေးခဲ့သူ နိုင်ငံရေး အကျဉ်းသားဟောင်း တဦးကမူ မြန်မာနိုင်ငံသား အနည်းဆုံး ၄ ဦး သေဆုံးကြောင်း၊ ဖမ်းဆီးခံရသူ မြန်မာနိုင်ငံသား ၁ ထောင်ကျော် ရှိနိုင်ကြောင်း ဧရာဝတီကို ပြောသည်။
“မလေးရှား ရဲတွေက တရားခံကို ဖမ်းတာက ပုံစံ မမှန်ဘူး ဖြစ်နေတယ်။ သူတို့အပြောအရ စခန်းတွေဘာတွေ သွင်းပြီး မြန်မာပြည် ပြန်ပို့မယ့်ပုံစံ။ ဒီမှာက တရားဝင်ရော၊ တရားမဝင်ရော ရှိနေကြတာ” ဟု သူက ဆိုသည်။
ဖမ်းဆီးရာတွင် အနည်းဆုံး လူ ၅၀ ဦးဆန့် လော်ရီကားများကို အသုံးပြုပြီး မျက်မြင် ဖမ်းဆီသွားမှုသည်ပင် အနည်းဆုံး ကား ၄ စီး ရှိကြောင်း၊ လူသွားလူလာများသော ဘူတာ၊ ကားဂိတ် စသည့် နေရာများအပြင် ယမန်နေ့ကလည်း နေအိမ်များအထိ လိုက်လံ ဖမ်းဆီးမှုများ လုပ်ခဲ့ပြီး ယခုအချိန် အထိလည်း ဖမ်းဆီးနေဆဲ ဖြစ်ကြောင်း၊ ဖမ်းဆီးမှုများအား ဓာတ်ပုံရိုက်ခြင်းကိုလည်း မလေးရှား ရဲများက တားမြစ်ခဲ့ကြောင်း သူက ပြောသည်။
မလေးရှားတွင် ဖွင့်လှစ်ထားသည့် မြန်မာဆိုင်များကိုလည်း တရားဝင်၊ မဝင် စစ်ဆေးမည်ဖြစ်ကြောင်း၊ တရားမဝင်ပါက ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သိရသည်။
မလေးရှားရဲအရာရှိများနှင့် ဆွေးနွေးခဲ့သူက ဆက်လက်၍ “ရဲချုပ်က ကတိပေးတယ်လေ။ တနေရာရာမှာ မသင်္ကာတဲ့ အပြုအမူမျိုး၊ ဓားတွေ၊ လက်နက်တွေနဲ့ ဟာမျိုးပေါ့။ အဲဒါမျိုး တွေ့တာနဲ့ ချက်ချင်း ဖုန်းဆက်အကြောင်းကြားပါတဲ့။ မိနစ်ပိုင်းအတွင်း အမြန်ဆုံး အရေးယူသွားမှာ ဖြစ်တယ်လို့ ကတိတော့ပေးတယ်။ တကယ်ဖြစ်လာမလား၊ မဖြစ်လာဘူးလား ဆိုတာတော့ စောင့်ကြည့်ရမှာပဲ” ဟု သူက ဆိုသည်။
မလေးရှားရှိ မြန်မာတိုင်းသည် ယခုအချိန်တွင် ရှောင်ပုန်းနေကြရကြောင်း၊ လုံခြုံမှုမရှိ ခံစားနေရကြောင်း၊ မြန်မာသံရုံး ဘက်ကလည်း မြန်မာများ၏ စိုးရိမ်နေရမှုအတွက် ထိရောက်သည့် အကူအညီ မပေးသေးကြောင်း၊ အများစုမှာ သတ်မှတ်ဗီဇာ ကျော်လွန် နေထိုင်သူများဖြစ်ကြောင်း၊ ဖမ်းဆီးခံခဲ့ရသူများထဲမှ အထောက်အထား အပြည့်အစုံ တင်ပြနိုင်သူများကို ပြန်လွှတ်ပေးခဲ့ကြောင်း မလေးရှားရောက် နောက်ထပ် မြန်မာတဦးကလည်း ဧရာဝတီကို ပြောသည်။
“လက်မှတ်ရှိတာတောင် အဖမ်းခံသွားရပြီး ခေါင်းပေါ် လက်တင်ထားရတာ တနေကုန်နီးပါး။ ဒီတခေါက် ကျနော့် အတွေ့အကြုံအရ မြန်မာတွေကို အဆိုးဆုံး ဖမ်းဆီးတဲ့ ပွဲပဲ” ဟု သူက ဆိုသည်။
ကွာလာလမ်ပူမြို့ အပါအဝင် အနီးဝန်းကျင်တွင် မြန်မာနိုင်ငံမှ လာရောက် အလုပ်လုပ်ကိုင်နေသူ ထောင်ချီရှိပြီး မွတ်စလင် အများစုဖြစ်ကြောင်း၊ ရခိုင်၊ ဗမာနှင့် ချင်းလူမျိုးများလည်း ရှိကြောင်း သိရသည်။
သမ္မတ ရုံးမှ တာဝန်ရှိသူများနှင့် ပြန်ကြားရေး ဝန်ကြီးဌာနမှ တာဝန်ရှိသူများက မြန်မာနိုင်ငံဆိုင်ရာ မလေးရှားသံအမတ်ကြီးကို သတိထောက်လွှာ ပေးပို့ကြောင်း သတင်းထုတ်ပြန်ပြီးနောက်ပြီး မလေးရှားတွင် မြန်မာများ အဖမ်းခံရမှု ဖြစ်စဉ်နှင့် ပတ်သက်၍ ယနေ့ ညနေပိုင်းအထိ ဆက်လက် ထုတ်ဖော် ပြောဆိုခြင်း မရှိသည်ကို တွေ့ရသည်။
မြန်မာနိုင်ငံသားများ ဖမ်းဆီးခံရမှုနှင့် ပတ်သက်၍ ဖုန်းဖြင့် မေးမြန်းရန် မလေးရှားနိုင်ငံရှိ မြန်မာသံရုံးသို့ ဧရာဝတီက အကြိမ်ကြိမ် ကြိုးစားသော်လည်း ဆက်သွယ်၍ မရပေ။
မလေးရှားနိုင်ငံတွင် တရားဝင် လာရောက် အလုပ်လုပ်ကိုင်သူ မြန်မာ ၃ သိန်းခန့်ရှိပြီး တရားမဝင် အလုပ်လုပ်နေသူ မြန်မာ ၁ သိန်းခန့်ရှိကြောင်း၊ ထို့အပြင် နိုင်ငံရေးခိုလှုံခွင့်နှင့် ဒုက္ခသည်အဖြစ် ရရှိရန် ရောက်လာသူ ရာနှင့်ချီ၍လည်း ရှိကြောင်း သိရသည်။