တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များကို မတရားအသင်းအဖြစ်မှ ပယ်ဖျက်ပေးပြီး မတရားအသင်း အဖွဲ့ ဆက်သွယ်မှု (ပုဒ်မ ၁၇/ ၁) ဖြင့် ဖမ်းဆီးခံထားရ သူများကို ပြန်လွှတ်ပေးရန် တိုင်းရင်းသား ပါတီနှင့် နိုင်ငံရေးသမားများ တောင်းဆိုသွားမည် ဖြစ်ကြောင်း သိရသည်။
မတရားအသင်းနှင့် ဆက်သွယ်မှု ပုဒ်မ ၁၇/ ၁ ကို လွှတ်တော်သို့ တင်ပြသွားရမည် ဖြစ်ကြောင်း၊ လွှတ်တော်မှ ပယ်ဖျက် ပေးရမည်ဖြစ်ကြောင်း၊ တိုင်းရင်းသား အများစုသည် ၁၇/ ၁ ဖြင့် ဖမ်းဆီးခံနေရသဖြင့် အမြန်ဆုံး ပြန်လွှတ်ရန်လည်း တောင်းဆိုသွားမည် ဖြစ်ကြောင်း ရှမ်းအမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (SNLD) အတွင်းရေးမှူး ဦးစိုင်းညွန့်လွင်က ဧရာဝတီသို့ ပြောသည်။
“ဇူလိုင်လမှာ သမ္မတနဲ့ တပြည်လုံး စစ်ရပ်ဆိုင်းရေး စာချုပ် လက်မှတ်ရေးထိုးမယ်။ ပြီးတော့ သမ္မတက မတရားအသင်း ကြေညာထားတဲ့ အဖွဲ့တွေကို ပယ်ဖျက်ပေးသွား ရမယ်။ ဒါဆိုရင် နိုင်ငံရေး ဆွေးနွေးပွဲ ပွင့်လင်းလာမယ်” ဟု သူက ဆိုသည်။
၁၇/ ၁ နှင့် ဖမ်းဆီးခံထားရသူများ စာရင်းကို ရှမ်းပြည်နယ်ရှိ တိုင်းရင်းသားများထံ လိုက်လံ ကောက်ခံ နေရကြောင်း၊ ယခုအချိန်အထိ မည်မျှရှိသည်ကို မသိရှိရသေးကြောင်း၊ ဖမ်းဆီးခံရသူများ၏ မိသားစုဝင်များကိုလည်း လာရောက် အကြောင်းကြား ကြရန် ပြောဆိုထားကြောင်း၊ မကြာမီ ၁၇/ ၁ ပုဒ်မဖြင့် အဖမ်းဆီး ခံထားရသူများ အပါအဝင် နိုင်ငံရေး အကျဉ်းသားများ အားလုံးပြန်လွှတ်ရန် တောင်းဆိုသွားမည်ဖြစ်ကြောင်း ဦးစိုင်းညွန့်လွင်က ဆက်ပြောသည်။
“၁၇/ ၁ နဲ့ ဖမ်းဆီးခံရသူ အမျိုးမျိုးရှိတယ်။ ရွာသားတွေဆိုရင် ဘာမှမဟုတ်ဘဲ သစ်ခုတ်တာ၊ တောင်ပေါ်သွားတာကို လက်နက်နဲ့ တွေ့တဲ့အချိန်မှာ ၁၇/ ၁ နဲ့ ဖမ်းသွားတယ်။ နောက်ပြီး လက်နက်ကိုင် အဖွဲ့က ရွာဘုန်းကြီးကျောင်း၊ ပြည်သူတွေကို လာတွေ့ရင်တောင် ပြည်သူတွေကို ၁၇/၁ ပုဒ်မနဲ့ဖမ်းတယ်။ ဒါဟာ ဘာမှမဆိုင်ဘူး။ အဲဒီ ပုဒ်မကြောင့် နိုင်ငံရေး ကိစ္စ ဆွေးနွေးဖို့ အရမ်းခက်ခဲတယ်၊ နှောင့်နှေးနေတယ်။ အဲဒါကြောင့် ပယ်ဖျက်ပေးဖို့ တောင်းဆိုထားပါတယ်” ဟု ရခိုင်အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးအေးသာအောင်က ဧရာဝတီသို့ ပြောသည်။
အမျိုးသား ပြန်လည်သင့်မြတ်ရေး ဆိုသည့်နေရာတွင် အဓိက အားဖြင့် တိုင်းရင်းသား အချင်းချင်း သွေးချင်းညီညွတ်ရန် အခြေခံ တည်ဆောက်ဖို့လိုကြောင်း၊ တိုင်းရင်းသား သွေးစည်း ညီညွတ်ရေး တည်ဆောက်မည်ဆိုပါက နိုင်ငံရေးပါတီများ၊ အဖွဲ့အစည်းများ၊ နယ်စပ်ဒေသနှင့် တခြားနိုင်ငံတွင် ရှိနေသည့် လက်နက်ကိုင် အဖွဲ့အစည်းများ အားလုံးနှင့် တိုင်းရင်းသား အရေး၊ ပြည်ထောင်စုအရေး၊ ပြည်တွင်းငြိမ်းချမ်းရေး အပါအဝင် တိုင်းရင်းသား သဘောထားကို ထုတ်ဖော်ရန်ပြောရန် အဖွဲ့အစည်းများ တရားဝင် တွေ့ဆုံပြီး ညှိနှိုင်းကာ ၁၇/ ၁ ကို အမြန်ဆုံး ပယ်ဖျက်ပေးရန် တောင်းဆိုသွားမည် ဖြစ်ကြောင်း ရခိုင်ဒီမိုကရေစီ အဖွဲ့ချုပ် (ALD) ဥက္ကဋ္ဌ ဦးအေးသာအောင်က ဆိုသည်။
“တိုင်းရင်းသားတိုင်းမှာ ဒီပုဒ်မနဲ့ စွဲခံခဲ့ရသူတွေ ရှိတော့ လွှတ်ဖို့ ဆွေးနွေးခဲ့ပါတယ်။ ဒီကိစ္စက အကောင်အထည် ပေါ်လာမယ် ထင်ပါတယ်။ ဘယ်လောက် မြန်မြန်ဖြစ်မလဲ ဆိုတာကတော့ လုပ်ဆောင်မယ့် အစိုးရအပေါ် မူတည်ပါတယ်” ဟု ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ဒွဲဘူက ဧရာဝတီသို့ ပြောသည်။
ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး ကော်မတီက ကချင်ပြည်နယ်ရှိ ဂျာမိုင်ကောင်း နှစ်ခြင်း ဒုက္ခသည်စခန်းသို့ အရောက်တွင် မတရားသင်းနှင့် ဆက်သွယ်မှုဖြင့် ဖမ်းဆီးခုံရုံးတင် ခံရသော ကချင်စစ်ပြေး ဒုက္ခသည်တဦး ဖြစ်သည့် ဦးဘရန်ရှောင်ကို ပြန်လွှတ်ပေးရေး အတွက် စခန်းတာဝန်ခံက တင်ပြရာ သမ္မတရုံး ဝန်ကြီး ဦးအောင်မင်းက ဦးဘရန်ရှောင်ကို နောက်ဆုံး အမိန့်ချပြီး တပတ်အတွင်း ပြန်လွှတ်ပေးမည်ဟု ကချင်လူထုရှေ့တွင် အာမခံ ပြောကြားခဲ့ကြောင်း သိရသည်။
တိုင်းရင်းသား လက်နက်ကိုင်များအား မတရားအသင်းအဖြစ် ကြေညာထားသည်ကို ပယ်ဖျက်ပြီးမှ ပုဒ်မ ၁၇/ ၁ ဖြင့် ဖမ်းဆီးထား သူများကို အမိန့်ချပြီး တပတ်အတွင်း ပြန်လည်လွှတ်ပေးမည်ဟု ဦးအောင်မင်းက ပြောထားကြောင်း၊ လက်ရှိ အခြေအနေအထိ မတရားအသင်းကိုပင် မပယ်ဖျက်ရသေးကြောင်း ဒေါ်ဒွဲဘူက ဧရာဝတီသို့ ပြောသည်။
“ဦးဘရန်ရှောင်ကို အမိန့်ချပြီး တပတ်အတွင်း ပြန်လွှတ်ပေးမယ်လို့လည်း ပြောတယ်။ အမိန့်ချတယ် ဆိုတာက တရားရုံးက ဘယ်လိုချမယ် ဆိုတာ ပြောလို့မရသေးဘူး။ ဒါက ဦးအောင်မင်း ပြောထားတဲ့ ကိစ္စပဲ၊ အဲဒါကျတော့ ကျမတို့ အာမခံလို့မရဘူး။အမိန့်ချတယ် ဆိုတာ ထောင်ကျချင်လည်း ကျမယ်၊ လွှတ်ရင်လည်း လွှတ်မယ်။ ဒါပေမယ့် ဦးဘရန်ရှောင်ကို ထောင်ချမယ် ဆိုရင်တော့ သူတို့က မတရားအသင်း ပယ်ဖျက်ပြီးရင် ပြန်လွှတ်ပေးမယ်လို့ ပြောထားတယ်၊ ၁၇/ ၁ ကလည်း သမ္မတကြီး ပယ်ဖျက်ပေးမှ ရမှာ” ဟု ဒေါ်ဒွဲဘူက ဆိုသည်။
၁၇/ ၁ ဖျက်သိမ်းရေးကို လွှတ်တော်တွင် တင်ပြထားပြီး လွှတ်တော် ပြင်ပမှလည်း တိုက်တွန်းနေကြောင်း၊ လက်ကျန် နိုင်/ ကျဉ်း ကော်မတီမှ တင်ပြထားကာ နိုင်ငံတကာ အသိုင်းအဝန်းမှ တဆင့် တိုက်တွန်း လှုံ့ဆော်မှုများ လုပ်နေကြကြောင်း သိရသည်။
ရှမ်းပြည် ပြန်ထူထောင်ရေး ကော်မတီ RCSS/ SSA မှ ဗိုလ်မှူးကြီး စိုင်းဦးက “၁၇/ ၁ နဲ့ ပတ်သတ်ပြီး ကျနော်တို့ ဘက်မှာ စစ်သားတွေလည်း တော်တော်များများ ဖမ်းဆီးထားပါတယ်။ ဒါကို အခု ဇွန်လ ဆန်းမှာ သမ္မတနဲ့ ရွက်ဆစ် တွေ့ဆုံချိန်မှာ ပြောသွားမယ်။ လွှတ်ပေးဖို့ တောင်းဆိုမယ်။ အခုလောလောဆယ်တော့ ဘယ်လောက်အထိ ရှိလဲဆိုတာ ကျနော်တို့ မသိသေးဘူး” ဟု ဧရာဝတီသို့ ပြောသည်။
ပုဒ်မ ၁၇/ ၁ မဖျက်သိမ်း နိုင်သေးသည့် အကြောင်းနှင့် ပတ်သတ်၍ လက်ရှိအစိုးရ၏ စေတနာနှင့် အသင်းအဖဲ့ွများ အပေါ် ထားသည့် သဘောထားနှင့် တိုက်ရိုက် သက်ဆိုင်ကြောင်း၊ ငြိမ်းချမ်းရေး တည်ဆောက်နေသည့် ကာလတွင် အတိုက်အခံ အဖွဲ့အစည်းများ၊ လက်နက်ကိုင် အဖွဲ့အစည်းများကို မတရားအသင်းအဖြစ် မသတ်မှတ်သင့်ကြောင်း ထိုင်းနိုင်ငံ အခြေစိုက် နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း (AAPP) ၏ အထွေထွေ အတွင်းရေးမှူး ဦးတိတ်နိုင်က ဧရာဝတီသို့ ပြောသည်။
“ကျန်ရှိနေတဲ့ ၁၇/ ၁ နဲ့ ဖမ်းဆီးခံရတဲ့ တိုင်းရင်းသားတွေကို လွှတ်ပေးဖို့ လက်ကျန် နိုင်ငံရေး အကျဉ်းသားစိစစ်ရေး ကော်မတီက တင်ပြထားဆဲပါ။ တချို့ကို ထောင်ထဲမှာ သွားပြီး စိစစ်ရမှာ ရှိသလို၊ သူတို့ရဲ့ မိသားစု အဖွဲ့အစည်းတွေနဲ့ မေးမြန်းပြီး အတည်ပြုရမယ့် ကိစ္စရှိနေပါတယ်” ဟု ဦးတိတ်နိုင်က ဆိုသည်။
ထိုင်းနိုင်ငံ အခြေစိုက် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း (AAPP) ၏ နောက်ဆုံး ပြုစုထားသည့် နိုင်ငံရေး အကျဉ်းသား အရေအတွက်မှာ ၁၄၁ ဦး ရှိပြီး ပုဒ်မ ၁၇/၁ ဖြင့် ဖမ်းဆီးခံရသူ ၆၀ ကျော်ခန့်ရှိကြောင်း၊ ၂၀၁၂ ခုနစ် နောက်ပိုင်း ကချင်ပြည်နယ်တွင် ၁၇/၁ ဖြင့် ဖမ်းဆီးခံရသူ ၂၃ ဦး ရှိနေကြောင်း သိရသည်။