သိမ်းထားသည့်လယ် ဧက ၅၀ ကျော်ကို မက်စ် (မြန်မာ) က ပြန်ပေးမည်
This article has been converted from Zawgyi One to Unicode
ချောင်းသာခရိုင် ရွှေသောင်ယံ ဒေသအတွင်း ပုစွန်ကန် တူးဖော်ရန်အတွက်ဟု ဆိုကာ မက်စ် (မြန်မာ) စီးပွွားရေး လုပ်ငန်းစုက သိမ်းဆည်းထားသည့် လယ်မြေ ဧက ၅၀ ကျော်ကို တောင်သူများထံ ပြန်ပေးသွားမည် ဖြစ်ကြောင်း အဆိုပါ လုပ်ငန်းစု၏ ဒါရိုက်တာ ဦးဆန်းဦးက ပြောသည်။
ဧရာဝတီတိုင်းဒေသကြီး ချောင်းသာခရိုင် ရွှေသောင်ယံ ဒေသတွင် ၂၀၀၂ ခုနှစ်က ပုစွန်ကန် တူးဖော်ရန်အတွက်ဟု ဆိုကာ သိမ်းဆည်းခဲ့သည့့် လယ်မြေဧက ၅၀ ကျော်ကို စီမံကိန်း မလုပ်ဖြစ်တော့သည့် အတွက် ပြန်ပေးရန် တိုင်းဒေသကြီး အစိုးရ အဖွဲ့နှင့် လယ်ယာမြေ သိမ်းဆည်းမှု စုံစမ်းရေးကော်မရှင်သို့ တင်ပြထားပြီး ဖြစ်ကြောင်း သိရသည်။
မက်စ် (မြန်မာ) ကုမ္ပဏီ ဥက္ကဋ္ဌ ဦးဇော်ဇော်က ဧရာဝတီတိုင်းသား တိုင်းရင်းသား လုပ်ငန်းရှင် တဦးဖြစ်သဖြင့် ဒေသခံ လယ်သမားများ၏ ဘဝကို စာနာနားလည်သော အားဖြင့်လည်းကောင်း၊ နိုင်ငံတော်၏ ကျန်းမာရေး၊ ပညာရေး၊ လူမှုရေး ကိစ္စအဝဝ တို့တွင် တက်ကြွစွာ လှူဒါန်းထောက်ပံ့မှုများ ဆောင်ရွက်နေခြင်းကြောင့် လည်းကောင်း၊ ဒေသခံ မူလ လုပ်ကိုင်လျှက်ရှိသော တောင်သူ လယ်သမားများကလည်း ၎င်းတို့၏ စားဝတ်နေရေး အခက်အခဲရှိသဖြင့် ပြန်လည်ရယူ လုပ်ကိုင် စားသောက်လိုကြောင်း တင်ပြလာသဖြင့် ရေငန်ပုစွန် မွေးမြူရန် လုပ်ပိုင်ခွင့် လန/ ၃၉ ရရှိထားသော ဧရိယာ ၅၄.၂၉ ဧကကို မူလလယ်သမား ၂၁ ဦးထံ ပြန်လည်လွှဲပြောင်းလိုသဖြင့် လိုအပ်သလို ဆောင်ရွက်ပေးနိုင်ရန် ဧရာဝတီတိုင်း ဒေသကြီး အစိုးရအဖွဲ့သို့ ဧပြီ ၂၄ ရက်နေ့ ရက်စွဲဖြင့် တင်ပြထားသော စာတစောင်ကိုလည်း ကုမ္ပဏီက ယနေ့တွင်ပင် ထုတ်ပြန် လိုက်သည်။
“ဒေသခံ တချို့ကတော့ လျော်ကြေးလိုချင်တယ်၊ တချို့ကတေ့ာ လယ်ယာမြေကို ပြန်လိုချင်ကြတယ်။ ဒါကြောင့် လယ်ယာမြေတွေကိုပဲ ပြန်ပေးတာက အကောင်းဆုံး ဖြစ်မယ်လို့ ဆုံးဖြတ်လိုက်တာပါ။ ကျနော်တို့က တိုက်ရိုက်သွားပြီး ပြန်ပေးလို့တော့ မရပါဘူး၊ အစိုးရအဖွဲ့တွေက တဆင့် ဆောင်ရွက်မှာပါ” ဟု မက်စ် (မြန်မာ) စီးပွားရေးလုပ်ငန်းစု ဒါရိုက်တာ ဦးဆန်းဦးက ပြောသည်။
အဆိုပါလယ်မြေများကို စတင် သိမ်းဆည်းခဲ့စဉ်က လယ်တဧကလျှင် လျော်ကြေးငွေ ၄၄၀၀၀ ကျပ်နှင့် မြေပေါ်တွင် စိုက်ပျိုး ထားသည့် အပင်များကိုလည်း ကာလ ပေါက်ဈေးဖြင့် မက်စ် (မြန်မာ) က ပေးခဲ့ပြီးဖြစ်ကြောင်း သိရသည်။
ထို့အပြင် ငွေဆောင်ကမ်းခြေ အနီးတွင်လည်း သိမ်းဆည်းခဲ့သည့် လယ်ယာမြေ ၁၀၆ ဧက အတွက် ဂရုဏာကြေး သိန်းပေါင်း ၇၀၀၀ ခန့်ကိုလည်း ဒေသခံ ၁၃ ဦးသို့ ယခုနှစ်ပိုင်း အတွင်းပင် ပြန်လည် ပေးအပ်ခဲ့ပြီးဖြစ်ကြောင်းလည်း သတင်းရရှိသည်။
ဧရာဝတီတိုင်းဒေသကြီး တခုလုံး၌ ပုသိမ်မြို့နယ်တွင် လယ်မြေ သိမ်းဆည်းခံရမှု အများဆုံး ဖြစ်ပြီး လက်ရှိအချိန်အထိ ကော်မရှင်သို့ ဧရာဝတီတိုင်း ဒေသကြီးရှိ မြို့နယ်များမှ တိုင်ကြားထားသည့် လယ်ယာမြေ သိမ်းဆည်းခံရသည့် အမှုပေါင်း ၁၆၆ မှု ရှိနေပြီး ယင်းအနက် ပုသိမ်မြို့နယ်က ၆၂ မှု ဖြင့် အများဆုံး ဖြစ်ကြောင်း၊ ပုသိမ်မြို့နယ် ချောင်းသာနှင့် ရွှေသောင်ယံ မြို့နယ်ခွဲမှ လယ်ယာမြေ သိမ်းဆည်းခံရမှုများကို စစ်ဆေးနေဆဲ ဖြစ်ကြောင်း ပြည်ထောင်စုလွှတ်တော် လယ်ယာမြေ သိမ်းဆည်းခံရမှု စုံစမ်းစစ်ဆေးရေး ကော်မရှင်အဖွဲ့က ပြောသည်။
ဧရာဝတီတိုင်း ဒေသကြီးသည် မြန်မာနိုင်ငံတွင် လယ်သိမ်းခံရမှု အများဆုံး တိုင်းဒေသကြီး တခုဖြစ်ပြီး သိမ်းဆည်းခံ လယ်မြေဧက သိန်းချီ ရှိနေသည်ဟု မြေယာသိမ်းဆည်းခံရမှု စုံစမ်းစစ်ဆေးရေး ကော်မရှင်က ထုတ်ပြန်ထားသည်။
ယခု ရသတ္တပတ် အတွင်းတွင် ဧရာဝတီတိုင်းဒေသကြီး ၈ မြို့နယ်ရှိ လယ်သမားများသည် သိမ်းဆည်းခံထားရသော လယ်ယာမြေများ ပြန်ရရေးအတွက် ထွန်တုံးတိုက်ပွဲများ ဆင်နွှဲလျှက် ရှိနေကြောင်း သိရသည်။
သိမ်းဆည်းထားသည့် လယ်ယာမြေ ဧက ၅၀ ကျော်ကို ပြန်ပေးမည် ဆိုသည့် မက်စ် (မြန်မာ) ကုမ္ပဏီ၏ ဥက္ကဋ္ဌ ဦးဇော်ဇော်သည် မြန်မာနိုင်ငံ၏ ထိပ်တန်း စီးပွားရေး လုပ်ငန်းရှင်တဦးဖြစ်ပြီး မက်စ် (မြန်မာ) စီးပွားရေး လုပ်ငန်းစုကို တည်ထောင်ကာ ဟိုတယ်လုပ်ငန်း၊ တည်ဆောက်ရေးလုပ်ငန်း၊ ကျောက်တူးဖော်ရေး လုပ်ငန်း၊ ကျောက်မီးသွေး တူးဖော်ရေးလုပ်ငန်း၊ ဘိလပ်မြေစက်ရုံ ၊ ဘဏ်လုပ်ငန်း၊ စွမ်းအင်လုပ်ငန်း၊ ကုန်စည်ထုတ်လုပ်မှု လုပ်ငန်း စသည့် စီးပွားရေးလုပ်ငန်းများစွာ လုပ်ကိုင်နေသည့် တိုင်းရင်းသားလုပ်ငန်းရှင် တဦးဖြစ်သည်။
ဦးဇော်ဇော်သည် ပြီးခဲ့သည့် နှစ်ပိုင်းအတွင်းက ထိုင်း – မြန်မာ ဖက်စပ် ထားဝယ်ရေနက် ဆိပ်ကမ်းစီမံကိန်းတွင် ပါဝင်ခဲ့ပြီးမှ ပြန်လည် နှုတ်ထွက်ခဲ့ပြီး ယခုနှစ်ပိုင်းအတွင်း ကုမ္ပဏီမှ သိမ်းထားသည့် လယ်ယာမြေများကို ပြန်ပေးခြင်း၊ လျော်ကြေးများ ထပ်မံပေးခြင်း၊ ဆန်စပါး အထူးပြု ကုမ္ပဏီထောင်ကာ တောင်သူများကို ချေးငွေများ ထုတ်ပေးခြင်း၊ ဧရာဝတီဖောင်ဒေးရှင်း တည်ထောင်ကာ ပရဟိတ လုပ်ငန်းများ ဆောင်ရွက်ခြင်းများ လုပ်ဆောင်နေပြီး မြန်မာနိုင်ငံဘောလုံး အဖွဲ့ချုပ်တွင်လည်း ဥက္ကဋ္ဌ အဖြစ် တာဝန်ယူထားသူ ဖြစ်သည်။