နေပြည်တော်တွင် ယနေ့စတင်ကျင်းပသော ကမ္ဘာ့စီးပွားရေးဖိုရမ်၏ စကားဝိုင်းတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲတွင် သမ္မတရာထူးအတွက် ဝင်ရောက်ယှဉ်ပြိုင်မည်ဟု အတည်ပြုပြောကြားလိုက်သည်။
“ကျမ သမ္မတ မဖြစ်ချင်ဘူးလို့ ဟန်ဆောင်လိုက်ရင် ကျမ မရိုးသားရာ ကျမှာပေါ့။ အဲဒီအစား ကျမ ပြည်သူတွေ အပေါ် ရိုးရိုးသားသား ပြောပါတယ်” ဟု ဒေါ်အောင်ဆန်းစုကြည်က ယခင် ပြောဆိုခဲ့ခြင်းကို ထပ်မံ အတည်ပြု ပြောဆိုသည်။
သို့ရာတွင် လတ်တလော ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ဒေါ်အောင်ဆန်းစုကြည်၏ သား ၂ ဦးမှာ နိုင်ငံခြားသားများဖြစ်နေသောကြောင့် အကယ်၍ ၂၀၁၅ ခုနှစ်တွင် ကျင်းပရန်ရှိနေသော ရွေးကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် မဲအများစုဖြင့် အနိုင်ရပြီး လွှတ်တော်မှ နာမည်စာရင်း တင်သွင်းလျှင်သော် သမ္မတရာထူး ယှဉ်ပြိုင်နိုင်မည်မဟုတ်ချေ။
လတ်တလော ဒေါ်အောင်ဆန်းစုကြည်အပါအဝင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လွှတ်တော်ကိုယ်စားလှယ်များအနေဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး လုံးပမ်းနေကြသည်။ သို့သော် ဥပဒေပြင်ဆင်ရေးမှာ လွှတ်တော်တွင်း ထောက်ခံမှု ၇၅ ရာခိုင်နှုန်း လိုအပ်သည့်အပြင် ပြည်လုံးကျွတ် လူထုဆန္ဒခံယူရမည်ဖြစ်ပြီး ထောက်ခံမှု ၅၀ ရာခိုင်နှုန်း ရရှိရမည်လည်း ဖြစ်သည်။
“ဒီ ဖွဲ့စည်းပုံ အခြေခံဥပဒေဟာ ကမ္ဘာပေါ်မှာ ပြောင်းဖို့ အခက်ဆုံးလို့ ကျွမ်းကျင်သူတွေက ဆိုပါတယ်။ ဒါကြောင့် ပြင်ဆင်နိုင်ရေး နည်းလမ်းတွေကို ပြင်ဆင်ဖို့ ကျမတို့ စလုပ်ရမယ်” ဟု မြန်မာ့နိုဘဲလ်ဆုရှင်က ဆိုသည်။ ဒေါ်အောင်ဆန်းစုကြည်က သမ္မတရာထူး ရယူရုံ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြောင်းလဲလိုသည်မဟုတ် ဒီမိုကရေစီနည်းမကျသော ဥပဒေများကို ပြောင်းလဲရေး လုပ်ဆောင်မည်ဟုလည်း ဆိုသည်။
ဘီဘီစီဌာနမှ ကြီးမှူးကျင်းပပြီး သတင်းတင်ပြသူ နစ်ဂိုးယင်း ကမကထပြုလုပ်သည့် ” Myanmar: What Future?” အမည်ရှိ စကားဝိုင်းတွင် ဒေါ်အောင်ဆန်းစုကြည်နှင့် အတူ သမ္မတရုံး ဝန်ကြီး ဦးစိုးသိမ်းနှင့် နိုင်ငံရေးအကျဉ်းသားဟောင်း မဇင်မာအောင်တို့က အဓိက ပါဝင် တင်ပြ ဆွေးနွေးကြပြီး တက်ရောက်လာသော ဧည့်သည်တော်များကလည်း ပွင့်ပွင့်လင်းလင်း ပါဝင် ဆွေးနွေးကြရုံမက ကမ္ဘာတလွှားမှ အီးမေးလ်၊ ဖေ့ဘွတ်များမှ တဆင့် ဝင်ရောက်မေးမြန်းကြသဖြင့် စိတ်ဝင်တစား ဖြစ်ရသော ဆွေးနွေးဝိုင်းဖြစ်သည်။
ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များ နောက်ကြောင်းပြန်လှည့်နိုင် မနိုင် ဆွေးနွေးကြရာ တိုင်းပြည်ပွင့်လင်းလာမှုကို မျက်နှာချင်း ဆိုင်ရမည်ဖြစ်ပြီး ကြောက်ရွံ့နေစရာ မလိုဟု ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုသည်။ တပ်မတော်ကို စည်းကမ်းစနစ်တကျဖြင့် ဖွံ့ဖြိုးတိုးတက်စေလိုကြောင်း၊ ဒီမိုကရေစီစနစ်နှင့် သဟဇာတဖြစ်မည့် လက်နက်ကိုင်တပ်အဖြစ် မြင်လိုကြောင်းနှင့် “ပြည်သူတို့၏ နှလုံးသားတွင် အထူး နေရာ တနေရာ” ရစေချင်ကြောင်းလည်း ပြောသည်။
အမှန်တရားနှင့် အမျိုးသားပြန်လည်ရင်ကြားစေ့ရေးအတွက် အတိတ်တွင် ဖြစ်ပျက်ခဲ့သည်များကို အသိအမှတ်ပြုရန် လိုအပ်ကြောင်း ဆိုသော်လည်း “လက်စားချေရန်” “တရားစွဲ ခုံရုံးတင်ရန်” လုံးဝ အစီအစဉ် မရှိဟု ၁၅ နှစ်ကျော် နေအိမ်အကျယ်ချုပ် ကျခဲ့ပြီး ၂၀၀၃ ခုနှစ် ဒီပဲရင်းတွင် အသက်အန္တရာယ် ကြုံသည်အထိ ရန်ပြုခံရသော အတိုက်အခံခေါင်းဆောင်က ပြောဆိုသေးသည်။
တိုင်းပြည်စီးပွားရေးကို ခွဲဝေပြီး လက်ဝါးကြီးအုပ်ခဲ့ကြသော ခရိုနီစီးပွားရေးသမားကြီးများနှင့် ပတ်သတ်၍လည်း ဒေါ်အောင်ဆန်းစုကြည်က အရင်တခေတ်မှာ ငွေအများကြီးရခဲ့ကြသော်လည်း ဒီခေတ်မှာ လူမှု အကျိုးပြူကိစ္စတွေမှာ ပါဝင်ထည့်ဝင် လှူဒါန်းလာကြကြောင်း၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အား လှူဒါန်းမှု လက်ခံယူခြင်းကလည်း “လိပ်ပြာမသန့်စရာ မရှိ”ဟု ပြောဆိုပြီး “ကိုယ်ပိုင်ဂျက်လေယာဉ် ဝယ်စီးလိုက်တာထက် ပိုကောင်းတယ် မဟုတ်လား”ဟုလည်း ဆိုသည်။
ပြီးခဲ့သော လများအတွင်းဖြစ်ပွားခဲ့သည့် မြန်မာနိုင်ငံမှ လူမျိုးရေးပဋိပက္ခများ၊ ကန့်သတ်ခွဲခြားမှုများ အထူးသဖြင့် မြန်မာနိုင်ငံ အနောက်ဖက် ရခိုင်ပြည်နယ်တွင် နေထိုင်ကြသော နိုင်ငံမဲ့ မွတ်စလင်များ နှင့်ပတ်သက်၍ နှုတ်ဆိတ်နေခဲ့သည်ဟု စွပ်စွဲပြောဆိုခြင်းနှင့် ပတ်သက်၍လည်း ဒေါ်အောင်ဆန်းစုကြည်က “ကျမ တိတ်ဆိတ်နေတာ မဟုတ်ပါဘူး၊ ကျမ အဖြေတွေက လူတိုင်းကိုမကျေနပ်စေနိုင်တာပါ” ဟု တုန့်ပြန်ပြောဆိုသည်။
ရခိုင်ပြည်ရှိ ပဋိပက္ခတွင် နှစ်ဘက် အသိုင်းအဝိုင်းမှ မျက်နှာချင်းဆိုင် တွေ့ဆုံဆွေးနွေး အဖြေရှာ ရင်ကြားစေ့ရေး၊ တရားဥပဒေ စိုးမိုးရေးနှင့် နိုင်ငံသားဥပဒေကို နိုင်ငံတကာ စံနှုန်းများနှင့် ကိုက်ညီစေရေးတို့ကို မီးမောင်းထိုး ပြောဆိုသည်။
ရိုဟင်ဂျာခေါ် ဘင်္ဂါလီနွယ်ဖွား မွတ်စလင်များသည် လွန်ခဲ့သောဆယ်စုနှစ်များအတွင်း မြန်မာနိုင်ငံအတွင်းသို့ အမြောက်အများဝင်ရောက်လာခဲ့ပြီး ၂၀၁၂ ခုနှစ် အလယ်ပိုင်းတွင် ရခိုင်ပြည်နယ်တွင်ဖြစ်ပွားခဲ့သော ဆူပူမငြိမ်သက်မှုများကြောင့် လူတသိန်းကျော် နေအိမ်ကို စွန့်ခွာထွက်ပြေးခဲ့ကြရသည်။
ထို မွတ်စလင်တို့၏ အခွင့် အရေးကို ပိတ်ပင်ထားသည့် မြန်မာနိုင်ငံ၏ အငြင်းပွားဖွယ်ရာ ၁၉၈၂ ခုနှစ် နိုင်ငံသားဥပဒေနှင့် ပတ်သက်၍ ပြောကြားရတွင် ဒေါ်အောင်ဆန်းစုကြည်က “ကျမတို့ ၁၉၈၂ ခုနှစ် နိုင်ငံသားဥပဒေကို နိုင်ငံတကာစံချိန်စံညွှန်းတွေနဲ့ ကိုက်ညီအောင် ပြန်လည် ရေးဆွဲ ရပါမယ်” ဟု ပြောခဲ့သည်။
အဆိုပါ အခန်းအနားတွင် BBC ရုပ်သံက ကမ္ဘာ့စီးပွားရေးဖိုရမ်သို့ တက်ရောက်ရန်ငြင်းပယ်ခြင်းခံခဲ့ရသည့် ပြည်ထောင်စု အမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီမှ အဘူတဟေ နှင့် အင်တာဗျူးမှတ်တမ်းကို ပြန်ဖွင့်ပြခဲ့ရာတွင် ၎င်းက ခွဲခြားဖိနှိပ်ခြင်း ခံနေ ရသည့် သူတို့လူမျိုးများ ကိုယ်စားပြောဆိုပေးပါရန် ဒေါ်အောင်ဆန်းစုကြည်ကို တောင်းပန်သည်ကို မြင်ကြရသည်။
အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင်များကြားတွင် ရှိနေသော တင်းမာမှုများကိုပြေလျော့စေရန်အတွက် “အာဏာနှင့် သဘာဝ အရင်းအမြစ်များ ဝေခြမ်းရေး” ဖက်ဒရယ် စနစ်ကိုကျင့်သုံးရန် စဉ်းစားသုံးသပ်နေကြောင်း သမ္မတရုံးဝန်ကြီး ဦးစိုးသိန်းကလည်း ပြောသည်။
တိုင်းရင်းသားလူမျိုးစုများ၊ လက်နက်ကိုင်တပ်ဖွဲ့များနှင့် တိုင်းရင်းသားနိုင်ငံရေးပါတီများက ဖက်ဒရယ်စနစ်ကို ကာလရှည်ကြာစွာ တောင်းဆိုခဲ့ကြသည်။ ၁၉၄၇ ခုနှစ်က မြန်မာနိုင်ငံ၏ လွတ်လပ်ရေးသူရဲကောင်းဖြစ်သူ ဗိုလ်ချုပ်အောင်ဆန်း နှင့် ချုပ်ဆိုခဲ့သော ပင်လုံစာချုပ်တွင် ဖက်ဒရယ်စနစ်နှင့် ပတ်သက်သောအချက်များ ပါဝင်ခဲ့ သလို တိုင်းရင်းသားမျိုးနွယ်စုကြီးအချို့ကို အာဏာခွဲဝေပေးရန် ဗိုလ်ချုပ်အောင်ဆန်းက ကတိပြုခဲ့သည်။
သို့သော်လည်း ၁၉၆၂ ခုနှစ်တွင် စစ်တပ်က အာဏာသိမ်းယူလိုက်ချိန်တွင် တိုင်းရင်းသားတို့၏ ဆန္ဒနှင့် မျှော်လင့်ချက် များ ပျောက်ဆုံးသွားခဲ့ရသည်။ ဖက်ဒရယ်စနစ်သည် တိုင်းရင်းသားလူနည်းစုဒေသများကို အစိတ်စိတ် အမွှာမွှာဖြစ်သွားစေလိမ့် မည်ဟု စစ်တပ်က ယုံကြည်ခဲ့သည်။ တိုင်းရင်းသားဒေသများသည် မြန်မာနိုင်ငံ၏ သဘာဝအရင်းအမြစ် အကြွယ်ဝဆုံး နေရာ များလည်းဖြစ်သည်။
ယခင်အပတ်က မြန်မာနိုင်ငံမြောက်ပိုင်း ကချင်ပြည်နယ်၏ မြို့တော် မြစ်ကြီး နားတွင် ကချင်လက်နက်ကိုင်များနှင့် သဘောတူညီမှု ရရှိခဲ့သည်မှာ ယခု ဦးသိန်းစိန် အစိုးရ လက်ထက် လက်နက်ကိုင် တိုင်းရင်းသားအဖွဲ့များနှင့် စေ့စပ်ရေးတွင် နောက်ဆုံးဖြစ်သည်။ ၂၀၁၁ ခုနှစ်ဇွန်လမှစ၍ ကချင်ပြည်နယ်တွင် တိုက်ပွဲများဖြစ်ပွားခဲ့ပြီး လူ ၁၀၀၀၀၀ ကျော် အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရသည်။
သို့သော် မြန်မာနိုင်ငံတွင် ငြိမ်းချမ်းရေးကိုရေရှည် ထိန်းသိမ်းနိုင်ရန်အတွက် နားလည်မှုတည်ဆောက်ရေးဆိုင်ရာ ပြုပြင်ပြောင်းလဲမှုများ လိုအပ်နေသေးသည်ဟု ဆွေးနွေးပွဲ တက်ရောက်လာသူ သမိုင်းပညာရှင် ဒေါက်တာသန့်မြင့်ဦးက ဆိုသည်။
မြန်မာနိုင်ငံတွင် ကွဲပြားခြားနားသော လူမျိုးစု များ ပိုမိုပါဝင်နိုင်သော ယုံကြည်မှုတခုကို တည်ဆောက်ရန် လိုအပ်နေကြောင်း၊ တိုင်းရင်းသားများသာမက နိုင်ငံပြင်ပတွင် မွေးဖွားသော ရွှေ့ပြောင်းအလုပ်သမားများ၏ သားသမီးများလည်း ရှိနေရာ မြန်မာဟူသည် မည်သူတို့ကို ဆိုလိုသည်ကို ပြန်လည်ဖွင့်ဆိုရန်လိုကြောင်း သူက ထောက်ပြသည်။
လူမျိုးစုပဋိပက္ခများ ရှိနေခြင်းကြောင့် လက်ရှိပြုလုပ်နေသည့် နိုင်ငံရေးနှင့် စီးပွားရေး အသွင်ကူးပြောင်းရေးကို အားလျော့စေလိမ့်မည်ဟု ဦးသန့်မြင့်ဦးက သတိပေးခဲ့သည်။ “ဒါက ဗမာတွေ နဲ့ တိုင်းရင်းသားလူနည်းစုတွေ ပြိုင်ဆိုင်နေကြတာမဟုတ်ပါဘူး” ဟု သူကပြောသည်။
စီးပွားရေး၊ နိုင်ငံရေး။ သမိုင်း ၊ တိုင်းရင်းသားလူမျိုးများ နှင့်ဆက်ဆံရေး စသည့် အကြောင်းအရာများနှင့် ပတ်သက်၍ ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးခဲ့ကြရာတွင် စင်မြင့်ပေါ်တွင် ဝန်ကြီးဦးစိုးသိန်း၊ ဒေါ်အောင်ဆန်းစုကြည်တို့ နှင့်အတူ နိုင်ငံရေး အကျဉ်းသားဟောင်း မဇင်မာအောင်ကလည်း မြန်မာလူငယ်များ အလုပ်လက်မဲ့ဖြစ်နေရကြောင်း ဆိုသည်။
ကမ္ဘာ့စီးပွားရေးဖိုရမ် (WEF) ၏ အာရှဒေသ အကြီးအကဲ စူရှန့်ပလာကာသီရော၏အဆို နိုင်ငံလူဦးရေ၏ ၃၇ ရာခိုင်နှုန်းသည် အလုပ်လက်မဲ့များဖြစ်နေကာ ၂၆ ရာခိုင်နှုန်းသည် ဆင်းရဲမွဲတေမှုမျဉ်းအောက်ရောက်နေဆဲဖြစ်သည်။
တက်ရောက်လာသူ ပရိသတ်က ဝင်ရောက်ဆွေးနွေးခဲ့ကြရာ လွှတ်တော်ဥက္ကဌ သူရဦးရွှေမန်းလည်း ပါဝင်ဆွေးနွေးခဲ့သည်။ အတိုက်အခံများ၏ အဓိကဆန္ဒဖြစ်သော မြန်မာစစ်တပ်က နိုင်ငံရေးတွင်ပါဝင်ပတ်သက်မှုကို အနာဂါတ်တွင်လျှော့ချသွား ရန် လက်ခံနိုင်မည်လား ဆိုသည့်မေးခွန်းကို ဦးရွှေမန်းက “အခြေခံဥပဒေပေါ်တွင် မူတည်ပါတယ်” ဟု ဖြေသွားခဲ့သည်။
၂၀၀၈ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ရန်အတွက် ဒေါ်အောင်ဆန်းစုကြည်က ညနေပိုင်း သတင်းစာ ရှင်းလင်းပွဲတွင် ထပ်မံပြောဆိုသွားသည်။ အခြေခံဥပဒေကို အချိန်မီ ပြင်ဆင်နိုင်မည်ဆိုလျှင် ၂၀၁၅ ခုနှစ်ရွေးကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က အနိုင်ရရှိပါက ဒေါ်အောင် ဆန်းစုကြည် သမ္မတ တာဝန်ရယူနိုင်မည်ဖြစ်သည်။ အခြေခံဥပဒေပြင်ဆင်ရေး ခက်ခဲသော်လည်း “မဖြစ်နိုင်သည့် အရာ မဟုတ်” ဟု ပြောဆိုသွားခဲ့သည်။
(နေပြည်တော်မှ ဆိုင်မွန်ရော့ဂ်နင်းနှင့် ရန်ကုန်မှ ရဲနည်တို့ ပူးပေါင်းရေးသား သတင်းပေးပို့သည်)