မြန်မာနိုင်ငံတွင် ဆင်းရဲမှုတိုက်ဖျက်ရေးနှင့် နိုင်ငံတိုးတက်ရေးအတွက် အလုပ်အကိုင်ဖန်တီးရေးသည် ပထမဦးစားပေးဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ကော့မှူးမြို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုလိုက်သည်။
နေပြည်တော်တွင် ယနေ့ ဇွန်လ ၆ ရက် ညနေပိုင်းတွင်ကျင်းပသော ကမ္ဘာ့စီးပွားရေးဖိုရမ် သတင်းစာရှင်းလင်းပွဲတွင် ဒေါ်အောင်ဆန်းစုကြည်က ထိုသို့ပြောဆိုလိုက်ခြင်းဖြစ်သည်။
၂၀၁၂ ခုနှစ် ထိုင်းနိုင်ငံဘန်ကောက်မြို့တွင် ကျင်းပခဲ့သော စီးပွားရေးဖိုရမ်တွင်လည်း အလုပ်အကိုင်ရရှိရေးသည် ပထမဦးစားပေးဟု ပြောဆိုသကဲ့သို့ ယခု ၂၀၁၃ ခုနှစ်တွင်လည်း အလုပ်အကိုင်ဖန်တီးရေးသည် ပထမဦးစားပေး တွင်ရှိနေဆဲဖြစ်ကြောင်း၊ မြန်မာနိုင်ငံတဝန်းတွင် အလုပ်အကိုင်ရရှိရေးအပါအဝင် ပြည်သူများ၏ လိုအပ်ချက် ၆ ချက်ရှိကြောင်း၊ အလုပ်အကိုင် လိုအပ်ချက်များကို မဖြည့်ဆည်းပေးနိုင်လျှင် အနာဂတ်လူမှုပြသနာများ ဖြစ်ထွန်းလာ မည်ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။
“ကျမ ဘယ်နေရာကိုပဲသွားသွား နိုင်ငံရဲ့ နေရာတိုင်းမှာ ပြည်သူတိုင်းက ထပ်တလဲလဲ ထပ်တူထပ်ကျပြောနေတဲ့ လိုအပ်ချက် ၆ ချက်ရှိနေပါတယ်။ ဒါက အံ့သြဖို့လည်း ကောင်းပါတယ်။ မြန်မာနိုင်ငံရဲ့ တောင်ပိုင်းကိုပဲ သွားသွား၊ မြောက်ဘက်ကိုပဲ သွားသွား၊ အနောက်ဘက်ကိုပဲ သွားသွား၊ ပြည်သူတွေကို ဘာအလိုအပ်ဆုံးလဲလို့ မေးလိုက်ရင် အလုပ်လိုချင်တယ်ဆိုတာ ပြောကြတယ်။ သူတို့က လက်ဖြန့် မတောင်းချင်ဘူး။ သူတို့က ဂုဏ်သိက္ခာရှိရှိ သူတို့ရဲ့ ဘဝကို လုပ်ကိုင်စားသောက်နေထိုင်ချင်ကြတယ်။ နံပါတ်တစ် က အလုပ်အကိုင်၊ နံပါတ်နှစ်က ရေ၊ နံပါတ်သုံးက လမ်း၊ နံပါတ်လေးက လျှပ်စစ်မီး၊ နံပါတ်ငါးက ပညာရေးနဲ့ နံပါတ်ခြောက်က ကျန်းမာရေး ဖြစ်ပါတယ်။ ဒါက နေရာတိုင်းမှာ ထပ်တလဲလဲ ကြားနေရတယ်။ အလုပ်အကိုင်ဖန်တီးရေးက ကျမတို့အတွက် ပထမဦးစားပေးဖြစ်တယ်။ ကျမရဲ့ မဲဆန္ဒနယ် ကော့မှူးမှာလည်း ၇၅ ရာခိုင်နှုန်းက အလုပ်အကိုင်မရှိကြဘူး။ လေ့လာဆန်းစစ်သူတွေရဲ့ စစ်တမ်းတွေအရ ၇၀ ရာခိုင်နှုန်းသော မြန်မာလူငယ်တွေက အလုပ်မရှိကြဘူး။ ဒါက အလုပ်အကိုင်မရှိဘူးလို့ဆိုတာထက် သူတို့က မျှော်လင့်ချက်မဲ့နေတယ်လို့ ကျမပြောချင်တယ်။ အလုပ်မရှိတဲ့ လူငယ်တွေက အနာဂတ်မှာ လူ့အဖွဲ့အစည်းအတွက် ပြဿနာတွေဖြစ်လာမယ်”ဟု ဒေါ်အောင်ဆန်းစုကြည်က ဆိုသည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်တွင် လူငယ်သွေးသစ်များ အရည်အချင်းမြှင့်တင်ရေးကိစ္စရပ်များနှင့် ပတ်သက်ပြီး ပြောဆိုရာတွင်လည်း ဒေါ်အောင်ဆန်းစုကြည်က မြန်မာလူငယ်များ၏ ပညာရေးပိုင်းတွင် အလွန်နိမ့်ကျသွားကြောင်း၊ နှစ်ပေါင်း ၅၀ ကျော်ကြာ ဆိုးရွားသော ပညာရေးစနစ် ကြောင့် မြန်မာလူငယ်များ၏ ပညာရေးနိမ့်ကျသွားခဲ့ကြောင်း၊ ပညာရေးနိမ့်ကျမှုသည် နိုင်ငံတခုလုံးနှင့်သက်ဆိုင်သော အမျိုးသားရေးပြဿနာတခုဖြစ်ကြောင်း၊ လူငယ်များ စွမ်းရည်မြှင့်တင်ရေး လုပ်ဆောင်မည်ဖြစ်ကြောင်း ပြောသည်။
ဆင်းရဲမွဲတေမှုတိုက်ဖျက်ရေးနှင့်ပတ်သက်ပြီး ပြောဆိုရာတွင် မြန်မာနိုင်ငံ၏ ၇၀ ရာခိုင်နှုန်းသော လူဦးရေမှာ ကျေးလက်ဒေသများတွင် နေထိုင်ကြကြောင်း၊ ဆင်းရဲမွဲတေမှု တိုက်ဖျက်ရေးဟု ဆိုလိုက်သည်နှင့် လယ်ယာစိုက်ပျိုးရေးနှင့် ပတ်သက်သော လယ်မြေသိမ်းဆည်းမှုပြသနာများကို မကြာခဏဆိုသလို ကြားနေရကြောင်း၊ လွှတ်တော်ကလည်း ယင်းကိစ္စကို ဖြေရှင်းနေရပြီး မြေယာဥပဒေရေးဆွဲပြီးဖြစ်ကြောင်း၊ ဥပဒေရှိနေရုံနှင့်မပြီးဘဲ ဥပဒေကို အကောင်အထည်ဖော်ရေးလည်း အရေးကြီးသည်ဟု ဒေါ်အောင်ဆန်းစုကြည်က ဆက်လက်ပြောသည်။
နိုင်ငံခြားရင်းနှီးမြုပ်နှံမှုနှင့်ပတ်သက်၍ ပြောဆိုရာတွင်လည်း နိုင်ငံခြားသားလုပ်ငန်းရှင်များသည် ရင်းနှီးမြုပ်နှံရေးထက် မြန်မာနိုင်ငံတွင် စီးပွားရေးလုပ်ဆောင်ရန် စုံစမ်းထောက်လှမ်းမှုဖြင့် လာရောက်နေကြကြောင်း၊ နိုင်ငံခြားရင်းနှီးမြုပ်နှံမှုများ အတွက် တရားဥပဒေစိုးမိုးရေး အရေးကြီးကြောင်း၊ တရားဥပဒေစိုးမိုးမှုမရှိဘဲ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုရှိမည် မဟုတ်ကြောင်း၊ အခြေခံအဆောက်အဦများဖြစ်သည့် ရေ၊ လျှပ်စစ်မီးနှင့် လမ်းပန်းဆက်သွယ်ရေးသည်လည်း နိုင်ငံခြားရင်းနှီးမြုပ်နှံမှုအတွက် အရေးကြီးသော အချက်များဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ဆိုသည်။
သတင်းစာရှင်းလင်းပွဲတွင် ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး၊ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့်တိုင်းရင်းသားအရေး၊ ဖက်ဒရယ်ပြည်ထောင်စုအရေး၊ ရခိုင်ပြည်နယ်တွင်ဖြစ်ပွားသော အကြမ်းဖက်မှုကိစ္စ၊ ၂၀၁၅ ရွေးကောက်ပွဲကိစ္စအပါအဝင် နိုင်ငံရေး၊ စီးပွားရေးနှင့် လူမှုရေးသက်ဆိုင်သော အကြောင်းအရာများကို ဒေါ်အောင်ဆန်းစုကြည်က ရှင်းလင်းပြောဆိုသွားသည်။