ရန်ကုန်မြို့ရှိ ရှေးဗိသုကာလက်ရာ သမိုင်းဝင်အဆောက်အအုံများ ပိုမိုဆွဲဆောင်မှု အားကောင်းစေရန် LEDမီးဖြင့် အလှဆင်ရာတွင်
ကမ္ဘာကျော် ဖိလစ် လျှပ်စစ်ပစ္စည်း ကုမ္ပဏီက အကူအညီပေးမည်ဖြစ်ကြောင်း သိရသည်။
မြန်မာပြည် ဈေးကွက်ကို ပြန်လည်ဝင်ရောက်လာသည့် ဖိလစ်ကုမ္ပဏီ အနေဖြင့် ရန်ကုန်မြို့လယ် မြို့တော်ခန်းမ အပါအဝင်မဟာဗန္ဓုလ ပန်းခြံတဝိုက်ရှိ ကိုလိုနီခေတ်လက်ရာ အဆောက်အအုံများကို မီးအလှဆင်ရန် ရန်ကုန်မြို့တော် အုပ်ချုပ်ရေးအဖွဲ့သို့လည်း အဆိုပြု ထားသည်ဟု ရန်ကုန်မြို့ပြ အမွေအနှစ် ထိန်းသိမ်း စောင့်ရှောက်ရေး အဖွဲ့(Yangon Heritage Trust)က ဆိုသည်။
Yangon Heritage Trust အဖွဲ့ ဒါရိုက်တာ ဒေါ်မိုးမိုးလွင်က“မီးအလှဆင်ဖို့ ဖိလစ်က အကြံပြုထားပါတယ်၊ ကျမတို့ အဖွဲ့ကလည်း အားပေးပါတယ်၊ ဒါပေမယ့် သူတို့က ကုန်ကျစရိတ် အနည်းဆုံးဘယ်လောက်လုပ်ပေးနိုင်မလဲ၊ ရန်ကုန် အုပ်ချုပ်ရေးအဖွဲ့က တတ် နိုင်မလားဆိုတဲ့ အပေါ်မှာ မူတည်ပါတယ်”ဟု ဆိုသည်။
လျှပ်စစ်မီး ပုံမှန်မရရှိသည့် မြန်မာနိုင်ငံတွင် ဖိလစ်ကုမ္ပဏီ အနေဖြင့် ရှေးဟောင်း အဆောက်အအုံများကို မည်သို့ မီးအလှဆင်မည် ဆိုသည်ကိုမူ မသိရှိရသေးပေ။
ယနေ့ထုတ် အစိုးရ သတင်းစာများတွင်လည်း ရန်ကုန်မြို့ရှိ ရှေးဟောင်း ဗိသုကာ အဆောက်အအုံများ ထိန်းသိမ်း စောင့်ရှောက် ရေး ကို ဖိလစ် ကုမ္ပဏီနှင့် Yangon Heritage Trust တို့ နေပြည်တော်တွင် ကျင်းပနေသည့် အရှေ့အာရှဆိုင်ရာ ကမ္ဘာ့ စီးပွားရေးဖိုရမ် ၏ ပြင်ပဆွေးနွေးပွဲ၌ သဘောတူညီခဲ့သည်ဟု Yangon Heritage Trust အဖွဲ့ တည်ထောင်သူ ဦးသန်းမြင့်ဦးကို ကိုးကား၍ ရေးသား ထားသည်။
ထိုသဘောတူညီချက်အရ ပထမဦးစွာ ဖိလစ်ကုမ္ပဏီက အင်္ဂလိပ်-မြန်မာ နှစ်ဘာသာရေးထိုးထားသည့် ကမ္ဗည်းစာ အပြား၂၀၀ ခန့် စိုက်ထူရန် အမေရိကန် ဒေါ်လာ ၇ သောင်း ၅ ထောင် ကူညီသွားမည်ဟုလည်း ဖော်ပြထားသည်။
ဖိလစ် ကုမ္ပဏီသည် နယ်သာလန် နိုင်ငံ အခြေစိုက် ဖြစ်ပြီး လွန်ခဲ့သော နှစ်ပေါင်း များစွာကပင် မြန်မာနိုင်ငံသို့ ရေဒီယို၊ မီးသီး၊ မီးချောင်း၊ မီးပူ၊ ပန်ကာ ၊ တီဗီ အစရှိသည့် လျှပ်စစ် ပစ္စည်းများ တင်သွင်းခဲ့ဖူးသည်။ ယခင် စစ်အစိုးရ လက်ထက်တွင် ဥရောပ သမဂ္ဂက မြန်မာနိုင်ငံကို စီးပွားရေးပိတ်ဆို့ အရေးယူမှုပြုလုပ်သည့်နောက်ပိုင်း မြန်မာဈေးကွက်မှ ထွက်ခွာခဲ့ခြင်းသည်။ မကြာ သေးခင်က ဥရောပ သမဂ္ဂ၏ ပိတ်ဆို့မှုများ ရုပ်သိမ်းလိုက်သည့် အတွက် မြန်မာပြည်သို့ ပြန်လည် ဝင်ရောက်လာခြင်း ဖြစ်သည်ဟု The Wall Street ဂျာနယ်က ဖော်ပြသည်။ ပြီးခဲ့သည့် လအတွင်း က ရန်ကုန်မြို့တွင် ဖိလစ် လျှပ်စစ် ပစ္စည်း အရောင်းဆိုင် စတင် ဖွင့်လှစ်ခဲ့သည်။
ရန်ကုန်မြို့လယ် ပန်းဆိုးတန်း၊ ကျောက်တံတား၊ ဗိုလ်တထောင်၊ လသာ စသည့် မြို့နယ်များအတွင်း၌ ဖိလစ် က ကူညီမည့် ရှေးဟောင်း အဆောက်အအုံအဖြစ် ထိန်းသိမ်းရန် သတ်မှတ်ခြင်း ခံထားရသော ကိုလိုနီခေတ်လက်ရာ အစိုးရ ပိုင်နှင့် လူနေအဆောက် အအုံ ၂၀၀ ခန့်ရှိကြောင်း သိရသည်။
ကိုလိုနီခေတ်လက်ရာ ပုဂ္ဂလိက အဆောက်အအုံ ပိုင်ရှင်များအနေဖြင့်လည်း ၎င်းတို့၏ ဆန္ဒအလျောက် သမိုင်းဝင်အဆောက် အအုံ အဖြစ် စာရင်းသွင်းရန် အကြုံပြုပူးပေါင်းပါဝင်နိုင်သည်ဟု ဒေါ်မိုးမိုးလွင် က ပြောသည်။
စစ်အစိုးရလက်ထက် အစိုးရရုံးစိုက်ရာ မြို့တော်မှ စီးပွားရေး မြို့တော်အဖြစ် သတ်မှတ်ခံခဲ့ရသည့် ရန်ကုန်မြို့တွင် ကိုလိုနီခေတ် လက်ရာ ထုထည်ကြီးများစွာ ဆောက်လုပ်ထားသည့် အဆောက်အအုံများစွာကို ဆောက်လုပ်ရေးလုပ်ငန်းရှင်များက ဖြိုဖျက်ကာ အိမ်ရာသစ်များ ဆောက်လုပ်ခဲ့ကြသည်။
ထို့ကြောင့် ပန်းဆိုးတန်းလမ်းတဝိုက်တွင် ကန်ထရိုက်တိုက်ခေါ်သည့် အိမ်ရာအသစ် များစွာပေါ်ထွက်လာခဲ့သည်။
Yangon Heritage Trust တည်ထောင်ပြီးသည့် နောက်ပိုင်းတွင် ရန်ကုန်မြို့တော် စည်ပင်သာယာရေးနှင့် ပူးပေါင်းကာ ကိုလိုနီ ခေတ် အဆောက်အအုံကို ဖြိုဖျက်၍ အသစ် ဆောက်လုပ်ခြင်းကို တင်းကျပ်စွာ တားမြစ်ထားသည်။
ရန်ကုန်မြို့လယ်ရှိ သမိုင်းဝင် အဆောက်အအုံများ ဖြစ်သည့် ဝန်ကြီးများရုံး(အတွင်းဝန်ရုံး)၊ တရားရုံးချုပ်၊ စုပေါင်းတရားရုံး၊ မီးရ ထားရုံးချုပ်၊ ဝပ်ဆင် ကုမ္ပဏီ တိုက် စသည့် အဆောက်အအုံများကို ပုဂ္ဂလိကလက်သို့ လွှဲအပ်၍ ပြင်ဆင်မှုများ ပြုလုပ်နေသည်။
ယခုဆိုလျှင် ရန်ကုန်မြို့လယ် ဧရိယာတဝိုက်တွင် နှစ် ၅၀ အထက် အဆောက်အဦးများကို မှတ်တမ်းစာရင်းပြုစုနေရာ အဆောက် အအုံပေါင်း ၁၀၀၀ ခန့် စာရင်းရရှိထားပြီး တခြားသောမြို့နယ်များတွင် စာရင်း မကောက်ခံရသေးဟု သိရသည်။
ရန်ကုန်-ပြည် လမ်းမတလျှောက်နှင့် ကြည့်မြင်တိုင်၊ အလုံ၊ အင်းစိန် စသည့် မြို့နယ်များတွင် ကိုလိုနီခေတ် အုတ်အဆောက်အအုံ များနှင့် သစ်သား အဆောက်အအုံ များစွာ ကျန်ရှိနေပေသည်။