သတင်း

ခရီးသည်တင်ယာဉ် မတော်တဆမှုကြောင့် သေဆုံးဒဏ်ရာရသူ ဦးရေ မြင့်တက်

This article has been converted from Zawgyi One to Unicode

Want create site? Find Free WordPress Themes and plugins.

ရန်ကုန်မြို့တွင် ပြေးဆွဲလျက်ရှိသော မြို့တွင်းခရီးသည်တင်ယာဉ်များ၏ မတော်တဆမှု၊ ယာဉ်တိုက်မှုများကြောင့် သေဆုံးသူနှင့် ဒဏ်ရာရသူ အရေအတွက် ယခုနှစ်တွင် ပိုမို မြင့်မားလာကြောင်း ရန်ကုန်တိုင်းဒေသကြီး မော်တော်ယာဉ် လုပ်ငန်းပေါင်းစုံ ထိန်းသိမ်း ကြီးကြပ်မှုဗဟို ကော်မတီ (မထသ) ဥက္ကဋ္ဌ ဦးလှအောင်က ပြောသည်။

ရန်ကုန်တိုင်းဒေသကြီး မော်တော်ယာဉ်လုပ်ငန်း ပေါင်းစုံ ထိန်းသိမ်းကြီးကြပ်မှုဗဟို ကော်မတီက တနှစ်တာအတွင်း ဖြစ်ပွားသော ယာဉ်တိုက်မှု၊ သေဆုံးဒဏ်ရာရမှု စာရင်းကို ပျှမ်းမျှ သိရှိနိုင်ရန် နှစ်စဉ် မေလရောက်တိုင်း တလတာ ယာဉ်တိုက်မှု၊ သေဆုံးနှင့် ဒဏ်ရာရ စာရင်းများကို ကောက်ယူလေ့ရှိကြောင်း၊ ယခုနှစ် မေလတွင် ကောက်ယူခဲ့သော စာရင်းများအရ ခရီးသည်တင်ယာဉ်များ၏ ယာဉ်တိုက်မှု၊ သေဆုံးနှင့်ဒဏ်ရာရသူ အရေအတွက်မှာ မြင့်မားလာသည်ကို တွေ့ရှိရကြောင်း ဦးလှအောင်က ဆိုသည်။

၂၀၁၂ ခုနှစ် မေလတွင်ကောက်ယူခဲ့သည့်  စာရင်းဇယားများအရ ယာဉ်တိုက်မှုပေါင်း ၁၆ မှု ၊ ယာဉ်တိမ်းမှောက်မှုပေါင်း ၅ မှု ဖြစ်ပွားခဲ့ပြီး သေဆုံးသူ ၇ ဦး၊  ဒဏ်ရာရသူ ၇၇ ဦး ရှိခဲ့ကြောင်း၊ ယခု ၂၀၁၃ ခုနှစ် မေလတွင်မူ ယာဉ်တိုက်မှုပေါင်း ၁၄ မှု၊ ရေယာဉ် ၁ စီးအပါအဝင် ယာဉ် တိမ်းမှောက်မှုပေါင်း ၅ မှုဖြစ်ပွားခဲ့ပြီး သေဆုံးသူ ၉ ဦးနှင့် ဒဏ်ရာရသူပေါင်း ၉၆ ဦး ရှိခဲ့သည့်အတွက် ယမန်နှစ်ထက် နှိုင်းယှဉ်လျှင် ယာဉ်တိုက်မှုကြောင့် သေဆုံးသူနှင့် ဒဏ်ရာရသူ အရေအတွက် တိုးတက် များပြားလာကြောင်း သိရှိရသည်။

“မဆင်မခြင် မောင်းနှင်မှုကြောင့် ဖြစ်တာပိုများတယ်။ ဒဏ်ရာရမှု ပိုများလာတယ်။ သေဆုံးမှုလည်း ပိုဖြစ်လာတယ်။ ဒါတွေကို ပြန်သုံးသပ်ပြီး လိုအပ်တဲ့ ကြပ်မတ်မှုတွေ ပြန်လုပ်နေပါတယ်” ဟု ဦးလှအောင်က ဇွန်လ ၆ ရက်နေ့က သတင်းမီဒီယာများနှင့် တွေ့ဆုံစဉ် ပြောဆိုသည်။

ဧရာဝတီ သတင်းဌာနက ရန်ကုန်မြို့တွင်းသို့ နေ့စဉ်သွားလာနေရသည့် ခရီးသည် ၂၅ ဦးကို ခရီးသည်တင်ယာဉ်များ၏ အသက်အန္တရာယ် လုံခြုံမှုမှုနှင့် ပတ်သက်သည့် အသေးစား စစ်တမ်းငယ်တခု ပြုလုပ်ခဲ့ရာ ခရီးသည် ၁၉ ဦးက ခရီးသည်တင် ယာဉ်များသည် ခရီးသွား ပြည်သူများ၏ အသက်အန္တရာယ် အတွက် လုံခြုံမှုမရှိကြောင်း ပြောဆိုပြီး ခရီးသည် ၄ ဦးက ခရီးသည်တင် ယာဉ်များသည် လုံခြုံမှုရှိသည်ဟုပြောဆိုကာ ကျန် ၂ ဦးက တစုံတရာ မှတ်ချက်ပြုခြင်း မရှိပေ။

ခရီးသည်တင် ယာဉ်များတွင် ခေတ်ဟောင်း ဘီအမ်ကားများကို အသုံးပြုမှုသည် ခရီးသွားပြည်သူများ၏ အသက်အန္တရာယ်ကို အထူး ခြိမ်းခြောက်နေကြောင်း ခရီးသည်တဦးက ပြောသည်။

“ခရီးသွားပြည်သူတွေရဲ့ အသက်လုံခြုံမှုမရှိဘူး။ ၁၇၉ နဲ့ ၁၇၃ လိုင်းက ဘီအမ်ကားတွေကို ပြင်စေချင်တယ်။ မကြာခဏ ပျက်ပြီး ကားတွေက စုတ်နေတဲ့အတွက် ခရီးသွားတွေရဲ့ အသက်ကို အာမ မခံနိုင်ဘူးလို့ ထင်တယ်” ဟု သာကေတ မြို့နယ်တွင်နေထိုင်သည့် မလဲ့ကေခိုင်က ပြောသည်။

ခရီးသည်တင် မော်တော်ယာဉ်များ၏ ကြံ့ခိုင်မှုအားနည်းခြင်း၊ ယာဉ်များကို အပြိုင်အဆိုင်မောင်းနှင်ခြင်း၊ မှတ်တိုင်များတွင် ခရီးသည် အတင်အချ အလျင်အမြန်ပြုလုပ်ခြင်း များသည် ခရီးသွားပြည်သူများ၏ အသက်အန္တရာယ်ကို ခြိမ်းခြောက် နေသော အမူအကျင့်များ ဖြစ်ကြောင်း ခရီးသည်များက ဆိုကြသည်။

ဦးလှအောင်ကမူ ခရီးသည်တင် မော်တော်ယာဉ်များ၏ ယာဉ်စည်းကမ်းလိုက်နာမှု ရှိ၊ မရှိကို ရန်ကုန်တိုင်း မထသ (ဗဟို) က လမ်းကြောင်း ၈ ခုတွင် အထူးစစ်ဆေးရေးအဖွဲ့ ၈ ဖွဲ့ထားရှိကာ အလှည့်ကျ စစ်ဆေး အရေးယူမှုများ ပြုလုပ်နေကြောင်း ပြောသည်။

ရန်ကုန်မြို့တွင် သယ်ယူပို့ဆောင်ရေး လုပ်ငန်းအဖွဲ့ ၁၇ ဖွဲ့ရှိပြီး ယာဉ်လိုင်းပေါင်း ၃၉၅ လိုင်းရှိကာ ပြေးဆွဲခွင့် မှတ်ပုံတင် ချပေးထားသည့် ဘတ်စ်ကား အစီးရေပေါင်း ၆၀၀၀ ကျော်ရှိကြောင်း၊ ခရီးသည်တင် ကားများအနက် ဒိုင်နာ ခရီးသည်တင်ယာဉ် စုစုပေါင်း ၁၈၈၉ စီး၊ ဟိုင်းလပ်အမျိုးအစား ခရီးသည်တင်ယာဉ် ၈၈၅ စီး ရှိပြီး ဒိုင်နာနှင့် ဟိုင်းလပ် ခရီးသည်တင် ယာဉ်များသည် ယာဉ်တိုက်မှုနှင့် မတော်တဆမှု အများဆုံးဖြစ်ပွားကြောင်း ရန်ကုန်တိုင်းဒေသကြီး မော်တော်ယာဉ် လိုင်းပေါင်းစုံ ထိန်းသိမ်း ကြီးကြပ်မှု ဗဟို ကော်မတီ၏ စာရင်းဇယားများ အရ သိရသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading