မဟာရန်ကုန်မြို့ပြဖွံ့ဖြိုးမှုဆိုင်ရာ မဟာဗျူဟာ စီမံကိန်းကို ၂၀၄၀ ခုနှစ်တွင် အပြီး တည်ဆောက်လုပ်ကိုင်ရန် Master Plan ကို ရေးဆွဲထားပြီးဖြစ်သော်လည်း မြို့ပြဖွံ့ဖြိုးမှုစီမံကိန်းဥပဒေ မရှိသေးကြောင်း စီမံကိန်းကို ပူးတွဲတာဝန်ယူနေသော ဂျပန်နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ(JICA) က ထုတ်ဖော်ပြောဆိုသည်။
“မြန်မာပြည်မှာ မြို့ပြစီမံကိန်းနဲ့ ပတ်သက်တဲ့ ဥပဒေ မရှိသေးပါဘူး။ ရန်ကုန်မြို့တော်စည်ပင်ရဲ့ ဥပဒေ ၂၄ ချက်က မြို့ပြဖွံ့ဖြိုးတိုးတက်မှုကို ထိန်းချုပ်ထားတယ်”ဟု (JICA)၏ လေ့လာရေးအဖွဲ့ခေါင်းဆောင် Mr. Koji Yamada က ပြောကြားသည်။
ရန်ကုန်မြို့အပါအဝင် အနီးအနားပတ်ဝန်းကျင်မြို့များဖြစ်သော သန်လျှင်၊ ကျောက်တန်း၊ မှော်ဘီ၊ လှည်းကူး၊ ထန်းတပင်နှင့် တွံတေးတို့၏ စုစုပေါင်းခန့်မှန်းဧရိယာ ၁၅၀၀ စတုရန်းကီလိုမီတာတွင် လေ့လာမှုများ ပြုလုပ်သွားမည်ဖြစ်ရာ ပထမ အဆင့်ပြီးစီးသွားပြီဖြစ်ကြောင်းလည်း Koji Yamada က ပြောကြားသည်။
လေ့လာရေးအဖွဲ့က လုပ်ငန်း ဒုတိယအဆင့်ကိုလည်း ယခုနှစ်အတွင်း အပြီးသပ်နိုင်ရန် ခန့်မှန်းထားကြောင်း ရန်ကုန်တိုင်းဒေသကြီးနှင့် ဂျပန်အပြည်ပြည် ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီတို့ ပူးပေါင်းလုပ်ဆောင်လျက်ရှိသော မဟာရန်ကုန်မြို့ပြဖွံ့ဖြိုးရေး မဟာဗြူဟာ စီမံကိန်းနှင့်သက်ဆိုင်သည့် ဆွေးနွေးပွဲနှင့် ပြပွဲတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။
ယင်းဆွေးနွေးပွဲနှင့် ပြပွဲကို ဇွန်လ ၅ ရက်နေ့က ရန်ကုန်မြို့ ချက်ထရီယန် ဟိုတယ်တွင် ပြုလုပ်ခဲ့သည်။
ယင်းစီမံကိန်း၏ Master Plan တွင်ပါဝင်သည့် ရေပေးဝေရေးနှင့် သယ်ယူပို့ဆောင်ရေးကဏ္ဍကို စတင်ဆောင်ရွက်ခဲ့ပြီး ဦးစားပေးလုပ်ဆောင်ရမည့် စီမံကိန်းများကို ODA စီမံကိန်းအဖြစ် စတင်အကောင်အထည်ဖော်နေကြောင်း မဟာဗျူဟာ စီမံကိန်း အနှစ်ချုပ်ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
လာမည့် ၂၀၁၈ခုနှစ် ရန်ကုန်မြို့ဖွံ့ဖြိုးတိုးတက်ရေး ဦးစားပေး အစီအစဉ်များတွင် မြို့ပြဖွံ့ဖြိုးတိုးတက်ရေးအစီအစဉ် ၂၆ ခု၊ မြို့ပြအခြေခံ ဖွံ့ဖြိုးတိုး တက်ရေး ကဏ္ဍ ၅၁ ခုတို့ပါဝင်ပြီး၊ လေ့လာရေးလုပ်ငန်းများ ပြီးစီးပါက အသေးစိတ်စီမံကိန်း ရေးဆွဲမှုများကို ဆက်လက်လုပ်ဆောင်သွားမည် ဖြစ်ကြောင်း လည်း သိရသည်။
ယင်းစီမံကိန်းအတွက် “နှစ် ၂၀၄၀တွင် ရန်ကုန်မြို့သည် ငြိမ်းချမ်း၍ သာယာလှပသော မြို့တော်၊ စိမ်းလန်းစိုပြည်သော ရွှေဝါရောင်မြေဖြစ်စေရမည်” ဟူသော ဆောင်ပုဒ်ကို ရန်ကုန်မြို့တော်စည်ပင်၊ ဆောက်လုပ်ရေးဝန်ကြီးဋ္ဌာနနှင့် အခြားသောဆက်စပ်အဖွဲ့အစည်းများ ဆွေးနွေးချမှတ်ထားကြောင်း လည်း သိရသည်။
မြို့ပြဖွံ့ဖြိုးတိုးတက်ရေးကဏ္ဍတွင် ဥပမာအားဖြင့် မင်းဓမ္မ ဒုတိယ ဗဟိုစီးပွားရေးဇုန် ဖွံ့ဖြိုးတိုးတက်ရေး၊ သီလဝါ အထူးစီးပွားရေးဇုန် ဖွံ့ဖြိုးတိုးတက်ရေး၊ မြို့လယ် ဗဟိုစီးပွားရေးဇုန်ကို အမျိုးသားယဉ်ကျေးမှု နေရာဖြင့် ဖော်ဆောင်ရန်နှင့် မြို့ပြ မြေကွပ်လပ်များအား စီမံကွပ်ကဲမှု စသည့် အချက်များအပါဝင် ၂၆ ချက်ရှိကြောင်း မဟာဗြူဟာ စီမံကိန်းအနှစ်ချုပ်ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ထို့ပြင် မြို့ပြ အခြေခံဖွံ့ဖြိုးတိုးတက်ရေးကဏ္ဍတွင်လည်း ယာဉ်အသွားအလာ ထိန်းချုပ်ကွပ်ကဲမှုစနစ်၊ အဆောက်အဦဟောင်းများကို ပြန်လည်တည် ဆောက်ခြင်း၊ ရန်ကုန်မြို့အဆင့်မြင့် မီးရထားလမ်း၊ သီလဝါဆိပ်ကမ်း တိုးချဲ့တည်ဆောက်ခြင်း၊ အမှိုက်များသိမ်းဆည်းရန် အထောက်အကူပြုပစ္စည်းများ ထောက်ပံ့ခြင်းနှင့် အနာဂတ်နည်းပညာသစ် ဆက်သွယ်ရေးကွန်ယက် တည်ဆောက်ခြင်း စသည့်အချက်များအပါအဝင် ၅၁ ချက်ရှိကြောင်းလည်း သိရသည်။
လာမည့် ၂၈ နှစ်အတွင်း အကောင်အထည်ဖော်သွားမည့် ၂၀၄၀ မဟာဗျူဟာဖွံ့ဖြိုးမှုစီမံကိန်း အကောင်အထည်ဖော်ရန် ရန်ကုန်တိုင်းဒေသကြီးအစိုးရနှင့် JICA တို့က ၂၀၁၂ခုနှစ်၊ မေလတွင် သဘောတူလက်မှတ် ရေးထိုးခဲ့သည်။