သမဝါယမ ဝန်ကြီးဌာန သမဝါယမ ဦးစီးဌာနက လူသုံးကုန်ပစ္စည်းနှင့် လုပ်ငန်းသုံးပစ္စည်းများကို အရစ်ကျစနစ်ဖြင့် ရောင်းချပေး ရာတွင် အောက်ခြေ အဆင့် မှ တာဝန်ခံများနှင့် နီးစပ်သူများသာ ဝယ်ယူခွင့်ရရှိကြကြောင်း ဝေဖန်ပြောဆိုမှုများ ရှိနေသည်။
ဇွန်လ ၂ ရက်နေ့က ရန်ကုန်တိုင်းအတွင်းရှိ မြို့နယ်များကို အပ်ချုပ်စက်၊ ဆိုက္ကား၊ လယ်ယာသုံးပစ္စည်းများ နှင့် မော်တော်ကား များကို အရစ်ကျစနစ်ဖြင့် ရောင်းချပေးမှုတွင် ရန်ကုန်မြို့ခံ အများစုက မသိရှိကြကြောင်း ပြောဆိုသည်။
“ဘယ်အချိန်က ရောင်းလိုက်တယ် ဆိုတာလည်း မသိဘူး။ ရပ်ကွက်ထဲက ဘယ်တာဝန်ရှိသူမှလည်း ကြေညာတာမျိုး မရှိဘူး။ ဝယ်လာတဲ့သူတွေ ဝယ်ပြီးတော့မှ ကြားရတာ။ ကိုယ်လိုချင်လို့ ဘယ်မှာ သွားဝယ်ရမယ်မှန်းလဲ အခုထိ မသိသေးဘူး”ဟု သင်္ဃန်း ကျွန်းမြို့နယ် ဦးစံဖေ ရပ်ကွက် ဒေသခံ မဝါဝါက ဧရာဝတီသို့ ပြောသည်။
ပြည်သူများကို အကြောင်းကြားရန် အဆင့်ဆင့် ညွှန်ကြားခဲ့သော်လည်း ငွေပေးသွင်းမှုများနှင့် ပတ်သက်ပြီး တာဝန်ယူရ မည် ဆိုသည့် အချက်များဖြင့် အကြောင်းကြားခြင်းဖြစ်ကြောင်း၊ တချို့ရပ်ကွက်များတွင် ထိုအချက်များကြောင့် ပြည်သူများကို အသိပေး အကြောင်းကြားခြင်းမျိုး မပြုလုပ်ခဲ့ကြကြောင်း ရန်ကုန်မြို့တွင်းရှိ သမဝါယမ ဦးစီးဌာန ရပ်ကွက်တာဝန်ခံ တချို့က ပြောသည်။
ထိုသို့ ရောင်းချရာတွင် ခွဲတမ်းဖြင့် ရောင်းချခြင်းမျိုးဖြစ်ကြောင်း၊ မြို့နယ်မှ ညွှန်ကြားရာတွင်လည်း ရပ်ကွက်တာဝန်ခံများက အာမခံ ပေးနိုင်သူများကိုသာ လျှောက်လွှာတင်ခိုင်းသဖြင့် ရပ်ကွက်အုပ်ချုပ်ရေးမှ ဆယ်အိမ်မှူးများကို တာဝန်ခံခိုင်းကာ ဒေသခံပြည်သူများကို အသိပေးရန် ပြောခဲ့ကြောင်း သင်္ဃန်းကျွန်းမြို့နယ် ဦးစံဖေရပ်ကွက်မှ ရပ်ကွက် သမဝါယမ တာဝန်ခံ ဦးစိန်မောင်ဌေး က ဧရာဝတီ သို့ ရှင်းပြသည်။
“ဆယ်အိမ်မှူးတွေကိုလည်း ကျနော် ပြောခဲ့ပါတယ်။ ဒါပေမယ့် မြို့နယ်ရုံးက လျှောက်လွှာတင်တဲ့သူတွေကို ခေါ်တော့ ၂၁ ဦးပဲ လာ တယ်။ ဒါ့ကြောင့် ကျနော်တို့ ရပ်ကွက်က ၂၁ လုံးရတယ်။ သင်္ဃန်းကျွန်းမြို့နယ်မှာ ၃၆ ရပ်ကွက်ရှိပေမယ့် ကျန်တဲ့ ၇ လုံးကိုပဲ တခြား ရပ်ကွက်တွေကို ခွဲပေးတယ်။ မရတဲ့ ရပ်ကွက်တွေ တပုံကြီးပဲ”ဟု ဦးစိန်မောင်ဌေးက ဆိုသည်။
သို့ရာတွင် ရပ်ကွက် ဆယ်အိမ်မှူးများအနေဖြင့်လည်း တာဝန်ခံရမည်ဆိုသည့် အချက်ကြောင့် တကယ်လို့များ သွင်းရမည့်ငွေကို ဆက်မသွင်းလျှင် ပြဿနာဖြစ်ပေါ်လာမည့်အရေးအတွက် စိုးရိမ်မှုများ ရှိနေကြောင်း၊ လိုချင်သူများအားလုံးကို လောက်ငစွာပေးနိုင် လျှင် ပိုမိုကောင်းမွန်မည် ဖြစ်ကြောင်း၊ မပေးနိုင်လျှင်လည်း ၁၅၀၀ ကျပ်တန် မိုဘိုင်းဖုန်း ရောင်းချသကဲ့သို့ ပွင့်လင်းမြင်သာစွာ ကြေ ညာပြီးမှ ပေးလျှင် အငြင်းပွားဖွယ်ရာများ ဖြစ်လာမည်အဟုတ်ကြောင်း ၎င်းက ဆက်ပြောသည်။
သမဝါယမ ဝန်ကြီးဌာနမှ အရစ်ကျရောင်းချပေးခဲ့သော အပ်ချုပ်စက်တွင် တရုတ်နိုင်ငံလုပ်ဆိုလျှင် ကျပ် ၇ သောင်း၊ အိန္ဒိယ နိုင်ငံ လုပ်ဆိုလျှင် ကျပ် ၈ သောင်း ၅ ထောင်ကို ၁၂ လ အရစ်ကျစနစ်ဖြင့် ရောင်းချခဲ့ကြောင်း၊ လယ်ယာသုံးစက်ကိရိယာ ၂၀၉ မျိုးကို ပထမအရစ် ၂၀ ရာခိုင်နှုန်းပေးသွင်းပြီး ကျန်ငွေများကို ၃၆ လ အရစ်ကျပေးသွင်းမှုစနစ်ဖြင့် ရောင်းချခဲ့ကြောင်း၊ ProBox Taxi များကို ကျပ် ၁၀၅ သိန်း သတ်မှတ်၍ ပထမအရစ် ၂၀ ရာခိုင်နှုန်းပေးသွင်းပြီး ကျန်ငွေများကို ၅ နှစ်၊ ၃ နှစ် စသဖြင့် အရစ်ကျပေးသွင်း စနစ်ဖြင့် ရောင်းချပေးခဲ့ကြောင်း သိရသည်။
“သမဝါယမရဲ့ ငွေချေးတာတွေကိုတော့ ကျနော်ကြိုဆိုတယ်။ ဒါပေမယ့် အခုဆိုရင် ဆိုက္ကားဆိုရင်လည်း တပ်ဆင်ထားတဲ့ ပစ္စည်း တွေနဲ့ ပတ်သက်ပြီး ပြောဆိုဝေဖန်တာကို ကြားရတယ်။ အပ်ချုပ်စက်လည်း တကယ်ဝယ်သုံးနိုင်တဲ့လူတွေရဲ့ လက်ထဲပဲရောက် တယ်။ မော်တော်ကားတွေမှာလည်း ကြားရတာပဲ”ဟု သင်္ဃန်းကျွန်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းညွှန့်က ပြော သည်။
သမဝါယမစနစ်သည် လက်ရှိ ဈေးကွက်စီးပွားရေး စနစ် ကျင့်သုံးနေချိန်တွင် အလုပ်မဖြစ်တော့သည့် စနစ်တခုဖြစ်သောကြောင့် ဖျက်သိမ်းသင့်နေပြီ ဖြစ်ကြောင်း၊ ၁၉၆၂ ခုနှစ်နောက်ပိုင်း အချိန်ကတည်းက ဖွဲ့စည်းခဲ့သော ထို သမဝါယမ စနစ်တွင် ရိုးသားမှု၊ ပွင့် လင်းမြင်သာမှု မရှိခဲ့ကြောင်း၊ ယခုကဲ့သို့ အရစ်ကျစနစ်ဖြင့် ရောင်းချပေးသည် ဆိုသည်မှာလည်း ဝန်ကြီးဌာန ရှင်သန် ရပ်တည်ရေး အတွက်သာ ပြုလုပ်ခြင်းမျိုးဟု ထင်မြင်မိကြောင်း လသာမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးကြည်မြင့်ကလည်း ဧရာဝတီ သို့ ပြောသည်။
“အဓိက ပြောချင်တာက အပေါ်က မူဝါဒချမှတ်တာတွေကိုပဲ။ အောက်ခြေ ဝန်ထမ်းဆိုတာက ခိုင်းရင် ခိုင်းတဲ့အတိုင်းလုပ်မှာပဲ။ အပေါ်က ဒါကိုသိရမှာ။ မဖြစ်နိုင်တဲ့လမ်းတွေကို ဖန်တီးနေတာ။ အဲဒါကြောင့်လဲ အခုလို မမှန်မကန်လုပ်ရပ်တွေ ဖြစ်ပေါ်လာတာ” ဟု ၎င်းက ဆိုသည်။
ထို့အပြင် ဇွန်လ ၂ ရက်နေ့က ကျင်းပသော သမဝါယမ ဝန်ကြီးဌာန၏ ပွဲသို့ တက်ရောက်လာသူများ အကျိုးရှိရန် အရစ်ကျစနစ်ဖြင့် ရောင်းချပေးသည့် သဘောမျိုးဖြစ်ကြောင်း၊ ထိုပွဲသို့ တက်ရောက်ရန် လူတဦးလျှင် ၁၅၀၀ ကျပ်ပေးပြီးခေါ်ယူသည်ဟုပင် ကြားရကြောင်း ၎င်းက ဆက်လက် ပြောဆိုသည်။
သိုရာတွင် ပြည်သူလူထုအနေဖြင့် သမဝါယမ အသင်းသားဟုဆိုရာတွင် ယခင်အချိန်များက ရှိနေပြီးသော သမဝါယမ အသင်းသား များ(ကင်းကွာအသင်းသား) နှင့် ယခုနောက်ပိုင်း အစုရှယ်ယာအပြည့် ဝင်ထားသော အသင်းသားကို ကွဲပြားမှုမရှိသောကြောင့် ထင်ယောင်ထင်မှားဖြစ်နိုင်ကြောင်း သမဝါယမ ဝန်ကြီးဌာန၏ သတင်းနှင့်ပြန်ကြားရေး ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးမြင့်အောင် က ဧရာဝတီသို့ ရှင်းပြသည်။
ယခု အရစ်ကျစနစ်သည် ပထမဆုံး ပြန်လည်ပြုလုပ်သော အသင်းသားများအတွက် ရောင်းချပေးမှုဖြစ်ကြောင်း၊ နောက်ပိုင်းတွင် ယခုထက် ပိုမိုလုပ်ကိုင်သွားမည်ဖြစ်ကြောင်းလည်း ၎င်းက ပြောသည်။
အရစ်ကျစနစ်ဖြင့်ရောင်းချရာတွင် အသင်းသားဖြစ်ရမည်ဖြစ်ကြောင်း၊ အသင်းရှယ်ယာအစုကိုလည်း အပြည့်ဝင်ထားသူ ဖြစ်ရန် လိုအပ်ကြောင်း၊ ထိုအချက်များကို ရပ်ကွက်တာဝန်ခံများအနေဖြင့် စိစစ်ရသောကြောင့် ယခုလို အမြင်လွဲမှားမှုများ ဖြစ်ရကြောင်း ၎င်းက ဆိုသည်။
“သမဝါယမ ဝန်ကြီးဌာနရဲ့ အသင်းငယ်တွေက သတ်မှတ်ထားတဲ့ ရှယ်ယာကို အပြည့်ထည့်ထားမှ ရမှာ။ ဥပမာ အသင်းတခုက ရှယ်ယာ ကျပ် ၁ သောင်း သတ်မှတ်ထားရင် ၅ ထောင်ပဲ ထည့်ရသေးတဲ့သူတွေ မရဘူး။ ဟိုတုန်းက အသင်းသားတွေ ဆိုတာ ရှယ် ယာပြည့်မပြည့် မသိနိုင်ဘူးလေ”ဟု ၎င်းက ပြောဆိုသည်။
သမဝါယမ ဝန်ကြီးဌာန၏ လက်အောက်တွင် အသင်းခွဲများစွာရှိပြီး အသင်း၏ထုတ်ကုန်ပေါ်မူတည်၍ အသင်းရှယ်ယာစု ငွေကြေးနှုန်းထား ကွဲပြားကြောင်း ဗိုလ်မှူးမြင့်အောင် က ဆိုသည်။
ထိုသို့ အသင်းရှယ်ယာ ကိစ္စများနှင့် ပတ်သက်ပြီး ပြည်သူလူထုအတွင်း သိရှိနားလည်နိုင်မှု မရှိသေးကြောင်း၊ သမဝါယမ အသင်း၏ ဖွဲ့စည်းပုံနှင့် အကြောင်းအရာများကို ရှင်းပြမည့်တာဝန်ခံများလည်း မရှိကြောင်း ရန်ကုန်မြို့ခံများက ဝေဖန် ထောက်ပြကြသည်။