ရံပုံငွေနည်းပါးသည့် ကျန်းမာရေးစောင့်ရှောက်မှုစနစ်ကို ပြုပြင်ပြောင်းလဲမှုများစတင်လိုက်သည့် နောက်တွင် မြန်မာနိုင်ငံ မှ ပြည်သူ့ဆေးရုံကြီးများတွင် ဆင်းရဲနွမ်းပါးသော လူနာများအတွက် ဆေးဝါးများအခမဲ့ ပေးနေပြီဖြစ်သည်။ ယခင်က ကျင့်သုံးခဲ့သော ကုသမှုခံယူရာတွင် အသုံးပြုသည့် ဆေးနှင့် ဆေးပစ္စည်း များအတွက် လူနာဖက်မှ ကျခံရသည့် စနစ်ကို ရပ်ဆိုင်းလိုက်ပြီဖြစ်သည်။
ဆေးနှင့် ဆေးပစ္စည်းများ ဝယ်ယူနိုင်ရန်အတွက် ပထမဆုံးအကြိမ်အဖြစ် ကျန်းမာရေးဝန်ကြီးဌာန၏ အထူး အရန်ငွေထဲမှ အသုံးစရိတ်ချထားပေးခဲ့သည့်အတွက် ယခုနှစ်ဆန်းပိုင်းမှစ၍ အစိုးရပိုင် ပြည်သူ့ဆေးရုံများတွင် ယခုကဲ့သို့ ပေးလာနိုင်ခြင်းဖြစ်ကြောင်း ကျန်းမာရေးအရာရှိတဦးက ဧရာဝတီသို့ပြောသည်။ လွန်ခဲ့သော နှစ်များစွာ အတွင်းတွင် ကုသမှု စရိတ်ကြီးမြင့်ခြင်းသည် မြန်မာနိုင်ငံမှ လူအများစုအတွက် ဆေးရုံတက်ရောက်မှု ခံယူနိုင်ရန် အတားအဆီး တခုလို ဖြစ်နေခဲ့သည်။
“တိုင်းပြည်မှာ နိုင်ငံရေးနဲ့ စီးပွားရေးသာမကပါဘူး ကျန်းမာရေးကဏ္ဍမှာလည်း ပြုပြင်ပြောင်းလဲမှုတွေ လုပ်နေပါတယ်” ဟု ရန်ကုန်မြို့ သင်္ဃန်းကျွန်း စံပြဆေးရုံကြီးမှ ဒေါက်တာဇော်ထွန်းက ပြောသည်။ ယခုကဲ့သို့ ဆေးဝါးများဝယ်ယူရန် ဘတ်ဂျက်ရှိလာခြင်းသည် ကျန်းမာရေးဝန်ကြီးဌာနအတွက် ဘတ်ဂျက်တိုးမြင့်ရရှိလာသောကြောင့်ဟုလည်း သူက ထပ်ပြောသည်။
“အရင်ကဆိုရင် အစိုးရက ဆေးနဲ့ ဆေးပစ္စည်းတွေကို ကိုယ်တိုင်ဝယ်တယ်၊ ပြီးတော့မှ ဆေးရုံတွေကို ခွဲဝေပေးတယ်။ ဆေးရုံတွေမှာ ဆေးဝယ်ဖို့ ကိုယ်ပိုင်ဘတ်ဂျက်မရှိဘူး။ ဒါကြောင့် လူနာတွေ ကိုယ့်ဆေးကိုယ်ဝယ် သုံးရတယ်။ အခုတော့ ကျနော်တို့ ဆေးနဲ့ ဆေးပစ္စည်းတွေကို ဝယ်နိုင်ပါပြီ။ မတတ်နိုင်တဲ့ လူနာတွေကိုလည်း လွတ်လွတ်လပ်လပ် ပေးနိုင်ပါပြီ။ အဓိကအနေ နဲ့တော့ ဆင်းရဲနွမ်းပါးသူတွေနဲ့ အရေးပေါ်လူနာတွေ အတွက်ပါ” ဟု သူကပြောပြသည်။
ချထားပေးသည့် ဘတ်ဂျက်သည် ဆေးရုံ၏ အရွယ်အစားပေါ်တွင် မူတည်၍ ကွဲလွဲမှုရှိသည်ဟု ဒေါက်တာဇော်ထွန်းက ဆိုသည်။ ကုတင် ၃၀၀ ရှိသော စံပြဆေးရုံသည် ၂၀၁၂-၁၃ ဘဏ္ဍာရေးနှစ်အတွက် ကျပ်ငွေ သန်း၁၂၀ ရရှိခဲ့သည်။ ၂၀၁၃ ဖေဖော်ဝါရီ လမှစတင်၍ ဆင်းရဲနွမ်းပါးသော လူနာများအတွက် ဆေးနှင့် ဆေးပစ္စည်းများ အခမဲ့ ဝေငှ ပေးနိုင်ခဲ့ ပြီး နောက်ပိုင်းတွင် ပို၍ပေးနိုင်လာခဲ့သည်ဟု သိရသည်။
ဒေါက်တာဇော်ထွန်းက “ဧပြီလအထိ ကျနော်တို့ လူနာအားလုံး နီးပါးကို ထောက်ပံ့ပေးနိုင်ခဲ့ပါတယ်” ဟုပြောသော်လည်း အသေးစိတ် အချက်အလက်များကို ရုတ်တရက် မပြောနိုင်သေးပါ။ ပြီးတော့မှ “ကျနော်တို့ရဲ့ လူနာ ငါးဆယ်ရာခိုင်နှုန်း လောက်ကို ထောက်ပံ့နိုင်ခဲ့ပါတယ်” ဟု ဆက်ပြောသည်။
ယခုဆိုလျှင် ဆေးကုသမှုခံယူရန် လူနာများ ပိုမိုရောက်ရှိလာကြသည်ဟုလည်း သူကဆိုသည်။ ဆေးရုံ ကုတင်ပြည့်မှုနှုန်း ကလည်း ၁၂၈ ရာခိုင်နှုန်းမှ ၁၄၃ ရာခိုင်နှုန်း အထိတိုးတက်သွားသည်ဟု သိရသည်။
သို့သော်လည်း ပြည်သူအများစုသည် အစိုးရ၏ ကျန်းမာရေးထောက်ပံ့မှု အစီအစဉ်ကို သတိမပြုမိကြသေးကြောင်း ရန်ကုန်မြို့လယ်ရှိ ကုသိုလ်ဖြစ်ဆေးရုံ တခု၏ အဆိုအရသိရသည်။
“လူနာတွေက ဒီအကြောင်း မသိကြဘူး၊ အင်းစိန်ပြည်သူ့ဆေးရုံမှာ အခမဲ့ကုသပေးတဲ့ အစီအစဉ်တွေစနေပြီ။ ဒါပေမယ့် အင်းစိန်က လူနာတွေက ကျမတို့ဆီကိုလာနေကြတုန်းပဲ။သူတို့ မသိဘူးလေ။ ကျမတို့က ပြောပြေပေးဖို့လိုတယ်” ဟု မွတ်စလင် ကုသိုလ်ဖြစ်ဆေးရုံမှ တာဝန်ရှိသူ မစန္ဒီကပြောပြသည်။ မွတ်စလင် ကုသိုလ်ဖြစ်ဆေးရုံသည် လူနာများကို လူမျိုး၊ ဘာသာ၊ အဆင့်အတန်း မရွေး အခမဲ့ ကုသပေးနေသော ဆေးရုံဖြစ်သည်။
အသက် ၂၃ နှစ်ရှိပြီဖြစ်သော မစန္ဒီသည် ပြီးခဲ့သော အောက်တိုဘာလက အလုပ်သင်အဖြစ် မြောက်ဥက္ကလာပ အစိုးရဆေးရုံတွင် ဆေးဝါးအခမဲ့ပေးအပ်ခြင်း အစီအစဉ်များကို လေ့လာခဲ့သူဖြစ်သည်။ ငွေကြေးထောက်ပ့ံ့ မှုများကို ဇန်နဝါရီလတွင် စတင်ခဲ့သည်ဟု သူကဆိုသည်။
မွတ်စလင် ကုသိုလ်ဖြစ်ဆေးရုံ၏ ခွဲစိတ်ကုသဆောင်တွင် ရောက်နေသော အသက် ၄၁ နှစ်အရွယ် ဟာရွန်ဘီက အကုန်အကျ များလွန်းသည့်အတွက် သူ့ အနေဖြင့် တခါမျှ ဆေးရုံမသွားခဲ့ဖူးပါဟု ဆိုသည်။ ယခုအခါတွင် အူကျသည့် ရောဂါကို ခွဲစိတ်ကုသမှုခံယူရန် ဆေးရုံသို့ သူရောက်နေသည်။ ယခင်က နေမကောင်းဖြစ်ပါက အိမ်သုံးဆေးတွေ လောက်ပဲ ဝယ်သောက်ပြီး ကိုယ့်ဖာသာကိုယ် ကုသသည်ဟုလည်း သိရသည်။ “ကျနော်မှ မတတ်နိုင်တာ” ဟု အလုပ်ကြမ်း သမားတယောက်ဖြစ်သည့် ဟာရွန်ဘီကပြောသည်။ သူ့ဝင်ငွေက တရက်ကို ၅၀၀၀ ကျပ်ရှိပြီး မြန်မာနိုင်ငံ၏ ပျမ်းမျှ တနေ့ ဝင်ငွေထက်များသည်။
ထိုကုသိုလ်ဖြစ်ဆေးရုံကို ရောက်ရှိနေကြသော အခြားလူနာများကလည်း အစိုးရဆေးရုံများသို့ မရောက်ဖူးကြောင်း ပြောကြသည်။ ရောဂါ ဖြစ်လျှင် ဆေးဆိုင်တွေမှာ ဆေးဝယ်သောက်၍ ဖြစ်စေ ရပ်ကွက်ထဲက ဆေးခန်းမှာပဲဖြစ်စေ သူတို့ ကုသကြသည်။
မွတ်စလင် ဆေးရုံ၏ ခွဲစိတ်မှုဌာန အကြီးအကဲ ဒေါက်တာတင်မျိုးဝင်းကလည်း သူတို့၏ ကုသိုလ်ဖြစ်ဆေးရုံသို့ အစိုးရဆေးရုံသို့သွားရန် ငွေကြေးမတတ်နိုင်သည့် လူနာတွေ အစုလိုက်အပြုံလိုက် ရောက်လာနေကြဆဲဖြစ်သည်ဟု ပြောသည်။ သူက အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ မိသားစု ဆရာဝန်လည်းဖြစ်သည်။ ခွဲစိတ် ဆောင်တွင် လူနာများလွန်းသည့် အတွက် တနေ့လျှင်ခွဲစိတ်မှု ၁၀ ကြိမ်မှ ၁၅ ကြိမ်အထိပြုလုပ်ပေးနေရသည် ဟုလည်း သိရသည်။
“သဘောတရား အရဆိုရင် ခွဲစိတ်ဆရာဝန် တယောက်ဟာ တနေ့ကို အကြီးစားခွဲစိတ်မှု ၅ ကြိမ်လောက်ပဲ လုပ်သင့်တယ်” ဟု သူက ဧရာဝတီသို့ ယခင်လအတွင်းကပြောပြခဲ့သည်။
ကုသိုလ်ဖြစ်ဆေးရုံသည် အရေးကြီးပြီး ရှုပ်ထွေးသော နှလုံး၊ ဦးဏှောက် နှင့် ကျောက်ကပ် စသောခွဲစိတ်မှုများ ဆိုလျှင်တော့ အခြားဆေးရုံကြီးများသို့ လွှဲပြောင်းပေးနေရသည်။ မွတ်စလင် ကုသိုလ်ဖြစ်ဆေးရုံ၏ ခွဲစိတ်ကုသဆောင်တွင် ကုတင် ၂၅ လုံး ရှိသည်။ ထိုဆေးရုံ၏ တဦးတည်းသော ခွဲစိတ်ကုဆရာဝန်ဖြစ်သူ ဒေါက်တာတင်မျိုးဝင်းက အခမဲ့ကုသရေး အစီ အစဉ်များကို တစိတ်တပိုင်း စတင်နေပြီဖြစ်သည့် အစိုးရပိုင် ရန်ကုန် ဗဟိုအမျိုးသမီး ဆေးရုံကြီးသို့ လူနာများ လွှဲပြောင်းပေးနိုင်ရန် ကြိုးစားနေသည်ဟု ဆိုသည်။ သို့သော် အခြားဆေးရုံများတွင်လည်း အခမဲ့ ကုသရေး အစီအစဉ် များ စတင်နေပြီ ဆိုသည်ကို သူ သတိမထားမိပါဟု ပြောသည်။
“လူနာတွေက တခြားဆေးရုံတွေကို သွားဖို့ မတတ်နိုင်ကြဘူး၊ ရန်ကုန်ဆေးရုံကြီးမှာဆို ဒီလိုမဟုတ်ဘူး၊ ကုန်ကျစရိတ် အားလုံးကို လူနာက ကျခံရတယ်။ ကိုယ့်ဆေးကိုယ် ဝယ်ရမယ်။ ခွဲစိတ်မှုလုပ်မယ်ဆိုရင် ဂွမ်းတွေ ပတ်တီးတွေက အစ ကိုယ့်ဖာသာဝယ်ရမယ်” ဟု ဒေါက်တာတင်မျိုးဝင်းကပြောပြသည်။
စံပြဆေးရုံ အတွင်းနှင့် အပြင်ဖက်တွင် အခမဲ့ကုသမှု အစီအစဉ်နှင့် ပတ်သက်၍ ကြေညာထားခြင်း မရှိကြောင်း ဒေါက်တာ ဇော်ထွန်းက ပြောသည်။ မဂ္ဂဇင်း၊ သတင်းစာနှင့် ဂျာနယ်များတွင် အခမဲ့ကျန်းမာရေးဝန်ဆောင်မှုများ အကြောင်း ရေးသား ဖော်ပြခဲ့ကြပြီးဖြစ်ကာ လူနာတွေလည်း ပိုမိုရောက်လာသည့်အတွက် ကြေညာရန် မလိုအပ်တော့ဟု သူကဆိုသည်။
နောက်တပတ်ထဲတွင် နေပြည်တော်သို့ သွား၍ ကျန်းမာရေးဝန်ကြီးဌာန ဝန်ကြီး ဒေါက်တာဖေသက်ခင်နှင့် တွေ့ဆုံကာ ဆေးရုံအတွက် ဆေးဝါးနှင့် အသုံးအဆောင်များဝယ်ယူရန် ဘတ်ဂျက်ကိစ္စ ဆွေးနွေးမည်ဟု ကျန်းမာရေး အရာရှိ တဦးက ပြောသည်။ နောက်လာမည့် ဘဏ္ဍာရေး နှစ်တွေ ဘတ်ဂျက်ပိုရရန်လည်း သူက မျှော်လင့်နေသည်။
“ဇွန်လ ၁၄ရက်နေ့မှာ တနိုင်ငံလုံးက ကျန်းမာရေးအရာရှိတွေ အကုန်လုံး နေပြည်တော်မှာ တွေ့ဆုံပြီးတော့ ဘတ်ဂျက် ကိစ္စဆွေးနွေးကြပါမယ်” ဟု သူကပြောပြသည်။
လူနာ အားလုံးအတွက် ဆေးဝါး အခမဲ့ ပေးနိုင်သည့် အခြေအနေသို့ ရောက်လာရန် ဖြစ်နိုင် မဖြစ်နိုင် မသေချာကြောင်း သူ ကဆိုသည်။ သို့သော်လည်း ကျန်းမာရေးဝန်ကြီးဌာန အနေဖြင့် မြန်မာနိုင်ငံတွင် ကျန်းမာရေး အာမခံစနစ်ကို ကျင့်သုံးနိုင် ရန် လေ့လာဆန်းစစ်မှုများ ပြုလုပ်နေသည်ဟု သူက ထပ်ပြောသည်။
“မြန်မာနိုင်ငံမှာ ခုထိ အဲဒီစနစ် မရှိသေးဘူးလေ၊ ဝန်ကြီးကတော့ လုပ်ဖို့ အစီအစဉ်ရှိတယ်၊ ကျန်းမာရေးအာမခံစနစ်ကို ဘယ်လိုတည်ထောင်မယ်ဆိုတာကို လေ့လာနေကြပြီလို့ ပြောပါတယ်” ဟု သူကဆိုသည်။
ပြည်သူ့ဆေးရုံများ အတွက် ဆေးနှင့် ဆေးပစ္စည်းများဝယ်ယူရန် ဘတ်ဂျက်ချထားပေးခြင်းသည် မြန်မာနိုင်ငံ၏ ကျန်းမာရေး စောင့်ရှောက်မှုစနစ်ကို ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်ရန် တွန်းအားများပိုမို များပြားလာခဲ့ခြင်းကြောင့် ဖြစ်သည်။ မြန်မာနိုင်ငံ၏ ကျန်းမာရေးစောင့်ရှောက်မှု စနစ်သည် ခွင့်ပြုသုံးစွဲငွေ နည်းပါးလွန်းသည့်အတွက် ဆယ်စု နှစ် များစွာကထဲက ပျက်စီးယိုယွင်းခဲ့ရသည်ဟု ကျွမ်းကျင်သူများက ပြောကြသည်။ ယခင် စစ်အစိုးရလက်ထက် ၂၀၀၇ ခုနှစ် က ကျန်းမာရေးစောင့်ရှောက်မှုအတွက် သုံးစွဲငွေသည် လူတဦးချင်းစီအတွက် အမေရိကန် တဒေါ်လာထက် နည်းသည်ဟု ကျန်းမာရေးဝန်ကြီးဌာနမှ မှတ်တမ်းအချက်အလက်များအရ သိရသည်။
မြန်မာနိုင်ငံ၏ ကျန်းမာရေးအသုံးစရိတ်တွင် ပြည်သူများ၏ ကိုယ်ပိုင်ငွေမှ ကျခံရခြင်းက အဓိကဖြစ်နေသည်ဟု ကျန်းမာရေးဝန်ကြီးဌာန၏ ၂၀၀၈-၀၉ ခုနှစ် အမျိုးသားအဆင့် စာရင်းများအရ သိရသည်။ အဆိုပါ စာရင်း အချက်အလက် များအရဆိုလျှင် ပြည်သူများ၏ ကျန်းမာရေး ကုန်ကျစရိတ်၏ ၁၀ ရာခိုင်နှုန်း ကိုသာ ကျန်းမာရေးဝန်ကြီးဌာနက ကျခံပေးခဲ့ ပြီး ပြည်သူလူထု၏ ကိုယ်ပိုင်ငွေက ၈၂ မှ ၈၅ ရာခိုင်နှုန်း ပါဝင်နေခဲ့သည်။ ကျန်ရာနှုန်း အနည်းငယ်ကို အခြားဝန်ကြီးဌာန များနှင့် အစိုးရမဟုတ်သော အဖွဲ့အစည်းများက ထောက်ပံ့ပေးခဲ့ရသည်။
ကျန်းမာရေးဝန်ကြီးဌာနက ၂၀၃၀ ခုနှစ်တွင် အားလုံးအတွက် ကျန်းမာရေးစောင့်ရှောက်မှု ပေးနိုင်ရန်ရည်ရွယ်ချက်ထားပြီး မြန်မာ့ကျန်းမာရေးဆိုင်ရာမျှော်မှန်းချက် (Myanmar Health Vision 2030) အမည်တွင်သည့် နှစ် ၃၀ စီမံကိန်းချမှတ်၍ ဆောင်ရွက်နေပါသည်ဟု ဆိုသည်။
သို့သော်လည်း ရလဒ် ကောင်းများ ရဖို့လိုပါသည်ဟု ယမန်နှစ်က မြန်မာနိုင်ငံမှ ဆေးရုံများကို လာရောက်လေ့လာခဲ့သည့် ထိုင်းနိုင်ငံတွင်းရှိ မြန်မာရွှေ့ပြောင်း ဒုက္ခသည်စခန်းများတွင် ဆယ်နှစ်ကျော် လုပ်ကိုင်ခဲ့သူ ပြည်သူ့ကျန်းမာရေးသုတေသီ Dr. Vit Suwanvanichikij ကဆိုသည်။ မြန်မာနိုင်ငံ၏ လက်ရှိကျန်းမာရေးစောင့်ရှောက်မှုစနစ်ကို သူက “ကမ္ဘာပေါ်တွင် ပုဂ္ဂလိက အဆန်ဆုံး ကျန်းမာရေးစနစ်” ဟု သရုပ်ဖော်ဖွင့်ဆိုခဲ့၏။
ယခုအခါတွင် အစိုးရက ကျန်းမာရေးအသုံးစရိတ်ကို တိုးမြှင့်လိုက်သည် ဆိုသော်လည်း စုစုပေါင်း အသုံးစရိတ်၏ ၃ ရာခိုင်နှုန်းသာ ရှိသေးသည်။ ဒေါက်တာ တင်မျိုးဝင်းနှင့် ကျန်းမာရေးဆိုင်ရာ ကျွမ်းကျင်သူများကတော့ ထိုမျှသောပမာဏ သည် “လုံး၀ မလုံလောက်ပါ” ဟု မှတ်ချက်ပေးကြပါသည်။
( Samantha Michaels ၏ Public Hospitals Offer Free Medicine for Burma’s Poor ကို နိုင်မင်းသွင် ဘာသာပြန်သည်။)