Ethnic Issues

အစိုးရတပ်နှင့် TNLA တိုက်ပွဲ ဆက်တိုက်ဖြစ်နေ

This article has been converted from Zawgyi One to Unicode

Want create site? Find Free WordPress Themes and plugins.

ရှမ်းပြည်နယ်မြောက်ပိုင်း ပလောင်ဒေသရှိ (တအာင်း) ပလောင် အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) နှင့် မြန်မာအစိုးရ စစ်တပ်တို့ အကြား စစ်ပွဲများ ဆက်တိုက်ဖြစ်ပွားနေကြောင်း သိရသည်။

TNLA သည် ရှမ်းပြည်မြောက်ပိုင်း ကွတ်ခိုင်၊ နမ့်ခမ်း၊ မန်တုံ၊ နမ့်ဆန်၊ ကျောက်မဲ မြို့နယ်နှင့် မိုးမိတ် အထက်ပိုင်း မိုင်းငေါ့ မြို့နယ်တို့တွင် လှုပ်ရှား နေကြခြင်း ဖြစ်သည်။

မြန်မာအစိုးရသည် လက်နက်ကိုင် တပ်ဖွဲ့များ အားလုံးနီးပါးကို အပစ်အခတ် ရပ်စဲရေး လက်မှတ်ရေးထိုး နေစဉ်တွင် အစိုးရက စစ်အင်အားအပေါ်စီးဖြင့် အားနည်းသော ပလောင်အမျိုးသား လွတ်မြောက်ရေး တပ်မတော်ကို တိုက်ခိုက်နေကြောင်း TNLA မှ ဗဟိုကော်မတီဝင် မိုင်းအိုက်ညမ်းက ဧရာဝတီသို့ ပြောသည်။

“ကျနော်တို့ တပ်ကို အစိုးရနဲ့ ကချင် အပစ်အခတ်ရပ်ဆဲရေး ပြောဆိုတဲ့ နေ့ကနေစပြီး တိုက်ခိုက် လာပါတယ်။ အစိုးရက အရင်ကတည်းက အင်အားနည်းတဲ့ အဖွဲ့ကို အရင်ချေမှုန်း နေကျပါပဲ။ သူတို့က ကျနော်တို့ ရှိတဲ့နေရာကို လိုက်လိုက် တိုက်နေတာပါ။ ကျနော်တို့က ငြိမ်းချမ်းရေး ကိစ္စ ဘာမှ မဆွေးနွေးကြသေးဘူး” ဟု မိုင်းအိုက်ညမ်းက ဆိုသည်။

တအာင်း (ပလောင်) အမျိုးသား လွတ်မြောက်ရေး တပ်မတော် နမ့်ခမ်း မြို့နယ် အခြေစိုက် တပ်ရင်း ၄၇၈ စခန်းကို မေ ၃၀ မှ စတင်ကာ မြန်မာအစိုးရက စစ်ကြောင်း ၃ ကြောင်းဖြင့် တိုက်ခိုက်ခဲ့ပြီး ဇွန် ၄ ရက်တွင် ပလောင်ဒေသ နမ့်ဆမ့် မြို့နယ်အတွင်း တိုက်ပွဲ ဆက်တိုက် ဖြစ်ပွားလာခဲ့ကြောင်း၊ ယခု အချိန်အထိ တိုက်ပွဲများ မရပ်စဲ နိုင်သေးကြောင်း သိရသည်။

“မြန်မာအစိုးရက တအာင်း (ပလောင်) တပ်တွေရှိတဲ့ နေရာကိုလိုက်ရှာပြီး တိုက်တာပါ။ တအာင်း (ပလောင်) တပ်ကလည်း အကြီးမားကြီး မဟုတ်ဘူး။ အခုဆိုရင် ရွာသားတွေက လက်နက်ကြီးနဲ့ ရွာထဲ ပစ်ခတ်လာမှာကို စိုးရိမ်နေရပါတယ်” ဟု နမ့်လင်း ရွာသားတဦးက ဧရာဝတီသို့ ပြောသည်။

ထိုစစ်ပွဲ ဖြစ်ပွားမှုကြောင့် ရွာထဲသို့ လက်နက်များကျမည်ကို ကြောက်သဖြင့် မြို့ပေါ်သို့ သွားရောက် ခိုလှုံနေကြကြောင်း၊တိုက်ပွဲကြောင့် ရွာသားများ သေကြပြီး မည်မျှ ရှိသည်ကို မသိကြောင်း အဆိုပါ ရွာသားတဦးက ဆိုသည်။

အဆိုပါ တိုက်ပွဲနှင့် ပတ်သတ်ပြီး နမ့်ဆမ် ဒေသခံတဦးက “နမ့်ဆမ် မန်လွယ်တောင်ကျော် နားက ရွာမှာ ဖြစ်တာပါ။ သေနတ်သံတွေ ကတော့ ကြားတယ်။ ထိခိုက်မှု အခြေအနေကတော့ မသိဘူး။ ကျနော်တို့လည်း ထိခိုက်မှု ရှိ၊ မရှိကို လိုက်စုံစမ်း နေပါသေးတယ်” ဟု ဧရာဝတီသို့ ပြောသည်။

ပလောင် နယ်မြေအတွင်း အစိုးရတပ်နှင့် နေရာ တော်တော်များများ တိုက်ပွဲဖြစ်ပွားနေပြီး ရှေ့ဆက်လည်း ဖြစ်ရန် အခြေအနေ ရှိကြောင်း၊ စစ်ပွဲသည် နေရာပြောက်ကျား စနစ်ဖြင့် ဖြစ်ပွားမှု များနေကြောင်း၊ ငြိမ်းချမ်းရေး ဆွေးနွေးရန် ကမ်းလှမ်း ထားသော်လည်း ဆွေးနွေးရန် နေရာအခက်အခဲ ရှိနေသေးကြောင်း တအာင်း (ပလောင်) အမျိုးသား လွတ်မြောက်ရေး တပ်မတော်မှ မိုင်းအိုက်ညမ်းက ဆိုသည်။

တိုက်ပွဲကြောင့် ဒုက္ခသည်စခန်းများကို မန်တုံမြို့ပေါ်၊ ကွတ်ခိုင်မြို့နှင့် နမ့်ခမ်းမြို့များတွင် ဖွင့်လှစ်ထားခဲ့ပြီး ဒုက္ခသည် ၃ ထောင်ဝန်းကျင်ခန့် ရှိကြောင်း သိရသည်။

တအာင်း အမျိုးသား လွတ်မြောက်ရေး တပ်မတော်နှင့် အစိုးရ တပ်သည် ၂၀၁၂ ခုနစ် နှစ်ဆန်းပိုင်းမှ ယခုအချိန်အထိ တိုက်ပွဲပေါင်း ၁၀၀ ကျော်ခန့် ဖြစ်ပွားခဲ့ကြောင်း သိရသည်။

တအာင်း (ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော်အဖွဲ့ ဥက္ကဋ္ဌနှင့် ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်း ကော်မတီ ဒုဥက္ကဋ္ဌ ဝန်ကြီး ဦးအောင်မင်း ခေါင်းဆောင်သည့် အဖွဲ့နှင့် ပြီးခဲ့သည့်နှစ် ဖေဖော်ဝါရီတွင် ထိုင်းနိုင်ငံ ချင်းမိုင်မြို့၌ အလွတ်သဘော တကြိမ်တွေ့ဆုံခဲ့ပြီး ယနေ့အချိန်အထိ ထပ်မံတွေ့ဆုံခြင်း မရှိသေးကြောင်း သိရသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading