ကမ္ဘာလှည့် ခရီးသွားများကို စွဲဆောင်နိုင်မယ့် ကုန်းဘောင်မင်းဆက် နောက်ဆုံးစံရာ မန္တလေးနန်းတော်ကို သမိုင်းဝင်ယဉ်ကျေးမှု နယ်မြေ (Historical Park) အဖြစ် ပြောင်းလဲဖို့ ယဉ်ကျေးမှုဝန်ကြီးဌာနက မန္တလေးတိုင်း ဒေသကြီးအစိုးရကို ဒီနေ့ လွှဲပြောင်းပေး လိုက်ပြီဖြစ်ပါတယ်။
၂၀၀၈ ဖွဲ့စည်းပုံ ပုဒ်မ ၁၈၈ ပါ ယဉ်ကျေးမှု အမွေအနှစ်များ ထိန်းသိမ်း၊ စီမံခန့်ခွဲရေးအတွက် မန္တလေးတိုင်း ဒေသကြီးအစိုးရကို လွှဲ ပြောင်းပေးလိုက်တာ ဖြစ်ပြီး တိုင်းဒေသကြီး အစိုးရကတဆင့် ပုဂ္ဂလိက စီးပွားရေးလုပ်ငန်းရှင်တွေ လက်ထဲကို လွှဲအပ်မှာဖြစ်တယ် လို့ သိရပါတယ်။
ကမ္ဘာလှည်ခရီးသွားနဲ့ ပြည်သူတွေ လေ့လာအပန်းဖြေဖို့ ဥယျာဉ်နဲ့ အမှတ်တရပစ္စည်း အရောင်းဆိုင်တွေ၊ စားသောက်ဆိုင်တွေ ပါဝင်မယ့် အဲဒီ Historical Park အစီအစဉ်ကို ပြီးခဲ့တဲ့ နှစ် သြဂုတ်လက တင်ဒါ ခေါ်ယူခဲ့တာဖြစ်ပြီး အကြီးစား စီးပွားရေး လုပ်ငန်းရှင် တဦးဖြစ်တဲ့ ဦးတိုးနိုင်မန်းက ရရှိထားတယ်လို့ အတည်မပြုနိုင်သေးတဲ့ သတင်းတွေက ဆိုပါတယ်။
၂မိုင် ပတ်လည်ကျယ်တဲ့ မန္တလေးနန်းတော်မှာ မြနန်းစံကျော် ရွှေနန်းတော်၊ နန်းတည် မင်းတုန်းမင်းနဲ့ ဆွေတော်မျိုးတော် တွေရဲ့ အုတ်ဂူတွေ၊ တောင်- မြောက် ဥယျာဉ်တော်၊ မင်းညီမင်းသားတွေ ပျော်ပါးရာ ဗုတ်တလုတ်ကန်၊ ကျူံးမြို့ရိုး နဲ့ ဒင်္ဂါးစက်ရုံတွေကို သာ အပန်းဖြေ လေ့လာနိုင်တဲ့နေရာတွေ အဖြစ် ပြောင်းလဲမှာ ဖြစ်ပါတယ်။
မန္တလေးတိုင်း ရှေးဟောင်းသုတေသန ဦးစီးမှူး ဦးညိုမြင့်ထွန်းကတော့ “ကမ္ဘာလှည် ခရီးသွား လုပ်ငန်းနဲ့ ဆက်စပ်ပြီး တိုးတက် အောင် လုပ်တဲ့သဘော၊ ဝင်ငွေကောက်တာတို့ အများစိတ်ဝင်တစား စွဲဆောင်မှုရှိအောင်လုပ်တာ ၊ မီဒီယာနဲ့ လမ်းညွန်တာတို့ကို သူတို့ဘာသာ သူတို့လုပ်ခွင့်ရမှာပါ”လို့ ဆိုပါတယ်။
ဒါပေမယ့် သမိုင်းဝင်နေရာတွေ ပြုပြင်ရေး အပိုင်းကတော့ ယဉ်ကျေးမှု ဝန်ကြီးဌာန ရှေးဟောင်းသုတေသန အောက်မှာပဲ ထားရှိ သွားမှာ ဖြစ်ပြီး ရှေးဟောင်းသုတေသန အနေနဲ့ လောလောဆယ် ၆လခန့် စီမံခန့်ခွဲမှု အပိုင်းကို တာဝန်ယူ ကြပ်မတ်ပေးမှာဖြစ်ပါ တယ်။
ဒီလို အဆင့်မြင့် Historical Park လုပ်မယ်ဆိုရင် နန်းတော်အတွင်း ဝင်ရောက်လေ့လာခွင့် အတွက် ပေးရတဲ့ အခကြေးငွေ က တော့ ဈေးနှုန်း မြင့်တက်လာမှာ မလွဲပါ။
အရင်က နိုင်ငံခြားသား တဦးဟာ မန္တလေး မြနန်းစံကျော် ရွှေနန်းတော်သာမက မန္တလေးတဝိုက် သမိုင်းဝင် ရွှေကျောင်း၊ အတုမရှိ၊ အမရပူရ ဗားကရာ၊ အင်း၀ ဗားကရာ၊ မယ်နုအုတ်ကျောင်း နေရာစုံကို အမေရိကန် ၁၀ ဒေါ်လာနဲ့ လေ့လာနိုင်ပေမယ့်၊ မနက်ဖြန် ကစပြီး မြနန်းစံကျော် ရွှေနန်းတော် တခုတည်းပင် ၁၀ ဒေါ်လာ ကောက်ခံတော့မှာ ဖြစ်ပါတယ်။
မြန်မာနိုင်ငံသားတွေ ကိုတော့ ဝင်ကြေး ၂၀၀ ကျပ်၊ ဗီဒီယိုကင်မရာ တလုံးကို ၃၀၀၀ ကျပ် ကောက်ခံပါတယ်။
မန္တလေးနန်းတော်အတွင်းမှာ အခြေစိုက်တဲ့ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်ကတော့ ပြောင်းရွှေ့မှာမဟုတ်ပါဘူး၊ အင်္ဂလိပ်လက် ထက်ကတည်းက အခြေစိုက်ခဲ့တဲ့ စစ်တပ်အိမ်ရာတွေဟာ ဒီနေ့အချိန်မှာတော့ မြင်မကောင်းအောင် ပျက်စီးယိုယွင်းနေပါတယ်။
ဒုတိယကမ္ဘာစစ်အတွင်း ဗုံးဒဏ်ကြောင့် ပျက်စီးခဲ့ရတဲ့ နန်းတော်ကြီးကို ၁၉၈၈ ခုနှစ် စစ်အာဏာသိမ်း အစိုးရ လက်ထက်မှာ ပြန် လည် တည်ဆောက်ခဲ့တာ ဖြစ်ပါတယ်။
အလားတူ ကုန်းဘောင်မင်းဆက် အစ အလောင်းမင်းတရားရဲ့ မြို့တည် နန်းတည် ရွှေဘို ရတနာမင်္ဂလာ နန်းတော်ကိုလည်း ဒီနေ့မှာပဲ စစ်ကိုင်းတိုင်းဒေသကြီး အစိုးရကို လွဲပြောင်းပေးလိုက်ပြီဖြစ်ပါတယ်။
ထိုင်းနိုင်ငံသားတွေ အထူးစိတ်ဝင်စားတဲ့ ပဲခူးက မ္ဘောဇသာဒီ နန်းတော်ကိုလည်း ပဲခူးတိုင်းဒေသကြီး အစိုးရဆီကို လွှဲပေးပြီးဖြစ် ပါတယ်။
ပြုပြင်ပြောင်းလဲရေးကို ပြုလုပ်လာတဲ့ အစိုးရသစ် လက်ထက်မှာ မြန်မာနိုင်ငံကို လာရောက်လေ့လာလိုသူတွေ များပြားလာရာ ပြီးခဲ့တဲ့ ရက်ပိုင်းက နေပြည်တော်မှာ ကျင်းပတဲ့ အရှေ့အာရှဆိုင်ရာ ကမ္ဘာ့ စီးပွားရေးဖိုရမ်မှာ ကမ္ဘာလှည့်ခရီးသွား လုပ်ငန်း တိုးတက်ဖို့ အာရှဖွံဖြိုးရေးဘဏ်က အမေရိကန် ဒေါ်လာ သန်း ၅၀၀ ကူညီမယ်လို့ ပြောဆိုသွားတယ်လို့ သိရပါတယ်။