ကိုဗစ်ရောဂါ ထိန်းချုပ်ကာကွယ်နိုင်ရန် မလေးရှားနိုင်ငံတွင် မတ်လ ၁၈ ရက်နေ့နောက်ပိုင်း အလုပ်ရုံများ၊ စားသောက်ဆိုင်များ ပိတ်ထားခဲ့မူ့ကြောင့် ထောင်၊သောင်းချီသည့် မြန်မာရွှေ့ပြောင်းအလုပ်သမားများ အလုပ်ပြုတ်ခဲ့ကြရသည်။ အဓိကအားဖြင့် မြို့ ပြစားသောက်ဆိုင်လုပ်ငန်း၊ စက်ရုံနှင့် သန့်ရှင်းရေး လုပ်ငန်းများတွင် လုပ်နေသည့်မြန်မာအလုပ်သမားအများစု အလုပ်ပြုတ်ခဲ့သည်။
ကျနော်တို့က တလရတဲ့လစာကို လစဉ်မြန်မာနိုင်ငံကို ပြန်ပို့နေခဲ့တာ၊ ကျနော်တို့မှာ စုဆောင်ထားတာ မရှိပါဘူး၊ လကုန်ရင် အိမ်လခမပေးနိုင်တော့လို့ အိမ်ရှင်က နှင်ချနေပြီ၊ တချို့အလုပ်သမားတွေကတော့ သူတို့ သူငယ်ချင်းတွေနဲ့ စုနေကြတယ်။ ကျနော်တို့ တော့ ဘယ်မှာ နေရမှန်း မသိသေးပါဘူး
ဟု မကွေးတိုင်းဒေသကြီး ပခုက္ကူမြို့နယ်မှ ကိုမင်းမင်းကပြောပြသည်။
မလေးရှားနိုင်ငံအခြေစိုက် Tenaganita အမျိုးသမီးများနှင့် အလုပ်သမားအခွင့်အရေးအဖွဲ့၏ အမှုဆောင်ညွှန်ကြားရေးမှူး Ms Glorene Das က ရွှေ့ပြောင်းအလုပ်သမားများအကြား Covid-19 ကူးစက်မှုအသစ်ဖြစ်ပေါ်နိုင်မှုသည် အလွန်စိုးရိမ်ဖွယ်ဖြစ်ကြောင်း The Straits Times သတင်းစာကို ပြောကြားခဲ့သည်။ ၎င်းမှာ ဆက်လက်ပြီး “ရွှေ့ပြောင်းအလုပ်သမားများအနေနဲ့ ပိုပြီး ရောဂါကူးစက်ခံရဖို့ ဖြစ်နိုင်ပါတယ်။ သူတို့ဟာ လူစုလူဝေးနှင့် နေထိုင်သူများဖြစ်ကြပြီး၊ အစိုးရလမ်းညွန်ထားတဲ့အတိုင်း တဦးနှင့် တဦး ဝေးဝေးနေဖို့ မဖြစ်နိုင်ပါဘူး။ စာရွက်စာတမ်းအထောက်အထားမရှိတဲ့ အလုပ်သမားတွေကလည်း ဖမ်းဆီးခံရမှာ စိုးရိမ်ကြတာကြောင့် ဆေးစစ်ဖို့ ငြင်းဆန်တာတွေလည်း ရှိနေပါတယ်” ဟု ဆိုသည်။