သတင်း

ကြံ့ခိုင်ရေးပါတီပိုင်မြေများ လယ်သမားများထံ ပြန်ပေးရန်ပြင်ဆင်

This article has been converted from Zawgyi One to Unicode

Want create site? Find Free WordPress Themes and plugins.

ဧရာဝတီတိုင်းဒေသကြီး ငပုတောမြို့နယ် သက္ကာယ်သောင်အုပ်စု အောင်ခိုင်ကျေးရွာရှိ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီပိုင်မြေ ၈၁၄.၃၇ ဧကအား ဒေသခံ လယ်သမားများထံ ပြန်လည်ပေးအပ်ရန် တိုင်းတာမှုများ လုပ်ဆောင်နေပြီဖြစ်ကြောင်း သတင်းရရှိသည်။

အောင်ခိုင်ကျေးရွာရှိ ကွင်းအမှတ် ၁၇၇၄ (က) နှင့် (ခ) မှလယ်ယာမြေများအား အစိုးရ မွေးမြူရေးနှင့်ရေလုပ်ငန်းဝန်ကြီးဌာနက ရေငန်ပုစွန်မွေးမြူရေးအတွက် ၁၉၈၆ ခုနှစ်တွင် သိမ်းယူခဲ့ခြင်းဖြစ်ပြီး ၁၉၉၇ ခုနှစ်တွင် ပုသိမ်အခြေစိုက် အနောက်တောင်တိုင်းစစ်ဌာနချုပ် (နတခ) သို့လည်းကောင်း၊ ၂၀၀၇ ခုနှစ်တွင် နတခမှ ကြံ့ခိုင်ရေးအသင်းသို့ လည်းကောင်း အသီးသီး လွှဲပြောင်းပေးခဲ့သည်။

လယ်မြေများပြန်ရလိုကြောင်း ဒေသခံလယ်သမားများက ဧရာဝတီတိုင်းအစိုးရထံ တင်ပြ တောင်းဆိုခဲ့ရာ တိုင်းအစိုးရနှင့် ကြံ့ခိုင်ရေးပါတီ (ဗဟိုဌာနချုပ်) တို့ ညှိုနှိုင်းပြီးနောက် ကြံ့ခိုင်ရေး ပါတီက ယင်းမြေများအား နိုင်ငံတော်သို့ ပြန်လည်အပ်နှံခဲ့သည်။

ယခုအခါ အဆိုပါ လယ်ယာမြေများအား တိုင်းအစိုးရ၏ကြီးကြပ်မှုဖြင့် အောင်ခိုင်ကျေးရွာမှ မူလပိုင်ရှင် လယ်သမား ၅၄ ဦးထံပြန်လည်ပေးအပ်ရန် ပြင်ဆင်နေခြင်းဖြစ်သည်။

“လယ်ယာမြေတွေကို မိုးရာသီစိုက်ပျိုးချိန်အမီ မူလပိုင်ရှင်လယ်သမားတွေကို ပေးအပ်သွားမှာပါ။ တိုင်းတာမှုတွေတော့ ဧက ၂၇၀ လောက် ပြီးစီးသွားပါပြီ။ ပိုင်ရှင် တဦးချင်းအလိုက် ၁ ကွက်ချင်း တိုင်းတာပေးနေပါတယ်။ ၁ ပတ်အတွင်း အားလုံးပြီးစီးဖို့ လုပ်ဆောင်နေပါတယ်”ဟု ငပုတောမြို့နယ် အုပ်ချုပ်ရေးမှူး ဦးဝင်းကိုကိုက ဧရာဝတီကို ပြောသည်။

သိမ်းဆည်းစဉ်က ဦးပိုင်အမည်ပေါက် လယ်ယာမြေများဖြစ်သော်လည်း ဧက ၃၈၀ ကျော်ကို ပုစွန်မွေးမြူရေးကန်အဖြစ် ပြုလုပ်ခဲ့သည့်အတွက် လက်ရှိတွင် စပါးစိုက်ပျိုးနိုင်သော ဧရိယာမှာ ၃၃၅ ဧကသာ ကျန်ရှိတော့သည်။

“ကျနော်တို့အနေနဲ့ မိုးစပါးစိုက်ချိန်မီအောင်လို့ လယ်မြေတွေကို ဦးစားပေးတိုင်းတာပါတယ်။ လယ်မြေတွေတိုင်းပြီးရင် ပုစွန်ကန်နေရာတွေကို ဆက်လက်တိုင်းတာပြီး ပိုင်ရှင်ထံ ပြန်အပ်မှာပါ။ လက်ရှိမှာတော့ လယ်ထဲရော ပုစွန်ကန်မှာရော မိုးရွာထားတော့ ရေတွေပြည့်နေလို့ တိုင်းတာရတာ အတော်လေး ခက်ခဲတဲ့အနေအထားရှိတယ်”ဟု ဦးဝင်းကိုကိုက ပြောသည်။

ယင်းလယ်မြေနှင့်ပုစွန်ကန်များအား မွေး/ရေဌာနက နတခထံ လွှဲပြောင်းပေးပြီးနောက် နတခ က ဝမ်တိုးကုမ္ပဏီနှင့် အကျိုးတူပူးပေါင်း လုပ်ကိုင်ခဲ့ပြီး ၂၀၀၇ ခုနှစ်တွင် ကြံ့ခိုင်ရေးအသင်းသို့ လွှဲပြောင်းပေးခဲ့ရာ ကြံ့ခိုင်ရေးအသင်းကလည်း ဝမ်တိုးကုမ္ပဏီနှင့်ပင် ၂၀၁၂ ခုနှစ်အထိ အကျိုးတူဆက်လက်လုပ်ကိုင်ခဲ့သည်။

ယင်းမြေနေရာတွင် “ပြည်ခိုင်ဖြိုးပါတီ(ဗဟိုဌာနချုပ်)ပိုင်မြေ။ မကျူးကျော်ရ”ဟူ၍ ဆိုင်းဘုတ် ထောင်ထားပြီး ပြည်ထောင်စုလွှတ်တော်မှ လယ်ယာမြေနှင့်အခြားမြေများ သိမ်းဆည်းခံရမှု စုံစမ်းစစ်ဆေးရေးကော်မရှင်ဥက္ကဋ္ဌ ဦးတင်ထွဋ် ငပုတောမြို့သို့ ကွင်းဆင်းစစ်ဆေးသည့် အချိန်ကျမှသာ ဆိုင်းဘုတ်ကို ဖြုတ်ချခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

မူလပိုင်ရှင် လယ်သမားများ လက်ဝယ်သို့ လယ်ယာမြေများ ပြန်လည်ရောက်ရှိ တော့မည့်အတွက် ဝမ်းသာမိကြောင်း ကြံ့ခိုင်ရေးပါတီမှ ငပုတောမြို့နယ် တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးအေးကြည်က ပြောသည်။

“ကျနော်က ပြည်ခိုင်ဖြိုးပါတီကဖြစ်ပေမယ့် နစ်နာဆုံးရှုံးခဲ့ရတဲ့ လယ်သမားတွေကို သူတို့လယ်တွေ ပြန်ရစေချင်ပါတယ်။ ဒါကြောင့်လည်း ဒုတိယအကြိမ် တိုင်းလွှတ်တော် အစည်းအဝေးမှာ အောင်ခိုင်ကျေးရွာက လယ်မြေကိစ္စကို ကြယ်ပွင့်ပြမေးခွန်းအဖြစ်နဲ့ တင်ပြမေးမြန်းခဲ့တာ ဖြစ်ပါတယ်။ အခု မိုးရာသီအမီ လယ်တွေပြန်မရဘူးဆိုရင် လွှတ်တော်မှာ  ကျနော် ဒုတိယအကြိမ် ထပ်ပြီးအဆိုတင်ဖို့ စိတ်ကူးထားတာပါ။ ခုလိုပြန်ရသွားတော့ လယ်သမားတွေအတွက် ဝမ်းသာမိပါတယ်”ဟု သူက ပြောသည်။

မြန်မာနိုင်ငံ အာဏာရပါတီ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီသည် ပါတီအဖြစ်အသွင်မပြောင်းမီ ကြံ့ခိုင်ရေးအသင်းဘဝက ဧရာဝတီတိုင်းဒေသကြီးရှိ မြို့နယ်အချို့တွင် လယ်ယာမြေများသိမ်းဆည်း၍ စီးပွားရေးလုပ်ကိုင်မှုများ ရှိခဲ့သည်။

ကြံ့ခိုင်ရေးအသင်းကာလ  ၂၀၀၃ ခုနှစ်တွင် မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ် မိုးကုတ်ဒီးဒုတ်ကွင်းရှိ လယ်ဧက ၃၈၀ ကျော်ကို  လျော်ကြေးမပေးဘဲ သိမ်းယူ၍ ငါးကန်များ တူးဖော်လုပ်ကိုင်ခဲ့ကြောင်း၊ ယင်းငါးကန်များတွင် ယနေ့တိုင် ငါးများမွေးမြူ လုပ်ကိုင်နေကြောင်း လယ်သိမ်းခံခဲ့ရသည့် လယ်သမားများက ပြောသည်။

ငါးကန်များ တူးဖော်ခဲ့သည့် လယ်ယာများအတွက် နစ်နာကြေးရလိုသဖြင့် ဖြေရှင်း ဆောင်ရွက်ပေးပါရန် လယ်မြေဆုံးရှုံးခဲ့သူ လယ်သမား ၅၉ ဦးက ဝန်ကြီးချုပ် ဦးသိန်းအောင်ထံ ပြီးခဲ့သည့် ၂၀၁၂ ခုနှစ် စက်တင်ဘာလက စာရေးသားတိုင်တန်းခဲ့သော်လည်း ယနေ့တိုင် ထူးခြားမှုမရှိကြောင်း လယ်သမားများက ဆိုသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading