မြန်မာနိုင်ငံ ပြည်သူ့လွှတ်တော်ဥက္ကဌ သူရဦးရွှေမန်းက သမ္မတရာထူးကို ၂၀၁၅ ခုနှစ်တွင် ဆက်ခံရန် စိတ်ဝင်စားကြောင်း ပြီးခဲ့သည့် သောကြာနေ့က နေပြည်တော် ကမ္ဘာ့စီးပွားရေး ဖိုရမ်တွင် ဧရာဝတီသို့ ပြောဆိုခဲ့ခြင်းကို ယမန်နေ့ ဝါရှင်တန်မြို့ ဗီအိုအေ သတင်းဌာနနှင့် တွေ့ဆုံရာတွင်လည်း ထပ်မံ အတည်ပြုပြောဆိုသည်။
“ဟုတ်ကဲ့၊ ကျနော် ဖြစ်ချင်ပါတယ်” ဟု သမ္မတရာထူးနှင့် ပတ်သက်၍ ဧရာဝတီသတင်းထောက်က မေးမြန်းစဉ် သူရဦးရွှေမန်းက ပြောခဲ့သည်။ သို့သော် သမ္မတဖြစ်ဖို့ စိတ်ဆန္ဒ ရှိသူသည် မဲဆန္ဒရှင်များ၏ ထောက်ခံမှု အပြင် ကိုယ်စားပြုပါတီ၏ ထောက်ခံမှုလည်း ရရှိရန် လိုအပ်သည်ဟု လက်ရှိ အာဏာရ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ ဥက္ကဌလည်း ဖြစ်သည့် သူရဦးရွှေမန်း က ဆိုသည်။
“ဒါက ကျနော်တို့ ပါတီနဲ့ ကျနော်တို့ပြည်သူတွေအပေါ်မှာ အဓိကမူတည်ပါတယ်” ဟု သူ၏ သမ္မတရာထူးမျှော်လင့်ချက် နှင့် ပတ်သက်၍ ရည်ညွှန်းပြောဆိုလိုက်သည်။
ယခုအခါ အမေရိကန်ပြည်ထောင်စုကို ရောက်ရှိနေပြီး ဗီအိုအေနဲ့ သီးသန့်တွေ့ဆုံမေးမြန်းရာမှာ ဦးရွှေမန်းက သမ္မတရာထူး တာဝန်ယူဖို့ ဆန္ဒရှိကြောင်း ထပ်မံအတည်ပြုပြောဆိုပြီး ဒေါ်အောင်ဆန်းစုကြည် သမ္မတ ဖြစ်လာစေရေး အကန့်အသတ်များ ရှိနေသော ၂၀၀၈ ခုနှစ် အခြေခံဥပဒေပါ အချက်အလက်များအား ပြင်ဆင်ရေး အများက သဘောတူမည်ဆိုလျှင် သူ့အနေဖြင့် ကန့်ကွက်ရန် မရှိဟု ဦးရွှေမန်းက ပြောဆိုသည်။
အတိုက်အခံခေါင်းဆောင် နိုဘယ်ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည်ကလည်း သမ္မတရာထူးကို လိုချင်ကြောင်း ပြီးခဲ့သည့် ကြာသပတေးနေ့တွင် ထပ်မံအတည်ပြုပြောကြားခဲ့သည့် အတွက် နောက်လာမည့် သမ္မတ သည် သူရ ဦးရွှေမန်း သို့မဟုတ် ဒေါ်အောင်ဆန်းစုကြည်ဖြစ်လိမ့်မည်ဟု ယူဆရန် အကြောင်းတွေ များလာသည်။
မြန်မာနိုင်ငံ၏ သမ္မတကို လွှတ်တော်ကိုယ်စားလှယ်များက ရွေးချယ်ခြင်းဖြစ်သည်။ ထို့ကြောင့် ၂၀၁၅ ခုနှစ်တွင် ကျင်းပရန် စီစဉ်ထားသည့် ရွေးကောက်ပွဲတွင် မည်သည့်ပါတီက အနိုင်ရမည်ဆိုသည်က အရေးပါလာသည်။
သို့သော်လည်း သူရဦးရွှေမန်း နှင့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး တပါတီထဲဖြစ်သော လက်ရှိသမ္မတ ဦးသိန်းစိန် ကလည်း ပြိုင်ပွဲတွင် အကျုံးဝင်နေသေးသည်။ ဦးသိန်းစိန်အနေဖြင့် ကနဦး အစောပိုင်းက သက်တမ်းတကြိမ်သာ တာဝန်ယူမည်ဟု ပြောခဲ့သော်လည်း အမေရိကန်ခရီးစဉ်အတွင်း အများက တောင်းဆိုပါက ထပ်မံလုပ်ဆောင်မည်ဟု စကားဦးသန်းဖူးသည်။ သို့သော် ကြံ့ခိုင်ရေးပါတီ ဥက္ကဌ နေရာကို ဖယ်ပေးထားပြီး ဖြစ်ရာ ဦးသိန်းစိန်အနေအထားမှာ မှန်းရခက်ကြီး ဖြစ်နေသည်။
သူရ ဦးရွှေမန်း နှင့် ဦးသိန်းစိန်သည် ယခင်က အဆင့်မြင့် စစ်ဗိုလ်ချုပ်ကြီးများ ဖြစ်ခဲ့ကြသော်လည်း စစ်အစိုးရ ခေတ်တွင် ကြည်း၊ ရေ၊ လေ ပေါင်းစပ် ညှိနှိုင်းကွပ်ကဲရေးမှူး တာဝန်ထမ်းဆောင်ခဲ့သည့် သူရဦးရွှေမန်းက ဝန်ကြီးချုပ်တာဝန်ယူခဲ့သော ဦးသိန်းစိန် ထက် ရာထူးမြင့်ပြီး၊ ၂၀၁၀ အထိ စစ်အာဏာရှင်အဖြစ် တိုင်းပြည်ကို အုပ်ချုပ်ခဲ့သူ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၊ ၎င်း၏ လက်ထောက် ဒုတိယဗိုလ်ချုပ်မှူးကြီး မောင်အေး တို့နှင့် အတူ စစ်အစိုးရ၏ ထိပ်သီးခေါင်းဆောင် သုံးယောက် စာရင်းဝင်ခဲ့သူလည်းဖြစ်သည်။
ပြည်ထောင်စုကြံခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီသည် ၂၀၁၀ခုနှစ် ရွေးကောက်ပွဲတွင် အများလှောင်ပြောင်ချင်စရာ အနိုင်ရမှုမျိုးနှင့် အကြီးအကျယ် အနိုင်ရရှိခဲ့သော်လည်း ၂၀၁၅ ခုနှစ်ရွေးကောက် ပွဲတွင်မူ ဒေါ်အောင်ဆန်းစုကြည်၏ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် နောက် ဒုတိယ အလားအလာ အကောင်းဆုံးပါတီ အနေဖြင့်သာ ဝင်ရောက်ရမည့် အနေအထားဖြစ်သည်။ ၂၀၁၂ ခုနှစ် ဧပြီလတွင်ကျင်းပခဲ့သည့် ကြားဖြတ်ရွေးကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က မဲဆန္ဒနယ် ၄၄ ခု တွင် ဝင်ရောက်ယှဉ်ပြိုင်ရာ တနေရာသာ ရှုံးနိမ့်ခဲ့သည်။ ကြိုတင်ပြောဆိုနေမှုများအတိုင်း ၂၀၁၅ ရွေးကောက်ပွဲသည် လွတ် လပ်ပြီးတရားမျှတမည်ဆိုပါက အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က အကြီးအကျယ် အောင်ပွဲခံဖွယ်ရှိနေသည်။
သို့သော်လည်း လက်ရှိအချိန်တွင် ဒေါ်အောင်ဆန်းစုကြည်၏ သားနှစ်ဦးသည် ဗြိတိန်နိုင်ငံသားများဖြစ်နေသည့် အတွက် သမ္မတဖြစ်မလာနိုင်ပေ။ ထို့ကြောင့် ၂၀၁၅ ရွေးကောက်ပွဲတွင် အနိုင်ရရှိပါက ဒေါ်အောင်ဆန်းစုကြည် သမ္မတတာဝန် ထမ်းဆောင်နိုင်ရန်အတွက် တိုင်းပြည်၏ အခြေခံဥပဒေကို ပြင်ဆင်နိုင်ရေးကို အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က တွန်း အားပေးလုပ်ဆောင်နေသည်။
မတ်လ ၁၅ ရက်နေ့က အခြေခံဥပဒေ ပြင်ဆင်နိုင်ရေးအတွက် ကော်မရှင်တရပ်ဖွဲ့စည်းရန် ကြံ့ခိုင်ရေးပါတီမှ လွှတ်တော်ကိုယ်စားလှယ်များက အဆိုတင်သွင်းခဲ့ကြသည်။ ၂၀၀၈ ဖွဲ့စည်းပုံ အခြေအနေကို စစ်အစိုးရက အငြင်းပွားဖွယ် အခြေအနေများ အောက်တွင် ပြည်လုံးကျွတ်ဆန္ဒခံယူပွဲ ပြုလုပ်ကျင်းပကာ အတည်ပြုပြဌာန်းခဲ့ခြင်း ဖြစ်သည်။ ၎င်းဆန္ဒ ခံယူပွဲ ကျင်းပစဉ်အခါက ဧရာဝတီတိုင်း မြစ်ဝကျွန်းပေါ်ဒေသတွင် နာဂစ် မုန်တိုင်း၏ ဒဏ်ကို ပြင်းထန်စွာ ခံစား နေရချိန်ဖြစ်သည်။ နာဂစ်မုန်တိုင်းကြောင့် လူ ၁၄၀၀၀၀ ခန့် သေဆုံးခဲ့ပြီး လူသုံးသန်း ကျော် အိုးမဲ့ အိမ်မဲ့ဖြစ်ခဲ့ရသည်။
ဒေါ်အောင်ဆန်းစုကြည်က ကြာသပတေးနေ့တွင် ပြောကြားခဲ့ရာ၌ အခြေခံဥပဒေကို ပြင်ဆင်သည်ဆိုရာတွင် သူ သမ္မတ ရာထူး ရယူနိုင်ရေးတခုထဲ အတွက်သာ ဦးတည်မည်မဟုတ်ဘဲ စစ်အုပ်ချုပ်ရေးမှ ပါလီမန်ဒီမိုကရေစီ စံနစ်သို့ အသွင်ကူး ပြောင်းရေးတွင် အနှောက်အယှက် အဟန့်အတားတခုသဖွယ်ဖြစ်နေသည့် လွှတ်တော်တွင် စစ်တပ်က ၂၅ ရာခိုင်နှုံးနေရာ ယူထားခြင်းကိုလည်း ဖယ်ရှားနိုင်ရန်ဖြစ်သည် ဟုဆိုသည်။
ဥပဒေပြု လွှတ်တော်အတွင်း စစ်တပ်၏ အခန်းကဏ္ဍ လျှော့ချနိုင်ရေး ကြာသပတေးနေ့က နေပြည်တော် ကမ္ဘာ့ စီးပွားရေးဖိုရမ် ဆွေးနွေးဝိုင်းတွင် မေးမြန်းခဲ့ရာ၌ လွှတ်တော်ဥက္ကဌ သူရဦးရွှေမန်းက သမ္မတရာထူးနေရာနှင့် ပတ်သက်၍ ဖြေကြားခဲ့သည်နှင့် ထပ်တူဖြေခဲ့သည်။ “ပြောင်းလဲရေးလုပ်တဲ့နေရာမှာ ပြည်သူတွေရဲ့ဆန္ဒက အရေး အကြီးဆုံး ဖြစ်ပါတယ်” ဟု သူရဦးရွှေမန်းက ဆိုသည်။
ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး၏ ရည်ရွယ်ချက်တခုသည် ဒေါ်အောင်ဆန်းစုကြည် သမ္မတ ရာထူး ရယူနိုင်ရေး အတွက် ဖြစ်သည်ဟု ဆိုသော်ငြား မြန်မာနိုင်ငံမှ နိုင်ငံရေးပါတီငယ် အချို့က လိုလားသော အခြေခံဥပဒေ ပြင်ဆင် ရေးက တော့ ဒေါ်အောင်ဆန်းစုကြည်၏ မျှော်လင့်ချက်များကို လျော့ပါးစေနိုင်သည်။
တချိန်က စစ်တပ်ကျောထောက်နောက်ခံ ပါတီဖြစ်ခဲ့ဖူးသည့် တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီ အပါအဝင် ပါတီငယ် အတော်များများက ရွေးကောက်ပွဲစံနစ်ကို တမဲသာသူ အနိုင်ယူနိုင်သည့် စံနစ်အစား အချိုးကျရွေးချယ်သည့် စံနစ်ကို ပြောင်းလဲစေချင်ကြသည်။ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ကတော့ အချိုးကျရွေးချယ်သည့် စံနစ်ကို ဆန့်ကျင်ကန့်ကွက် ထားသည်။ ပါတီငယ်များက လက်ရှိရွေးကောက်ပွဲစနစ် ကြောင့် ၂၀၁၅ တွင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က အကြီး အကျယ်အနိုင်ရရှိသွားလိမ့်မည်ဟု ယူဆထားကြသည်။ အချိုးကျ ပါဝင်သည့်စံနစ်ကို ကျင့်သုံးပါက ပါတီငယ်များ လည်း လွှတ်တော်တွင်ပါဝင်ခွင့်ရလာနိုင်ပြီး မြန်မာနိုင်ငံတွင် ညွှန့်ပေါင်းအစိုးရတခု ပေါ်ပေါက်လာရန် အလားအလာများ ရှိနေသည်။
ဖိုရမ်တွင် ဆွေးနွေးလိုပါက – သမ္မတသစ် ဘယ်သူဖြစ်မလဲ