သတင်း

ရာဇာမင်းကား ဓားပြတိုက် လူသတ်မှု လက်နက်ကိုင် အဖွဲ့အစည်းနှင့် ဆက်စပ်ဟုဆို

This article has been converted from Zawgyi One to Unicode

Want create site? Find Free WordPress Themes and plugins.

မွန်ပြည်နယ်၊ သထုံမြို့နယ်၊ တောင်စွန်းကျေးရွာအနီးတွင် ရာဇာမင်း ခရီးသည်တင်ကားကို ခရီးသည် အယောင်ဆောင် ထားသူ အမျိုးသား ၅ ဦးက ဓားပြတိုက် လူသတ်ခဲ့သည့် ဖြစ်စဉ်သည် လက်နက်ကိုင် အဖွဲ့အစည်းမှ အဖွဲ့ဝင်များနှင့် ပတ်သက်နိုင်ကြောင်း သထုံမြို့နယ် ရဲတပ်ဖွဲ့မှူးက ဧရာဝတီသို့ ပြောသည်။

ဇွန်လ ၈ ရက်နေ့ ည ၉ နာရီက မွန်ပြည်နယ် ကျိုက္ခမီမြို့မှ ရန်ကုန်မြို့သို့ ရာဇာမင်း ခရီးသည်တင်ကားသည် သထုံမြို့နယ် တောင်စွန်း ကျေးရွာအနီးသို့ ရောက်ချိန်၌ ကားပေါ်တွင် လိုက်ပါလာသော ခရီးသည်များထဲမှ အမျိုးသား ၅ ဦးက အသင့် ယူဆောင်လာသော သေနတ်များထုတ်ကာ ခရီးသည်များထံမှ ရွှေ၊ ငွေပစ္စည်းများကို ဓားပြတိုက်ခဲ့ကြောင်း၊ ယာဉ် နောက်လိုက်ကို ပစ်သတ်ခဲ့ပြီး ယာဉ်မောင်းမှာလည်း သေနတ်ဒဏ်ရာ ရရှိခဲ့သဖြင့် ဆေးရုံသို့ တင်ပို့ခဲ့သော်လည်း သေဆုံး သွားခဲ့ကြောင်း သိရှိရသည်။

လတ်တလော စစ်ဆေးချက်များအရ ရာဇာမင်း ခရီးသည်တင်ကား ဓားပြတိုက် လူသတ်ခံရမှုတွင် အသုံးပြုခဲ့သော သေနတ်နှင့် ကျည်ဆန်မှာ ဘရားဇီးလ်နိုင်ငံထုတ်များ ဖြစ်ပြီး ပြစ်မှုကျူးလွန်သူများသည် လက်နက်ကိုင် အဖွဲ့အစည်းမှ အဖွဲ့ဝင်များ ဖြစ်နိုင်ကြောင်း၊ သက်ဆိုင်ရာက စုံစမ်းစစ်ဆေးမှုများကို ဆက်လက် လုပ်ဆောင်နေသည်ဟု သိရှိရသည်။

“ကျည်ဆန်ခွံက ဘရာဇီးလ်နိုင်ငံထုတ် ၉ မမ ပစ္စတို သေနတ်ကျည်ဆန် ဖြစ်နေတယ်၊ ဒီလို ကျည်ဆန်နဲ့ သေနတ်ကို သာမန် ပြည်သူတွေ ဘယ်လိုမှ ကိုင်ခွင့်မရှိဘူးလေ။ ဒါကြောင့် သက်ဆိုင်မယ်လို့ ထင်ရတဲ့ လူတွေကို စုံစမ်းနေတယ်” ဟု သထုံမြို့နယ် ရဲတပ်ဖွဲ့မှူးက ဧရာဝတီသို့ ပြောသည်။

ရာဇာမင်း ကားပေါ်တွင် လိုက်ပါလာသော ခရီးသည်များ၏ ထွက်ဆိုချက်များအရ သေနတ်ကိုင် ဓားပြ ၅ ဦးသည် မော်လမြိုင်မြို့ မြေနီကုန်း အဝေးပြေးဝင်းမှ တက်လာ သူများဖြစ်ကြောင်း၊ ဓားပြများသည် ကားပေါ်တွင် သေနတ်ပစ်ဖောက် ခြိမ်းခြောက်ခဲ့ပြီး ခရီးသည်များ၏ မိုဘိုင်းဖုန်းများကို အဓိကထား သိမ်းယူခဲ့သည့်အတွက် ဆက်သွယ်ရေး ပြတ်တောက်ကာ ဓားပြတိုက်ခံရမှုကို အာဏာပိုင်များထံ ချက်ချင်း အကြောင်းမကြား နိုင်ခဲ့ကြောင်း၊ ဓားပြတိုက်ခံရသူ ခရီးသည်များ ကိုယ်တိုင်  ရာဇာမင်း ကားဂိတ်သို့ ဖုန်းဆက် အကြောင်းကြားသောအခါမှ ဓားပြတိုက်ခံရမှန်း သိရှိပြီး ခရိုင် ရဲတပ်ဖွဲ့မှူး၊ မြို့နယ် ရဲတပ်ဖွဲ့မှူး ဦးစီးသော ရဲတပ်ဖွဲ့ဝင်များနှင့် နယ်မြေခံ တပ်ဖွဲ့ဝင်များ အဝေးပြေး ကားလမ်းတလျောက် လိုက်လံ စစ်ဆေးမှုများ လုပ်ဆောင်ခြင်း ဖြစ်သည်ဟု သိရှိရသည်။

“ခရီးသည်တွေရဲ့ လက်ဝတ် ရတနာတွေနဲ့ ယာဉ်ပေါ်က ပစ္စည်းတွေ ပေါင်းရင် အားလုံး ကျပ် ၄၈ သိန်း ၈ သောင်းဖိုးလောက် လုယက် ခံလိုက်ရပါတယ်။ အခု ဒီလမ်းကြော တလျှောက်မှာ လုံခြုံရေးအတွက် ရဲတပ်ဖွဲ့ဝင်တွေကို ကင်းချပေးထားတယ်” ဟု သထုံမြို့နယ် ရဲတပ်ဖွဲ့မှူးက ပြောသည်။

ရာဇာမင်း အဝေးပြေး ယာဉ်လိုင်း၏ ဒါရိုက်တာ ဦးခိုင်မြင့်ကမူ သေဆုံးသွားသော ကားမောင်းသူနှင့် ယာဉ်အကူအတွက် နစ်နာကြေး ပေးရန် စီစဉ်နေပြီး သေဆုံးသူများ၏ ရုပ်အလောင်းအား ကျန်ရစ်သူမိသားစုဝင်များ၏ ဆန္ဒအရ နေရပ်သို့ ပြန်သယ် ပေးမည်ဖြစ်ကြောင်း၊ ရာဇာမင်း အဝေးပြေးယာဉ်လိုင်း၏ ပိုင်ရှင်သည် အစ္စလမ် ဘာသာဝင်ဖြစ်ခြင်းကြောင့် ယင်းသို့ ကားကို ဓားပြတိုက်ခြင်း ဖြစ်သည်ဆိုသော ကောလာဟလ သတင်းများ ထွက်ပေါ်နေခြင်းသည် အဓိပ္ပာယ်မရှိသော သတင်းများဖြစ်သည်ဟု ပြောဆိုသည်။

“ဒါက ဘာသာရေးနဲ့ မဆိုင်ပါဘူး၊ တကယ်လို့ ဘာသာရေးကြောင့် ဆိုရင် ဓားပြတွေက ယာဉ်မောင်း နဲ့ စပယ်ယာကို သတ်ပြီးတော့ ခရီးသည်တွေဆီက ပစ္စည်းတွေလုမှာ မဟုတ်ဘူး။ ကျနော်တို့ကားတွေကိုသာ မီးတင်ရှို့သွားမှာပေါ့။ ဘာလို့လဲ ဆိုတော့ ကားပေါ်မှာပါလာတဲ့လူတွေက ဗုဒ္ဓဘာသာဝင်တွေချည်းပဲလေ ” ဟု ဦးခိုင်မြင့်က ပြောသည်။

ဦးခိုင်မြင့်က အဝေးပြေး ကားလမ်းများပေါ်တွင်  လုံခြုံရေးအားနည်းနေခြင်းကြောင့် ယခုကဲ့သို့ ဓားပြတိုက် လူသတ်မှုဖြစ်ပွားရခြင်းဖြစ်ကြောင်း၊ ယာဉ်လိုင်းအနေဖြင့် ခရီးသည်များ၏ ပစ္စည်းများပျောက်ဆုံးမှု မရှိစေရန်  တာဝန်ယူ ပေးနိုင်သော်လည်း ခရီးသည်များ၏ပစ္စည်းများကို  ဖွင့်လှစ် စစ်ဆေးရန်မဖြစ်နိုင်ကြောင်း၊  ခရီးသည်များနှင့် ကားလိုင်းများ၏ လုံခြုံရေးအတွက် အာဏာပိုင်များက  တင်းတင်းကျပ်ကျပ် လုပ်ဆောင်ပေးရန် လိုအပ်နေကြောင်း  ဆက်ပြောသည်။

မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ ရဲဇာနည် ဖေ့ဘုတ်စ် စာမျက်နှာပေါ်တွင် ရာဇာမင်း ခရီးသည်တင်ကားဓားပြတိုက်ခံရမှုသည် ကားပိုင်ရှင်ကို မကျေနပ်မှုကြောင့် ယခုကဲ့သို့ ပြုလုပ်ခြင်းဖြစ်သည်ဟု ဖော်ထုတ်သိရှိထားကြောင်း ရေးသားထားသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading