Crime

မလေးရှားတွင် ဆက်တိုက် တိုက်ခိုက်ခံရမှု မြန်မာနိုင်ငံသား ၆ ဦးထက်မနည်း သေ

This article has been converted from Zawgyi One to Unicode

Want create site? Find Free WordPress Themes and plugins.

မလေးရှားနိုင်ငံရောက် မြန်မာနိုင်ငံသားများသည် ဆက်တိုက် အကြမ်းဖက် တိုက်ခိုက် သတ်ဖြတ်မှု ခံနေရပြီး ယနေ့အထိ အသတ်ခံရသူ အနည်းဆုံး စုစုပေါင်း ၆ ဦး ရှိပြီ ဖြစ်ကြောင်း သိရသည်။

မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့အနီး ဆာလာရမ်း (Sealyang) ဒေသရှိ ဈေး၌ အလုပ် လုပ်ကိုင်နေသည့် မြန်မာနိုင်ငံသား တချို့ မေလ ၃၀ နှင့် ၃၁ ရက်နေ့တို့တွင် တိုက်ခိုက် သတ်ဖြတ်ခံရပြီးနောက်၊ တခြား ဒေသများတွင်လည်း သတ်ဖြတ်ခံရသူ တချို့ ရှိကြောင်း၊ သို့သော် အလောင်းများးကို စုံစမ်းရှာဖွေနေဆဲ ဖြစ်ကြောင်း ကပုန်း နာရေးကူညီမှု အဖွဲ့ဝင် တဦးက ဧရာဝတီသို့ ပြောသည်။

“ကျနော်တို့ ကိုယ်တိုင်တွေ့ထားတဲ့ အလောင်းက ၆ လောင်း ရှိပါပြီ၊ တခြား အသတ်ခံရသူ တချို့လည်း ရှိတယ်လို့ သတင်းပို့တာတွေလည်း ရှိတယ်။ ဒါပေမယ့် အလောင်းတွေကိုတော့ စုံစမ်းရှာဖွေနေဆဲပါ” ဟု ၎င်းက ဆိုသည်။

ထို လူသေ အလောင်းများသည်လည်း သီတင်း တပတ်ကျော်နေသည့်တိုင် မြန်မာနိုင်ငံသား ဖြစ်ကြောင်းကို မြန်မာသံရုံးက ထောက်ခံချက် မပေး၍ ယနေ့အထိ သင်္ဂြိုဟ်ခြင်း မပြုရသေးကြောင်း သိရသည်။

ကပုန်း နာရေးကူညီမှု အသင်း ဥက္ကဋ္ဌ ကိုဆန်းဝင်း ကလည်း “ဒီလူတွေက ရွှေ့ပြောင်း အလုပ်သမားတွေ ဖြစ်နေတယ်။ ဒီတော့ အကြောင်း အမျိုးမျိုးကြောင့် သူတို့မှာ ပတ်စ်ပို့ မရှိဘူး။ တချို့ အလောင်းတွေက ပုပ်နေပြီ၊ မြန်မာတွေ အသတ်ခံနေရတာနဲ့ ပတ်သက်ပြီးလည်း သံရုံးက ထိထိရောက်ရောက် ကူညီပေးနေတာ ဘာမှ မရှိသေးဘူး” ဟု ဧရာဝတီသို့ ပြောသည်။

သေဆုံးသူများ၌ တရားဝင် ပတ်စ်ပို့ မရှိသော်လည်း ၎င်းတို့၏ မိသားစုများထံမှ သန်းခေါင်စာရင်းနှင့် အထောက်အထားများ ပေးပို့ထားကြောင်း၊ သို့သော် သံရုံးမှ ကူညီပေးမှု မရှိသေးကြောင်း၊ လူသေ အလောင်းများကို ဆေးရုံ၌  ထားရှိဆဲ ဖြစ်ကြောင်း သိရသည်။

သေဆုံးသူများ သင်္ဂြိုလ်ခွင့် မရသေးခြင်းနှင့် ပတ်သက်၍ နိုင်ငံတော် သမ္မတ၏ ပြောခွင့်ရသူနှင့် ပြန်ကြားရေး ဝန်ကြီးဌာန ဒု ဝန်ကြီး ဦးရဲထွဋ်က သေဆုံးသူ၏ မိသားစု သန်းခေါင်စာရင်း၊ နိုင်ငံသားလက်မှတ် စသည့် အထောက်အထားများ ခိုင်လုံစွာဖြင့် မလေးရှားနိုင်ငံတွင် သင်္ဂြိုလ်လိုသည်ဟု သေဆုံးသူ မိသားစုဝင်များ ကိုယ်တိုင် ဥပဒေအရ လျှောက်ထားရကြောင်း ဧရာဝတီ၏ မေးမြန်းမှုကို ဖြေကြားသည်။

“အရင်က အလုပ်သမားတချို့ သေဆုံးတော့ မလေးမှာပဲ သင်္ဂြိုလ်လိုက်တော့ သက်ဆိုင်ရာ မိသားစုတွေက ကန့်ကွက်ခဲ့တဲ့ ဖြစ်စဉ်တွေ ရှိတယ်။ အထူးသဖြင့် အလုပ်ခွင်အတွင်း သေဆုံးတဲ့အခါ လျော်ကြေးဆိုင်ရာ အငြင်းပွားမှုတွေ ရှိခဲ့တယ်” ဟု ဒု ဝန်ကြီး ဦးရဲထွဋ်က ဆိုသည်။

သက်ဆိုင်ရာ မိသားစုများ အနေဖြင့် အိမ်ထောင်စုဇယား၊ ရပ်ကွက် ထောက်ခံချက်၊ နိုင်ငံကူးလက်မှတ် မိတ္တူ သို့မဟုတ် နိုင်ငံသား စိစစ်ရေး လက်မှတ် မိတ္တူ၊ အလုပ် လုပ်ကိုင်နေသည့် ကုမ္ပဏီ လိပ်စာများဖြင့် နိုင်ငံခြားရေး ဝန်ကြီးဌာနထံ လျှောက်ထားပါက မြန်မာသံရုံးမှ တဆင့် မလေးရှားအစိုးရကို လုပ်ထုံးလုပ်နည်းအရ အကြောင်းကြားပေးမည် ဖြစ်ကြောင်း ဒု ဝန်ကြီး ဦးရဲထွဋ်က ဆက်ပြောသည်။

မလေးရှားရောက် မြန်မာနိုင်ငံသားများ အရေးနှင့် ပတ်သက်၍လည်း အဆင့်မြင့် ကိုယ်စားလှယ်အဖွဲ့တခု အမြန်ဆုံး စေလွှတ်နိုင်ရေးအတွက် နှစ်နိုင်ငံ အစိုးရများ က ညှိနိုင်းဆောင်ရွက်နေကြောင်း သိရသည်။

ကွာလာလမ်ပူမြို့ရှိ စက်ရုံ၊ အလုပ်ရုံအများစု တည်ရှိရာ ရှမ်းလမ်းရှိ မြန်မာအမျိုးသမီး ၂ ဦးနှင့် ပီနန်အရပ်မှ အမျိုးသားတဦး တို့သည်လည်း ယမန်နေ့တွင် အသတ်ခံရကြောင်း၊ သို့သော် မည်သူမည်ဝါ ဖြစ်သည်ကို စုံစမ်းနေဆဲ ဖြစ်ကြောင်း၊ အခင်း ဖြစ်ပွားသည့်နေ့မှ ယနေ့အထိ သေဆုံးသူ ၁၀ ဦး ကျော်ပြီ ဖြစ်ကြောင်း မလေးရှားရောက် မြန်မာများက ပြောသော်လည်း ဧရာဝတီက အတည်ပြုနိုင်ခြင်း မရှိသေးပေ။

တိုက်ခိုက်ခံရမှုကြောင့် ဒဏ်ရာရရှိသည့် မြန်မာများ ဆေးရုံများသို့ သီးခြားစီ ရောက်ရှိလာသော်လည်း အရေအတွက် အတိအကျကို မခန့်မှန်းနိုင်ကြောင်း၊ တခါတရံ ဆရာဝန် အကြောင်းကြားသလောက်သာ သိရှိရကြောင်းနှင့် ဒဏ်ရာသူ ၁၀ ဦးထက် မနည်း ရှိနိုင်ကြောင်းလည်း သိရသည်။

မလေးရှားရောက် မြန်မာနိုင်ငံသားများသည် မေလ ၃၀ ရက်နေ့မှ စတင်၍ အကြမ်းဖက် တိုက်ခိုက် သတ်ဖြတ်ခံနေရခြင်း၊ မလေးရှား ရဲများ၏ ဖမ်းဆီးမှု ဆက်တိုက် ခံနေရခြင်းတို့ကြောင့် မိမိတို့နိုင်ငံကို ပြန်လိုကြသော်လည်း အခက်အခဲ အမျိုးအမျိုးကြောင်း မပြန်နိုင်ကြသေးကြောင်း မလေးရောက် မြန်မာများက ပြောသည်။

ဖမ်းဆီးခံထားရသူ တရားဝင် အထောက်အထား ရှိသူရော၊ တရားမဝင် မြန်မာ ဦးရေပါ ယနေ့အထိ ၄၀၀၀ နှင့် ၅၀၀၀ အကြား ရှိကြောင်း သိရသည်ဟု ဧရာဝတီက ဆက်သွယ်မေးမြန်းသည့် မျက်မြင် မြန်မာအများစုက ဖြေကြားသည်။

ပြီးခဲ့သည့် ဇွန်လ ၂ ရက်နေ့ မတိုင်ခင်တွင်ပင် မလေးရှား ရဲက တရားဝင်၊ မဝင် မြန်မာနိုင်ငံသား ၉၀၀ ကျော်ကို ဖမ်းဆီးခဲ့သည်။ ယခုကဲ့သို့ မြန်မာများကို တိုက်ခိုက် သတ်ဖြတ်ခြင်းသည် မြန်မာနိုင်ငံတွင် ဖြစ်ပွားခဲ့သည့် လူမျိုးရေး အဓိကရုဏ်းများ၏ ဂယက်ကြောင့် ဖြစ်သည်ဟု မလေးရှားရဲတပ်ဖွဲ့ တာဝန်ရှိသူများက မီဒီယာများသို့ ပြောဆိုထားသည်။

မေလ ၃၀ ရက်နေ့မှ ဇွန်လ ၄ ရက်နေ့အထိ ကွာလာလမ်ပူနှင့် ဆီလန်ဂေါအရပ်ဒေသ တချို့တွင် မြန်မာနိုင်ငံသားများကို အကြမ်းဖက် တိုက်ခိုက်မှု ၇ ကြိမ်ဖြစ်ခဲ့သည်ဟု မလေးရှား အာဏာပိုင်များကို ကိုးကား၍ The Star သတင်းစာတွင် ရေးသားထားသည်။

မလေးရှားနိုင်ငံတွင် တရားဝင် လာရောက် အလုပ်လုပ်ကိုင်သူ မြန်မာ ၃ သိန်းခန့်ရှိပြီး တရားမဝင် အလုပ်လုပ်နေသူ မြန်မာ ၁ သိန်းခန့်ရှိကြောင်း၊ ထို့အပြင် နိုင်ငံရေးခိုလှုံခွင့်နှင့် ဒုက္ခသည်အဖြစ် ရရှိရန် ရောက်လာသူလည်း ရာနှင့်ချီ၍ ရှိကြောင်း သိရသည်။

မလေးရှားရောက် မြန်မာအရေးများနှင့် ပတ်သက်၍ နောက်ဆုံးဖြစ်စဉ်များကို မေးမြန်းရန် မလေးရှားနိုင်ငံရှိ မြန်မာသံရုံးသို့ ဧရာဝတီက အကြိမ်ကြိမ် ဆက်သွယ် ခဲ့သော်လည်း မရခဲ့ပေ။

Did you find apk for android? You can find new Free Android Games and apps.
Loading