သတင်း

သမ္မတ ဦးသိန်းစိန်နှင့် ဒု ဗိုလ်ချုပ်ကြီး ယွက်စစ် တွေ့ဆုံ

This article has been converted from Zawgyi One to Unicode

Want create site? Find Free WordPress Themes and plugins.

သမ္မတ ဦးသိန်းစိန်နှင့် ရှမ်းပြည် ပြန်လည် ထူထောင်ရေး ကောင်စီ ရှမ်းပြည် တပ်မတော် တောင်ပိုင်း(RCSS/SSA) ဥက္ကဋ္ဌ ဒု ဗိုလ်ချုပ်ကြီး ယွက်စစ်တို့ ယနေ့ နေပြည်တော်တွင် တွေ့ဆုံ၍ ပဋိပက္ခစောင့်ကြည့်ရေး ကော်မတီ ဖွဲ့စည်းရေး သဘောတူကြ ကြောင်း သိရသည်။

သမ္မတ အကြံပေး အဖွဲ့ဝင်တဦးဖြစ်သည့် ဦးလှမောင်ရွှေက“သမ္မတ ဦးသိန်းစိန်ဘက်က ဆွေးနွေးတာမှာ စောင့်ကြည့်ရေး ကော်မတီဖွဲ့တာ သဘောတူတယ်။ နောက် သူ့အနေနဲ့ ၂ ဖက်လက်နက်စွဲကိုင်ပြီး တိုက်ပွဲတွေဖြစ်နေခဲ့ကြတာ သိပ်ကြာနေပြီ။ ဒါကြောင့် မို့လို့ ဒီအစား စားပွဲဝိုင်းမှာ တွေ့ဆုံ ဆွေးနွေးပြီးတော့ တိုင်းရင်းသားတွေဘက် ဆွေးနွေးချက်တွေကို သူ့ အနေနဲ့ နောက်ဆုံး ဒါတွေ ဆွေးနွေးသွားလို့ရတယ်ဆိုပြီး သူ့ရဲ့ Road Map(လမ်းပြမြေပုံ) ကိုလည်း သွားဖို့ ရှင်းပြပါတယ်”ဟု ဧရာဝတီ ကို ပြောသည်။

ယခုတွေ့ဆုံမှုသည် အစိုးရနှင့် လက်နက်ကိုင် တိုင်းရင်းသား တဖွဲ့ချင်းအလိုက် ပြည်ထောင်စု အဆင့်သဘောရှိပြီး ထိုမှ တဆင့် တနိုင်ငံလုံး အတိုင်းအတာဆောင်သည့် အပစ်အခတ်ရပ်စဲရေး၊ ငြိမ်းချမ်းရေးအဆင့် ဆွေးနွေးရန် ရှိကြောင်း၊ ထို့နောက် ငြိမ်ချမ်းရေး ဆိုင်ရာ မူဘောင်များ ချမှတ်၍ ငြိမ်းချမ်းရေး တည်ဆောက်မှု ကဏ္ဍများ ဆက်လက် လုပ်ဆောင်သွားရန် ကိစ္စ စသည့် လမ်းပြမြေပုံအား သမ္မတကလည်း ပြန်လည် ဆွေးနွေးခဲ့ကြောင်း သိရသည်။

အဆိုပါတွေ့ဆုံမှုတွင် သမ္မတရုံး ဝန်ကြီး ဦးအောင်မင်း အပါအဝင် ပြည်ထောင်စု ဝန်ကြီး ၄ ဦးလည်း တက်ရောက်ခဲ့ပြီး ယနေ့ နံနက် ၁၀ နာရီမှ ၁၁ နာရီခွဲအထိ တွေ့ဆုံခဲ့ကြရာ တိုက်ပွဲများလျှော့ချရေးနှင့် ၂ ဖက်တပ်နေရာ ချထားရေး၊ ပြည်တွင်း ရွှေ့ပြောင်းဒုက္ခသည် IDP ကိစ္စ၊ ပဋိပက္ခ စောင့်ကြည့်ရေး ကော်မတီ ဖွဲ့စည်းရေး စသည်တို့ကို ဆွေးနွေးကြောင်း သူက ဆက် ပြော သည်။

“ဒေသတွင်းက လူတွေရဲ့စားဝတ်နေရေး၊ လမ်းပန်းဆက်သွယ်ရေး၊ နောက်ပြီးတော့ အားလုံးပါဝင်တဲ့ နိုင်ငံရေး ဆွေးနွေးပွဲဖြစ်လာရေးပေါ့၊ အဲဒါတွေ သူတို့ ဆွေးနွေးပါတယ်”ဟု သူက ဆိုသသည်။

RCSS/SSA ဥက္ကဋ္ဌ ဒု ဗိုလ်ချုပ်ကြီး ယွက်စစ်နှင့် သမ္မတ ဦးသိန်းစိန်တို့၏ ယခုတွေ့ဆုံမှု၌ ယခင် အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ်ပါ လိုအပ်ချက်များ အပါအဝင် မူးယစ်ဆေးဝါး ကိစ္စများလည်း ဆွေးနွေးကြောင်း ဦးလှမောင်ရွှေက ဆက်ပြောသည်။

အစိုးရ ဝန်ကြီးများနှင့် ဆွေးနွေးရာတွင်လည်း လုပ်ငန်း အကောင်အထည်ဖော်ရေး ဆိုင်ရာများဖြစ်ကြောင်း သူက ဆက်ပြော သည်။

ဆွေးနွေးပွဲပြီးနောက် RCSS/SSA ခေါင်းဆောင် ဒုဗိုလ်ချုပ်ကြီး ယွက်စစ်က သမ္မတ ဦးသိန်းစိန်အား ဗုဒ္ဓ ရုပ်ပွားတော် တဆူနှင့် ရှမ်း ရိုးရာ ဝတ်စုံတစုံကို လက်ဆောင်အဖြစ် ပေးအပ်ခဲ့သည်။

ယနေ့ နေ့လယ် ၁ နာရီခန့်က ဒု ဗိုလ်ချုပ် ယွက်စစ် ကလည်း သတင်းစာ ရှင်းလင်းပွဲကျင်းပ၍ ပဋိပက္ခ စောင့်ကြည့်ရေး ကော် မတီ ဖွဲ့စည်းရေးအပါအဝင် ဒေသဖွံ့ဖြိုးရေး၊ ပူးပေါင်းဆောင်ရွက်ရေး ဆိုင်ရာများ စသည့် ဆွေးနွေးပွဲ၌ သဘောတူခဲ့ သည်များကို သတင်းထောက်များသို့ ရှင်းလင်း ပြောဆိုသည်။

“ကျနော်တို့ အရင်တုန်းက အမြင်မှားခဲ့ကြတာတွေ၊ ယုံမှားသံသယတွေ ထားခဲ့ကြတာတွေ အပြန်အလှန် နားလည်မှု ရရှိအောင် ယုံကြည်မှု ရရှိအောင်ဆိုပြီးတော့ ကျနော်တို့ သမ္မတကြီးနဲ့ ဆွေးနွေးခဲ့ကြပါတယ်”ဟု ဒု ဗိုလ်ချုပ်ကြီး ယွက်စစ်က ရှမ်း ဘာသာဖြင့် ပြောကြားသည်ကို ဘာသာပြန်ကတဆင့် ပြန်လည် ဖြေကြားသည်။

မကြာသေးခင်က ရှမ်းပြည် တပ်မတော် တောင်ပိုင်းနယ်မြေတခုတွင် စစ်ပွဲများဖြစ်ပွားခဲ့ရခြင်းအတွက် စိတ်မကောင်းကြောင်း၊ ငြိမ်းချမ်းရေး ကြီးကြပ်သည့် အဖွဲ့မရှိပါက အပြန်အလှန် အမြင်မှားမှုမျိုးရှိနိုင်ပြီး လက်နက်သုံး၊ အင်အားသုံး၍ ဖြေရှင်း နေကြ မည်ဆိုပါက ငြိမ်းချမ်းရေးကို ပျက်ပြားစေမည်ဟုလည်း အဆိုပါ သတင်းစာရှင်းလင်းပွဲတွင် ဒုဗိုလ်ချုပ်ကြီး ယွက်စစ်က ပြောသွားသည်။

ဒု ဗိုလ်ချုပ်ကြီး ယွက်စစ်နှင့် ကိုယ်စားလှယ်အဖွဲ့တို့သည် သမ္မတရုံး ဝန်ကြီး ဦးအောင်မင်း၏ ရုံးခန်း၌ သမ္မတရုံး ဝန်ကြီးများအပါအဝင် ပြည်ထဲရေး၊ စွမ်းအင်၊ လျှပ်စစ်၊ စီးပွား/ကူးသန်း၊ မီးရထား၊ သစ်တော၊ လ.ဝ.က၊ လယ်ယာနှင့် ဆည်မြောင်း စ သည့် ဝန်ကြီးဌာနများ၏ အစိုးရ ပြည်ထောင်စု ဝန်ကြီး ၁၂ ဦး၊ သတ္တုတွင်း၊ ပြန်ကြားရေး စသည့် ဝန်ကြီးဌာနများမှ ဒု ဝန်ကြီး ၄ ဦးတို့နှင့်လည်း ထပ်မံတွေ့ဆုံ ဆွေးနွေးကြသည်။

RCSS/SSA ခေါင်းဆောင်နှင့် အဖွဲ့သည် မနက်ဖြန်တွင်လည်း နေပြည်တော်၌ ဆက်လက်ဆွေးနွေးရန် အစီအစဉ်များရှိကြောင်း ဦးလှမောင်ရွှေက ပြောသည်။

အစိုးရနှင့် SSA တို့ ပြည်နယ်အဆင့် အပစ်အခတ်ရပ်စဲရေး နှစ်ဘက် သဘောတူစာချုပ် တရပ်ကို လွန်ခဲ့သည့် နှစ် ဒီဇင်ဘာ လဆန်းပိုင်းက တောင်ကြီးမြို့တွင် လက်မှတ်ရေးထိုးခဲ့ပြီး ဦးအောင်မင်း ခေါင်းဆောင်သော ငြိမ်းချမ်းရေး အဖွဲ့နှင့် အချက် ၁၁ ချက်ပါ သဘောတူညီချက် ကို ယခုနှစ် ဇန်နဝါရီ ၁၆ ရက်နေ့က လက်မှတ် ရေးထိုးခဲ့ကြသည်။

RCSS/SSA ဥက္ကဋ္ဌ ဒု ဗိုလ်ချုပ်ကြီး ယွက်စစ် ဦးဆောင်သည့် အဖွဲ့သည် နေပြည်တော်သို့ ယမန်နေ့ ညနေ ၅ နာရီ ကျော်က ရောက်လာခဲ့ပြီး ၃ ရက်ကြာ နေထိုင်မည်ဖြစ်ကြောင်း သိရသည်။

ထို့နောက် ဒု ဗိုလ်ချုပ်ကြီး ယွက်စစ်နှင့် အဖွဲ့သည် ရန်ကုန်တွင် ၄ ရက်၊ မန္တလေးတွင် ၂ ရက်၊ တောင်ကြီးမြို့တို့တွင် နေထိုင် သွားရန် အစီအစဉ်များရှိပြီး ရှမ်း နိုင်ငံရေးပါတီများ၊ လူထုအခြေပြု လူမှုအဖွဲ့အစည်းများနှင့် အခြား အဖွဲ့အစည်းများနှင့် လည်း တွေ့ဆုံသွားရန် ရှိသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading