မြန်မာ့ ပညာရေးစနစ်ကို ပြုပြင်ပြောင်းလဲ နိုင်ရန်အတွက် အမျိုးသားပညာရေးမူဝါဒ မူကြမ်းတခု ရေးဆွဲကာ ပြည်သူ့ လွှတ်တော်၏ ပညာရေး မြှင့်တင်ရေးကော်မတီသို့ တင်ပြသွားရန်ရှိကြောင်း နိုင်ငံလုံးဆိုင်ရာ ပညာရေးကွန်ရက်မှ ဒေါက်တာ သိန်းလွင်က ပြောသည်။
ဇွန် ၈ ရက်က ရန်ကုန်မြို့ ခဝဲခြံ မျက်မမြင်ကျောင်းတွင် ကျင်းပ ပြုလုပ်ခဲ့သည့် ပညာရေးစနစ် ပြုပြင်ပြောင်းလဲရေး နိုင်ငံလုံးဆိုင်ရာ ကွန်ရက် နိုင်ငံလုံးဆိုင်ရာ ပညာရေး ညီလာခံတွင် ကွန်ရက်မှ ဒေါက်တာသိန်းလွင်က အထက်ပါ အတိုင်း ရှင်းပြခဲ့ခြင်း ဖြစ်သည်။
အဆိုပါပွဲသို့ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးမှ ပညာရှင်များ၊ လွှတ်တော် ကိုယ်စားလှယ်များ၊ အရပ်ဘက် လူ့အဖွဲ့အစည်း များစွာ တက်ရောက်ခဲ့ပြီး အမျိုးသား ပညာရေးမူဝါဒ မူကြမ်းရေးဆွဲနိုင်ရေး အကြံပြုခဲ့ကြသည်။
“ပညာရေးဆွေးနွေးပွဲတွေမှာ ရရှိခဲ့တဲ့အကြံပြုချက်တွေ အားလုံးကနေ စုစည်းပြီးတော့ ပညာရေးမူဝါဒမူကြမ်း တခုရေးဆွဲပြီး ပြည်သူ့ လွှတ်တော်ကိုတင်ပြမယ်၊ နောက်ပိုင်းမှာ အမျိုးသား ပညာရေးဥပဒေ တရပ်ရလာဖို့ မျှော်လင့်တယ်” ဟု ဒေါက်တာ သိန်းလွင်က ရှင်းပြသည်။
မြန်မာနိုင်ငံ၏ ချွတ်ခြုံကျနေသည့် ပညာရေးစနစ်ကို ပြုပြင်သင့်ပြီး နှုတ်တိုက် ကျက်မှတ်ဖြေဆို နေရသည့် အလေ့အထက အဆိုးဝါးဆုံး ဖြစ်နေကြောင်း၊ နိုင်ငံအဝှမ်းရှိ နွမ်းပါးသည့် ကလေးငယ်ပေါင်း ၈၀၀၀၀ ကျော်က ဘုန်းတော်ကြီးသင် ပညာရေး ကျောင်းများတွင် ပညာသင်ကြား နေကြရကြောင်း၊ ပညာရေး ကဏ္ဍပြုပြင်ရာတွင် လုပ်ငန်းရှင်များ၏ ထောက်ပံ့ပေးမှုလည်း လိုအပ်ကြောင်း ညီလာခံသို့ တက်ရောက်လာသူ ဒေါက်တာ ဒေါ်မြင့်မြင့်ခင်က ပြောသည်။
“ချွတ်ခြုံကျနေတဲ့ ပညာရေးစနစ်ကြီးကို တော်လှန်ရေး လုပ်သလိုကို အမြစ်ပြတ် တိုက်ထုတ်ပစ်ရမှာ။ မြန်မာ့ပညာရေးက စရိတ်စက အရမ်းကြီးနေတယ်၊ အားလုံးကို ပြောင်းလဲပစ်မယ်ဆိုရင် ထောက်ပံ့မှုတွေ ရှိဖို့ လုပ်ငန်းရှင် အသိုင်းအဝန်းလည်း လိုတယ်” ဟု သူက သုံးသပ်သည်။
လာမည့် ၂၀၁၄ ခုနှစ်တွင် ပညာရေးစနစ်သစ် မူဝါဒ ဥပဒေသစ် ပေါ်ထွက်လာစေရန် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ကလည်း တိုက်တွန်း ထားသည့်အတွက် ဆောင်ရွက်စေလိုသည်ဟု NLD နာယကကြီး ဦးတင်ဦးက ဆိုသည်။
“အားနည်းနေတဲ့ ပညာရေးစနစ်ကို ပြင်မှဖြစ်မှာ။ ကလေးတွေက အတန်းတွေသာ တက်သွားပေမယ့်၊ စာမတတ်ကြတာ များနေတယ်၊ ပညာရေး စနစ်မှားယွင်းနေရတဲ့ အကြောင်းအရင်းထဲမှာ ဥပဒေ စိုးမိုးမှု မရှိတာလည်း ပါနေတယ်” ဟု ဘုန်းတော်ကြီးသင် ပညာရေး ကျောင်းများကိုယ်စား ဒေါက်တာ အရှင် ဓမ္မပီယက ညီလာခံတွင် ပြောသည်။
ဆရာဆရာမများက ကျောင်းသင်ခန်းစာ များကို နှုတ်တိုက် သင်ကြားပေးနေပြီး ကျောင်းသား များကလည်း သင်ခန်းစာများကို အလွတ်ကျက်မှတ် ဖြေကြားနေသည့် အတွက် ပညာရေး တိုးတက် ပြောင်းလဲလာရန် လိုအပ်လာပြီ ဖြစ်ကြောင်း နိုင်ငံလုံး ဆိုင်ရာ ပညာရေးညီလာခံတွင် နယ်ပယ်အသီးသီးမှ ပညာရှင်များက ဝိုင်းဝန်း သုံးသပ်ခဲ့ကြခြင်း ဖြစ်သည်။
ပုဂ္ဂလိက ဆရာများ သမဂ္ဂမှ ဥက္ကဋ္ဌ ဒေါက်တာစိုးဝင်းဦးက “ဥပဒေမရှိဘဲ ပညာရေးကို သွားနေတာ နှစ် ၅၀ ရှိပြီ။ ဥပဒေ ရှိမှ အာမခံချက်တွေ ရှိလာမယ်။ ဥပဒေရေးဖို့ အချက်အလက်တွေ မကျန်ခဲ့ဖို့ ပြည်သူတွေ ပါဝင်နိုင်အောင် အရှိန်အဟုန် မြှင့်တင် ရမယ်။ အခု ဒီညီလာခံမှာ ထွက်ပေါ်လာတဲ့ အဓိကအချက်ကတော့ ပညာရေးမှာ လွတ်လပ်ခွင့် ရှိလာဖို့ပါ” ဟု ပြောသည်။
တိုင်းရင်းသား ဒေသများတွင် ပညာသင်ကြားနေကြသည့် ကျောင်းသား ကျောင်းသူ အများစုမှာလည်း မိခင်ဘာသာစကား ကိုသာ တတ်မြောက် ကြပြီး မြန်မာဘာသာ စကားကို လုံးဝမတတ်မြောက်ကြဘဲ သင်ကြားနေရကြောင်း၊ ဒေသတွင်း ခန့်အပ်ထားသည့် ဆရာဆရာမများ ကိုယ်တိုင်မှာလည်း တိုင်းရင်းသား ဘာသာစကား မတတ်သည့် အတွက် နှစ်ဦးနှစ်ဘက် အခက်အခဲများရှိနေကြရာ ယင်းဒေသများတွင် စာတတ်မြောက်သူ နည်းပါးလာရကြောင်း တိုင်းရင်းသား ဒေသများတွင် ပညာရေးကိစ္စများ ဆောင်ရွက်လျှက်ရှိသူ ဦးနိုင်ငွေသိန်းက ဆိုသည်။
“တိုင်းရင်းသား ဒေသတွေမှာက ပညာရေး အဆင့်မြင့်ဖို့ အထူးလိုအပ်နေတယ်။ သင်ကြားရေးအပြင် သင်ထောက်ကူ ပစ္စည်းတွေပါ လိုအပ်နေတာပါ။ မိဘတွေ ကိုယ်တိုင်ကလည်း ပညာရေး အသိတရား နည်းပါးနေတယ်၊ ဘာသာစကားလည်း နားမလည်ကြတော့ ကျောင်းကို မပို့ချင်ကြဘူး” ဟု ဦးနိုင်ငွေသိန်းက ရှင်းပြသည်။
ပညာရေးစနစ်၏ အားနည်းချက်များကို ပြောင်းလဲပစ် နိုင်ရေးအတွက် NLD၊ ၈၈ ငြိမ်းချမ်းရေးနှင့် ပွင့်လင်း လူ့အဖွဲ့အစည်း၊ လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီ၊ Generation Wave၊ ဗကသနှင့် ကသပ စသည့် ကျောင်းသား အဖွဲ့အစည်းများ၊ ပုဂ္ဂလိက ဆရာများအသင်း၊ တက္ကသိုလ် ဆရာများအသင်း၊ ဗုဒ္ဓဘာသာသင် ဘုန်းတော်ကြီးကျောင်းများ၊ ခရစ်ယာန် ဓမ္မတက္ကသိုလ်၊ တိုင်းရင်းသား ပညာရေးအဖွဲ့အစည်းနှင့် ဦးလှထွန်း ဖောင်ဒေးရှင်းတို့က စုပေါင်းပြီး နယ်ပယ်အသီးသီးမှ ပညာရှင်များက ရန်ကုန်မြို့ အပါအဝင် မြို့ပေါင်း ၂၅ မြို့တွင် ပညာရေး ဆွေးနွေးပွဲများ ပြုလုပ်ခဲ့ကြသည်။
ရန်ကုန် မရမ်းကုန်းမြို့နယ် ခဝဲခြံ မျက်မမြင်ကျောင်းတွင် အဆိုပါ ပညာရေး ညီလာခံကို ၂ ရက်ကြာ ကျင်းပခဲ့ကြောင်း၊ ပညာရေးဝန်ကြီးဌာနကို ညီလာခံသို့ တက်ရောက်ရန် ဖိတ်ကြားခဲ့သော်လည်း တက်ရောက်မှု မရှိကြောင်း သိရသည်။
ပညာရေး မူဝါဒအတွက် ဆွေးနွေးပွဲတရက်ကို ၂၀၁၂ အောက်တိုဘာလ ကတည်းက ကျင်းပခဲ့ရာ ပညာရေးအဖွဲ့အစည်း ၆၈ ဖွဲ့ တက်ရောက်ခဲ့ပြီး ပညာရေး လွတ်လပ်ခွင့်နှင့် ပတ်သက်၍ ဦးတည် ဆွေးနွေးခဲ့ကြသည်။
ဧရာဝတီ သတင်းထောက် ချစ်ဆု ပူးပေါင်းရေးသားသည်။