စင်ကာပူ အခြေစိုက် Sing Tel ဆက်သွယ်ရေး ဝန်ဆောင်မှုကုမ္ပဏီက ပြည်တွင်း ဆက်သွယ်ရေးကုမ္ပဏီ ၂ ခုနှင့် ပူးပေါင်းကာ ဆက်သွယ်ရေး ဝန်ဆောင်မှု လုပ်ငန်းများ ဆောင်ရွက်မည်ဟု Sing Tel ၏ International Group Consumer CEO Mr. Mark Chong က ပြောသည်။
စင်ကာပူ အခြေစိုက် Sing Tel ဆက်သွယ်ရေး ဝန်ဆောင်မှုကုမ္ပဏီက ကမ္ဘောဇဘဏ် လီမိတက်၊ မြန်မာ တယ်လီဖုန်း ကုမ္ပဏီ (M Tel) တို့နှင့် ပူးပေါင်း၍ ဆက်သွယ်ရေး ဝန်ဆောင်မှုလုပ်ငန်းများ ဆောင်ရွက်သွားမည်ဟု ယနေ့ ရန်ကုန်မြို့ Strand Hotel တွင် ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲတွင် Mr. Mark Chong က ပြောကြားခြင်း ဖြစ်သည်။
“မြန်မာနိုင်ငံမှာ လျှပ်စစ်မီး မလုံလောက်တဲ့ ပြဿနာ၊ နိုင်ငံတကာနဲ့ ချိတ်ဆက်ပြီးတော့ ကုန်ကြမ်း ဝယ်ယူရ ခက်ခဲတဲ့ ပြဿနာ စတဲ့ စိန်ခေါ်မှုတွေ ရှိပေမယ့် ကျနော်တို့ဘက်က ရအောင် လုပ်သွားမှာပါ။ မြန်မာနိုင်ငံက နှစ်ပေါင်းများစွာ နောက်ကျ ကျန်နေခဲ့တာကြောင့် နိုင်ငံတကာနဲ့ ချိတ်ဆက်ဖို့ လိုအပ်လိမ့်မယ်” ဟု သူက ဆိုသည်။
၃ နှစ်အတွင်း မြို့ပြနှင့် ကျေးလက်လူဦးရေ ၉၇ ရာခိုင်နှုန်းကို ဆက်သွယ်ရေး ဝန်ဆောင်မှုပေးနိုင်ရန် ပြင်ဆင်နေပြီး နိုင်ငံတကာနှင့် ချိတ်ဆက် ပြောဆိုနိုင်သည့် Sim Card များ ထုတ်လုပ်ခြင်း၊ ရေအောက် ဆက်သွယ်ရေး ကေဘယ်စနစ်များ ချိတ်ဆက်ပေးခြင်း၊ ဂြိုဟ်တု ဆက်သွယ်ရေးစနစ် တည်ထောင်နိုင်ပြီး မြန်မာအစိုးရ ကိုယ်ပိုင်ဂြိုဟ်တု လွှတ်တင်နိုင်ရေး အတွက် ဖြစ်နိုင်ချေ ရှိမရှိ လေ့လာရေးများတွင် ထည့်သွင်း ပါဝင်စေခြင်းတို့ကိုလည်း ဆက်လက် အကောင်အထည်ဖော် မည်ဟု သိရသည်။
ထို့အပြင် အာမခံ လုပ်ငန်း၊ ငွေစုငွေချေး လုပ်ငန်း၊ ကျန်းမာရေး၊ ပညာရေး စသည့် ကိစ္စများတွင်လည်း ဆက်သွယ်ရေးစနစ် အသုံးပြုကာ ဆောင်ရွက်ရန်ရှိသည်ဟု Mr. Mark Chong က ရှင်းပြသည်။
Sing Tel ဆက်သွယ်ရေး ဝန်ဆောင်မှုကုမ္ပဏီသည် အာရှနှင့် အာဖရိကတွင် ဆက်သွယ်ရေး လုပ်ငန်းများကို ဆောင်ရွက် နေသည့် လုပ်ငန်းစု တခုဖြစ်ပြီး မြန်မာ့ ဆက်သွယ်ရေးလုပ်ငန်းက ပုဂ္ဂလိက ကုမ္ပဏီများကို ဆက်သွယ်ရေး လုပ်ငန်းလိုင်စင် တင်ဒါ ခေါ်ယူရာ၌ ကမ္ဘောဇဘဏ်နှင့် မြန်မာတယ်လီဖုန်း (M Tel) ကုမ္ပဏီတို့နှင့် ပူးပေါင်းကာ မြန်မာ့ ဆက်သွယ်ရေး ဈေးကွက် ဘက်သို့ စတင်အခြေချခွင့် ရရှိလာခဲ့ခြင်း ဖြစ်သည်။
“Sing Tel ကုမ္ပဏီက အခက်အခဲ ဖြစ်နေတဲ့အချိန်တွေမှာ တွဲခေါ်ခဲ့တာတွေ ရှိတယ်။ ပြီးတော့ တောင်သူလယ်သမားတွေနဲ့ အခြေခံ လူတန်းစားတွေအတွက် ဦးစားပေးပြီး လုပ်ချင်တဲ့အတွက်ကြောင့် လက်တွဲဖြစ်တာ။ အစိုးရကလည်း ဆက်သွယ်ရေး လိုင်စင်ကို ၄ ခုအထိ ချပေးဖို့ရှိတယ်လို့ ပြောထားတာတွေရှိတယ်လေ” ဟု M Tel မှ CEO ကိုဂျွန်နသန် မျိုးကျော်သောင်းက ပြောသည်။
Sing Tel ကုမ္ပဏီနှင့် ပူးပေါင်းရာတွင် ရင်းနှီးမြှုပ်နှံသည့် ငွေပမာဏကို ထုတ်ပြန်ရန် ပြည်တွင်းကုမ္ပဏီများက ငြင်းဆို ခဲ့ကြသည်။
ထို့အပြင် ဆက်သွယ်ရေးတင်ဒါ ဆန်ခါတင်စာရင်းတွင် ပါဝင်လျှက်ရှိသည့် Digicel ကုမ္ပဏီ ကလည်း မြန်မာ့ဆက်သွယ်ရေး ဈေးကွက်တွင်း ဝင်ရောက်နိုင်ရန် ခြေလှမ်းသွက်လျှက်ရှိသည်။