မြန်မာနိုင်ငံတွင် ဖြစ်ပွားလျှက်ရှိသော အကြမ်းဖက်မှုများကြောင့် မလေးရှား နိုင်ငံတွင် မြန်မာ အလုပ်သမားတချို့ ရိုက်နှက် သတ်ဖြတ် ခံရမှုများ ဖြစ်ပွားလျှက်ရှိရာ မိခင်မြန်မာနိုင်ငံ ပြန်လိုသော မြန်မာအလုပ်သမားများ ပြည်တော်ပြန်နိုင်ရေးအတွက် ပြည်တွင်း လုပ်ငန်းရှင်များက ကူညီမည်ဖြစ်ကြောင်း သတင်းရရှိသည်။
စီးပွားရေး လုပ်ငန်းရှင်ကြီးများဖြစ်သည့် မက်စ်မြန်မာ ကုမ္ပဏီပိုင်ရှင် ဦးဇော်ဇော်၊ ထူးကုမ္ပဏီပိုင်ရှင် ဦးတေဇနှင့် ကမ္ဘောဇ ကုမ္ပဏီပိုင်ရှင် ဦးအောင်ကိုဝင်းတို့က မလေးရှားနိုင်ငံမှ မြန်မာ အလုပ်သမားများ ပြည်တော်ပြန်နိုင်ရေး ကူညီလှူဒါန်းမှုများ ပြုလုပ်မည်ဖြစ်ကြောင်း ယနေ့ သတင်း ထုတ်ပြန်လိုက်ကြသည်။
မက်စ်မြန်မာ ကုမ္ပဏီပိုင်ရှင် ဦးဇော်ဇော် တည်ထောင်ထားသော ဧရာဝတီ ဖောင်ဒေးရှင်းက မလေးရှားတွင် ရိုက်နှိက်ခံ ရမှုကြောင့် ဒဏ်ရာရရှိထားသော မြန်မာများအတွက် အမေရိကန် ဒေါ်လာ ၂၀၀၀၀ လှူဒါန်းမည် ဖြစ်ပြီး မြန်မာနိုင်ငံသို့ ပြန်လိုသည့် နိုင်ငံသားများ အတွက် မြန်မာအပြည်ပြည်ဆိုင်ရာ လေကြောင်းလိုင်း (MAI) နှင့် ပူးပေါင်း၍ လေယာဉ်လက်မှတ် ၁၀၀၀ ကို အခမဲ့ ကူညီပေးမည်ဖြစ်ကြောင်း သိရှိရသည်။
ဧရာဝတီ ဖောင်ဒေးရှင်းမှ မီဒီယာ တာဝန်ခံ ကိုမိုးဝေက “ကိုယ့်နိုင်ငံသားတွေ ဒုက္ခရောက်နေတဲ့အတွက် လိုအပ်တဲ့ ကူညီမှု တွေကို ကျနော်တို့ ဥက္ကဋ္ဌက ပေးချင်တယ်။ မနက်ဖြန်မှာ ကျနော်တို့ အဖွဲ့သားတွေ မလေးရှားကို သွားမယ်။ ဟိုက လုပ်ပေး နေတဲ့သူတွေ၊ သံရုံး တာဝန်ရှိသူတွေနဲ့ ပေါင်းပြီးတော့ ဘာတွေ လုပ်ပေးနိုင်မလဲဆိုတာ ကျနော်တို့ ကြည့်ရမှာပဲ” ဟု ဧရာဝတီကို ပြောသည်။
ကမ္ဘောဇ ဘဏ်ပိုင်ရှင် ဦးအောင်ကိုဝင်းကလည်း မလေးရှားရောက် မြန်မာများအတွက် အမေရိကန်ဒေါ်လာ ၅၀၀၀၀ မလေးရှားနိုင်ငံရှိ ကပုန်းနာရေးကူညီမှုအသင်း သို့ Eleven Media Group မှ တဆင့် လှူဒါန်းမည်ဖြစ်ပြီး ကမ္ဘောဇကုမ္ပဏီပိုင် မြန်မာအပြည်ပြည်ဆိုင်ရာ လေကြောင်းလိုင်း ( MAI ) က ကွာလာလမ်ပူ-ရန်ကုန် ခရီးစဉ် လေယာဉ်လက်မှတ်များကို တလတိတိ ၅၀ ရာခိုင်နှုန်း ဈေးလျှော့ချပေးမည်ဟု တရားဝင်သတင်း ထုတ်ပြန်ကြေညာသည်။
ကမ္ဘောဇဘဏ်လီမိတက်မှ အကြီးတန်းအထွေထွေ မန်နေဂျာ ဦးဇော်လင်းထွဋ်က “ကျနော်တို့ ဥက္ကဋ္ဌက တိုင်းရင်းသား လုပ်ငန်းရှင် တယောက်ပါ။ ကိုယ့် နိုင်ငံသားတွေ တခြားနိုင်ငံမှာ ဒုက္ခရောက်နေတဲ့အချိန်မှာ လိုအပ်မယ်ထင်တဲ့ အကူအညီတွေ ပေးတဲ့သဘောပါ။ ထင်ပေါ်ကျော်ကြားလိုတဲ့ ရည်ရွယ်ချက်က အဓိကမဟုတ်ပါဘူး” ဟု ဧရာဝတီသို့ ပြောသည်။
ဦးတေဇပိုင် ထူးဖောင်ဒေးရှင်းကလည်း မလေးရှားနိုင်ငံတွင် ဖြစ်ပေါ်နေသည့် အကြမ်းဖက် ခံရမှုများကြောင့် အမိမြန်မာနိုင်ငံသို့ ပြန်လာကြသည့် မြန်မာသူများအတွက် ကနဦး လှူဒါန်းမှုအဖြစ် အမေရိကန်ဒေါ်လာ တသိန်း လှူဒါန်းမည်ဖြစ်ကြောင်း ထူး ဖောင်ဒေးရှင်း၏ facebook စာမျက်နှာတွင် ဖော်ပြထားသည်။
မလေးရှားနိုင်ငံတွင် ရိုက်နှက် သတ်ဖြတ်ခံရသော မြန်မာနိုင်ငံသားများကို ကူညီပေးနေသည့် ကပုန်း နာရေးကူညီမှုအသင်းမှ ဘဏ္ဍာရေးမှူး ဦးဇော်ဇော်က လတ်တလော အလှူငွေများ လှူဒါန်းသည်ဟု လူမှုကွန်ရက်များတွင် ရေးသားထုတ်ပြန်မှုများ ကြားသိထားရသော်လည်း အမှန်တကယ် လှူဒါန်းငွေများ မရရှိသေးဟု ဧရာဝတီသို့ ပြောသည်။
“အခုလက်ရှိ မြန်မာနိုင်ငံထဲက သူဌေးကြီးတွေက ဘယ်သူက ဘယ်လို လှူမယ်ဆိုတာ facebook တွေမှာ ရေးထားတာတော့ တွေ့တယ်။ ဒါပေမယ့် ကျနော်တို့ လက်ထဲကို တပြားမှ မရောက်သေးပါဘူး။ လက်ရှိ လည်ပတ်နေရတာက မလေး၊ စင်ကာပူက မြန်မာတွေ ထည့်ဝင်ထားတဲ့ အလှူငွေနဲ့ ဆေးရုံ တက်နေရတဲ့သူတွေ အတွက် သုံးနေရတာပါ” ဟု ဦးဇော်ဇော်က ဧရာဝတီကို ပြောသည်။
မလေးရှားနိုင်ငံတွင် ရောက်ရှိနေသည့် မြန်မာနိုင်ငံသားများ၏ လုံခြုံရေးနှင့် လိုအပ်သည့် ကိစ္စများကို ဆောင်ရွက်ဖြေရှင်းရန် နိုင်ငံခြားရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဇင်ယော်နှင့် အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါ်ဝင်းမော်ထွန်းတို့သည် ယနေ့ ညနေတွင် မလေးရှားနိုင်ငံသို့ ထွက်ခွာသွားပြီဖြစ်ကြောင်း နိုင်ငံတော်သမ္မတ ပြောရေးဆိုခွင့်ရှိသူ၊ ပြန်ကြားရေး ဒုတိယဝန်ကြီး ဦးရဲထွဋ်က သူ၏ facebook စာမျက်နှာမှတဆင့် တရားဝင် သတင်း ထုတ်ပြန်သည်။
မလေးရှားနိုင်ငံရောက် မြန်မာနိုင်ငံသားများ မိခင်နိုင်ငံ ပြန်လာနိုင်ရေး မြန်မာလုပ်ငန်းရှင်ကြီးများက ကူညီမည်ဟု သတင်း ထုတ်ပြန်သော်လည်း မလေးရှားရောက် မြန်မာအလုပ်သမားအများစု နေရပ်ပြန်ရေး၊ မပြန်ရေးမှာမူ ဝေခွဲမရ ဖြစ်နေ ကြသည်ဟု မလေးရှားရောက် မြန်မာများထံမှ သိရှိရသည်။
မလေးရှားရှိ YEW HOONG ဆိုဖာ စက်ရုံတွင် အလုပ်လုပ်ကိုင်နေသာ မြန်မာ အလုပ်သမားတဦးက လတ်တလော မြန်မာ နိုင်ငံသားများ အကြမ်းဖက် ခံနေရသည်ဆိုသော သတင်းများကြောင့် မြန်မာအလုပ်သမား အများစု ထိတ်လန့်နေကြသည်မှာ မှန်ကန်သော်လည်း နေရပ်ပြန်ရေး၊ မပြန်ရေးမှာမူ မသေချာကြောင်း၊ တရားမဝင် မြန်မာ အလုပ်သမားများ အနေဖြင့်လည်း နေရပ်ပြန်နိုင်ရေး အခက်အခဲ များစွာရှိကြောင်း ရှင်းပြသည်။
“အားလုံးက ထိတ်လန့်နေကြတာတော့ အမှန်ပဲ။ ဒါပေမယ့်လည်း ပြန်မလား၊ မပြန်ဘူးလား ဆိုတာတော့ မဆုံးဖြတ်ရသေးဘူး။ ကိုယ့်နိုင်ငံ ပြန်တော့ရော ဟိုမှာ ဘာလုပ်စားမလဲ။ နောက်ပြီး မလေးရှား အစိုးရက အခု တရားမဝင်တွေကို တအား ဖမ်းနေတော့ တရားမဝင် မြန်မာ အလုပ်သမားတွေကတော့ ပြန်ချင်ကြတယ်။ ဒါပေမယ့်လည်း တရားဝင်ပြန်နိုင်ဖို့က နိုင်ငံကူး လက်မှတ်၊ လေယာဉ်လက်မှတ်ဖိုး အပါအဝင် တခြား အခက်အခဲတွေလည်း ရှိတယ်။ တချို့တွေကလည်း ဒီကို အကြွေးတွေနဲ့ လာကြတာ၊ လွယ်လွယ်နဲ့ ပြန်နိုင်မှာမဟုတ်ဘူး။ ကိုယ့်နိုင်ငံမှာ အလုပ်အကိုင် ကောင်းရင်၊ စားဝတ်နေရေး ဖူလုံတဲ့ လစာရရင်တော့ မလေးရှားကို ဘယ်လာချင်ပါ့မလဲ။ မလေးရှားက ပြန်သွားလို့ရော ဟိုမှာ အလုပ်နဲ့ စားဝတ်နေရေးက ပူနေရမှာပဲ။ စိုးရိမ်ပေမယ့်လည်း မပြန်မယ့်သူတွေလည်း ရှိတယ်၊ ပြန်မယ့် သူတွေ လည်းရှိတယ်” ဟု ဆိုဖာစက်ရုံမှ မြန်မာအလုပ်သမားက ပြောသည်။
မလေးရှားတွင် မြန်မာများ တိုက်ခိုက် သတ်ဖြတ်ခံရပြီး နောက်ပိုင်း မလေးရှားရဲများက မြန်မာနိုင်ငံသား ၉၀၀ ကျော်ကို ဖမ်းဆီးထားကြောင်း မလေးရှားနိုင်ငံမှ လာသော သတင်းများတွင် ဖော်ပြထားသည်။
မလေးရှားနိုင်ငံရောက် မြန်မာနိုင်ငံသားများသည် ဆက်တိုက် အကြမ်းဖက် တိုက်ခိုက် သတ်ဖြတ်မှု ခံနေရပြီး ယနေ့အထိ အသတ်ခံရသူ အနည်းဆုံး စုစုပေါင်း ၆ ဦး ရှိပြီ ဖြစ်ကြောင်း၊ မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့အနီး ဆာလာရမ်း (Sealyang) ဒေသရှိ ဈေး၌ အလုပ် လုပ်ကိုင်နေသည့် မြန်မာနိုင်ငံသား တချို့ မေလ ၃၀ ရက်နေ့မှစတင်ပြီး တိုက်ခိုက် သတ်ဖြတ်ခံရမှုများ ဖြစ်ပွားနေပြီး တခြား ဒေသများတွင်လည်း သတ်ဖြတ်ခံရသူ တချို့ ရှိသည်ဟု မလေးရှားအခြေစိုက် ကပုန်းနာရေးကူညီမှုအသင်းထံမှ သိရှိရသည်။
မလေးရှားရဲတပ်ဖွဲ့က ဧပြီလ ၂၆ ရက်နေ့ ဆူဘန်ဂျာယား (Subang Jaya) တွင် သတ်ဖြတ်ခံရသော မြန်မာနိုင်ငံသား တဦး၏ အမှုအတွက် အသက် ၃၆ နှစ်အရွယ် ကိုတင်မောင်သန်းကို လည်းကောင်း၊ ဆီလန်ဂေါပြည်နယ် ဆန်းဂိုင်းဘူလို့ (Sungai Buloh) တွင် သတ်ဖြတ်ခံရသော မြန်မာနိုင်ငံသား တဦးအတွက် အခန်းဖော် ကိုမျိုးထွန်းဆိုသူကို အလိုရှိကြောင်း ယနေ့ သတင်း ထုတ်ပြန်ထားသော်လည်း ယင်းတရားခံပြေးများသည် ယခုရက်ပိုင်းအတွင်း ဖြစ်ပွားသော မြန်မာနိုင်ငံသား တချို့ သတ်ဖြတ် ခံရမှုနှင့် ဆက်စပ်မှု ရှိ၊ မရှိ တိကျစွာ သတင်းထုတ်ပြန်ခြင်း မရှိပေ။
ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး၏ ထုတ်ပြန်ချက်အရ မလေးရှားနိုင်ငံတွင် မြန်မာအလုပ်သမား ၄ သိန်း ရှိပြီး ယင်းအရေအတွက်တွင် ရိုဟင်ဂျာ ၅၀၀၀၀ နီးပါးအထိ ရှိနိုင်ကြောင်း၊ မြန်မာအလုပ်သမား အများစုမှာ စားသောက်ဆိုင်၊ ဆောက်လုပ်ရေး လုပ်ငန်းခွင်များတွင် အလုပ်လုပ်နေကြကြောင်း သိရှိရသည်။
သာလွန်ဇောင်းထက် ပူးပေါင်းရေးသားသည်။