သီလဝါ အထူးစီးပွားရေးဇုန်ကို ယခုနှစ် စက်တင်ဘာလမှစ၍ ပထမစီမံကိန်းများ စတင် အကောင်အထည် ဖော်သွားမည် ဖြစ်သောကြောင့် ဇူလိုင်လအတွင်း ဒေသခံများကို နစ်နာကြေးများ ပေးအပ်မည်ဖြစ်ကြောင်း သီလဝါစီမံကိန်း အကောင် အထည် ဖော်ရေးအဖွဲ့ ဥက္ကဋ္ဌ အမျိုးသားစီမံကိန်းနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု ဒုတိယဝန်ကြီး ဦးဆက်အောင်က ပြောသည်။
ပထမ စီမံကိန်း အကောင်အထည်ဖော်မည့် နေရာများကို ဇွန်လ တတိယအပတ်တွင် အစိုးရမဟုတ်သော ပြင်ပ ပညာရှင် များဖြင့် ဖွဲ့စည်းထားသည့် အဖွဲ့အစည်းဖြင့် ဒေသခံများ၏ အသေးစိတ် စာရင်း၊ အချက်အလက်များကို ထပ်မံကောက်ခံပြီး ဒေသခံများ၏ ထိခိုက်နစ်နာမှုများကို ဖြည့်ဆည်းပေးရန် ဆုံးဖြတ် ပေးအပ်သွားမည် ဖြစ်ကြောင်း ၎င်းက ယနေ့ သီလဝါ အထူးစီးပွားရေးဇုန် အထောက်အကူပြု အဖွဲ့ ရုံးခန်းမတွင် ကျင်းပသော ဒေသခံများနှင့် တွေ့ဆုံပွဲတွင် အထက်ပါအတိုင်း ပြောကြား ခဲ့သည်။
“လျော်ကြေးက ပြည့်စုံမှု မရှိဘူးလို့ ပြောကြပေမယ့် ကျနော်တို့ဘက်က ပြည်စုံသမျှကို တတ်နိုင်သမျှ ဖြည့်ဆည်းပေးသွားပါ မယ်။ ရေရှည် ဘ၀ အာမခံချက် ဆိုတာကတော့ ပြောရရင် အရမ်းကို ပြောရခက်ပါတယ်။ ဒါပေမယ့် လက်ရှိ နေထိုင်သွားလို့ ရအောင်၊ အဆင်ပြေအောင် ဖန်တီးမှာပါ။ ရော့ ၂ သောင်းပဲ၊ ယူချင်ယူ၊ မယူချင်နေ ဆိုသလိုတော့ မပေးဘူး။ အများကြီး လည်း မဟုတ်ဘူး ဆိုတာတော့ ဒီနေရာက ပြောပါရစေ” ဟု ဦးဆက်အောင်က ဆိုသည်။
ပထမ အကောင်အထည်ဖော်မည့် အကျယ်အဝန်းမှာ ဟတ်တာ ၄၀၀ (ဧက ၈၀၀ ဝန်းကျင်) ရှိပြီး ၎င်းနေရာများ အတွက် ပထမအကြိမ် စစ်တမ်းများကို ဧပြီ ၄ ရက်နေ့မှ ၂၆ ရက်နေ့ အထိ ကောက်ယူခဲ့ကြောင်း သိရသည်။
အာရှ ဖွံ့ဖြိုးမှုဘဏ်၏ စံနှုန်းများအရ စီမံကိန်း စစ်တမ်းကောင်ယူသော နောက်ဆုံးစာရင်းများအစား ကမ္ဘာ့ဘဏ်နှင့် ဂျပန်နိုင်ငံ ဘဏ်များ၏ စံနှုန်းများအရ စီမံကိန်း စစ်တမ်း စတင်ကောက်ယူသော စာရင်းများကို အတည်ပြုပြီး ဒေသခံများ အတွက် နစ်နာမှု များကို ပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။
ထို့ကြောင့် ဧပြီလ ၄ ရက်နေ့က စစ်တမ်းများကို အတည်ပြုပြီး နောက်ပိုင်းမှ ဝင်ရောက် လာသူများကိုမူ စီမံကိန်း လျော် ကြေးများနှင့် သက်ဆိုင်မှု မရှိကြောင်း ဦးဆက်အောင်က ပြောသည်။
“ကျနော်တို့မှာ ကောင်းကင်ဓာတ်ပုံတွေလည်း ရှိတယ်။ စစ်တမ်း ကောက်ယူတဲ့ နေရာမှာ နေအိမ်ပျက်စီးလို့ ထွက်သွားတဲ့သူ တွေ၊ စီမံကိန်း အသံကြောင့် ကြောက်လန့်ပြီး ထွက်သွားတဲ့သူတွေ၊ လယ်မလုပ်နိုင်တော့လို့ ထွက်သွားတဲ့သူတွေ အားလုံး အကြုံးဝင်တယ်။ တကယ့် ဒေသခံ စစ်စစ်ဖြစ်ပြီး စစ်တမ်းမှာ မပါခဲ့တဲ့ သူတွေလည်း ဒီအကျိုး ခံစားရမယ်၊ ရစေရမယ်လို့ အာမခံတယ်။ ဒါပေမယ့် စီမံကိန်း စစ်တမ်းကောက်ပြီးတဲ့ နောက်ပိုင်းမှ ဝင်လာ သူတွေတော့ မသက်ဆိုင်ဘူး” ဟု ၎င်းက ဆိုသည်။
ထို့အပြင် လက်ရှိအချိန်တွင် မသမာသော နည်းလမ်းဖြင့် အိမ်ထောင်စုပွားယူမှု၊ အိမ်တိုးချဲ့မှုများ မပြုလုပ်ကြရန်၊ ဒေသခံများ အနေဖြင့် ပြန်လည်ကူညီပေးရန်၊ မိမိ ပတ်ဝန်းကျင်တွင်လည်း ဒေသခံမဟုတ်သော သူများ၏ မသမာမှုများ တွေ့ရှိလာပါက အစိုးရအဖွဲ့သို့ အသိပေးရန် ရန်ကုန်တိုင်းဒေသကြီး စိုက်ပျိုးရေနှင့် မွေးမြူရေးဝန်ကြီး ဦးစိုးမင်းက ဒေသခံများနှင့် တွေ့ဆုံ ပွဲတွင် ပြောကြားခဲ့သည်။
လက်ရှိ အစိုးရလက်ထက်တွင် ထိုစီမံကိန်းကို အကောင်အထည် ဖော်သွားရန် ဆန္ဒရှိကြောင်း၊ ဒေသခံများအနေဖြင့် မကြာမီ ပြောင်းရွှေ့မှု များအတွက် ကြိုတင် ပြင်ဆင်ထားရန် လိုအပ်ကြောင်း ၎င်းက ဆက်ပြောသည်။
လက်ရှိ သီလဝါ အထူးစီးပွားရေးဇုန်အတွက် မည်သည့် လုပ်ငန်းမှ စတင်ခြင်း မရှိသေးကြောင်း၊ သီလဝါ စီမံကိန်နှင့် ပတ်သက်ပြီး အကျုံးဝင်သော လက်ရှိ နေထိုင်လျှက်ရှိသည့် ဒေသခံများ၏ နစ်နာမှုများကိုသာ အစိုးရအဖွဲ့အနေဖြင့် ဖြေရှင်းပေး နေခြင်းဖြစ်ကြောင်း ဦးဆက်အောင်က ရှင်းပြသည်။
“ဒီစီမံကိန်းက ဆိပ်ကမ်းတွေနဲ့လည်း မသက်ဆိုင်ဘူး။ နောက်ပိုင်း ဆိပ်ကမ်းတွေ ပေါ်လာခဲ့ရင်လည်း အသုံးပြုရုံသာ အသုံး ပြုမှာ။ စီမံကိန်းနဲ့က မသက်ဆိုင်ဘူး။ နောက်ပြီး ကျောက်တန်းနယ်က အေးမြသီတာ၊ ရွှေပြည်သာယာ၊ ဘေးပေါက်ရွာ စတဲ့ ရွာတွေ၊ အဆောက်အဦး ဆောက်နေတဲ့ နေရာတွေ အားလုံးက စီမံကိန်းနဲ့ မသက်ဆိုင်ဘူး” ဟု ၎င်းက ဆိုသည်။
ထု့ိအပြင် သီလဝါ အထူး စီးပွားရေးဇုန် စီမံကိန်းနယ်မြေအတွင်း ကျရောက်လျှက် ရှိသော သာသနိက နယ်မြေများကို သိမ်းယူ ခြင်းမပြုဘဲ ကင်းလွတ်ခွင့် ပြုမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး စိုက်ပျိုးရေနှင့် မွေးမြူရေး ဝန်ကြီး ဦးစိုးမင်းက ဆိုသည်။
လက်ရှိ အနေအထားများအရ သီလဝါ အထူးစီးပွားရေးဇုန်၏ ပထမ စီမံကိန်းနယ်မြေ ပြင်ပနေရာများတွင် စီးပွားရေးသမားများ ဝင်ရောက်လာမှုများ ရှိလာကြောင်း စီမံကိန်းတွင်း ကျရောက်လျှက်ရှိသော ဒေသခံပြည်သူတချို့ထံမှ သိရသည်။
သီလဝါ စီမံကိန်းအတွက် လယ်မြေများ သိမ်းယူထားသည့် နယ်မြေအတွင်း ကျရောက်နေသော်လည်း ပထမ ဆောင်ရွက်မည့် စီမံကိန်းနယ်မြေပြင်ပ နေရာများတွင် စီးပွားရေး သမားများက ဝယ်ယူကာ အကာအရံများ တည်ဆောက်နေကြောင်း တွေ့ရသည်။
“ဝန်ကြီး ဦးဆက်အောင်ကို လိုက်ပြလိုက်တော့ သူက ဒီနေရာက ရွာသားတွေ ရောင်းစားတာလား၊ ဘယ်ဌာနက ပေးထား တာလဲ ဆိုတာကို ပြန်မေးလိုက်တယ်။ ဒီနေရာတွေက နေပြည်တော်ဘက်က လာလုပ်တာလို့တော့ ပြောကြတာပဲ။ တိတိ ကျကျတော့ မသိသေးဘူး။ ခြံစည်းရိုး ခတ်ထားတာ ဧက အများကြီးပဲ။ အဲဒီနေရာတွေ ကတော့ သက်ရာကုန်း ရွာနယ်မြေ တွေမှာပါ” ဟု သန်လျင်မြို့နယ် အလွမ်းဆွတ်ကျေးရွာမှ ဒေသခံ ဦးမြလှိုင်က ဧရာဝတီသို့ပြောသည်။