ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ်တို့တွင် မြန်မာနှင့် အိန္ဒိယ နှစ်နိုင်ငံ ပူးပေါင်း အကောင်အထည် ဖော်နေသည့် ကုလားတန် ဘက်စုံစီမံကိန်းတွင် ပွင့်လင်းမြင်သာမှု ရှိစေရန် ဒေသခံ လူမှုအဖွဲ့များ စုဖွဲ့ထားသည့် ကုလားတန် လှုပ်ရှားမှုအဖွဲ့က တောင်းဆိုလိုက်သည်။
ယမန်နေ့တွင် ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် ကျင်းပသော ကုလားတန် လှုပ်ရှားမှုအဖွဲ့၏ အစီရင်ခံစာ သတင်းစာ ရှင်းလင်းပွဲ၌ ကုလားတန် စီမံကိန်းကြောင့် ဒေသခံများ အကျိုးရှိစေရေး၊ လူ့အခွင့်အရေး ချိုးဖောက်မှုများနှင့် သဘာဝပတ်ဝန်းကျင် ထိခိုက်မှု လျော့ပါးရေး၊ ကျန်းမာရေးနှင့် လူမှုပတ်ဝန်းကျင်တို့ကို ဆိုးကျိုး မသက်ရောက်စေရေး တို့ကို ထောက်ပြ တောင်းဆိုခဲ့ခြင်းဖြစ်သည်။
ရခိုင် မြစ်များကွန်ရက်မှ ဒါရိုက်တာ ဦးထွန်းဇော်က “ဒီလိုမျိုး စီမံကိန်းကြီးတွေကို လုပ်တဲ့အခါမှာ နိုင်ငံတကာရဲ့ လုပ်ထုံးလုပ်နည်း စံတွေ ရှိပါတယ်။ အကဲဖြတ်ချက်တွေ ကြိုတင်ပြီး လုပ်ရမယ်၊ ဒါတွေကို ဒေသခံ လူထုဆီကို ရှင်းလင်းတင်ပြရမယ်။ ပြီးမှ လူထုဆန္ဒနဲ့အညီ အကောင်အထည် ဖော်ရမှာ။ ဒီအချက်တွေကို နှစ်ဖက် အစိုးရတွေက ဆောင်ရွက်ဖို့ ပျက်ကွက်ခဲ့ကြတယ်” ဟု ပြောသည်။
ကုလားတန် စီမံကိန်းတွင် အပိုင်း ၄ ပိုင်းရှိပြီး ပထမပိုင်းတွင် ရခိုင်ပြည်နယ် စစ်တွေမြို့၌ ရေနက်ဆိပ်ကမ်း ဆောက်လုပ်ခြင်း၊ ဒုတိယပိုင်းတွင် ကုလားတန်မြစ်အတွင်း မြစ်ကြောင်း ရှင်းလင်းပြီး ချင်းပြည်နယ် ပလက်ဝ၌ ဆိပ်ကမ်းတခု တည်ဆောက်ရေး၊ တတိယပိုင်းတွင် ထိုမှတဆင့် အိန္ဒိယနိုင်ငံ မီဇိုရမ်အထိ တန် ၃၀၀ အောက် ကုန်တင် သင်္ဘောများ သွားလာနိုင်ရေးနှင့် စတုတ္ထပိုင်းတွင် မြန်မာပြည်မမှ အိန္ဒိယနိုင်ငံ နောက်လိုင်ဒေသကို ဖြတ်ကာ မီဇိုရမ်အထိ အဝေးပြေးကားလမ်း ဖောက်လုပ်သည့် အစီအစဉ်တို့ဖြစ်ကြောင်း သိရသည်။
အိန္ဒိယ အစိုးရဘက်က အဆိုပါ အကဲဖြတ်ချက်များ၊ လူထုနှင့် ထိတွေ့မှု စသည့် လုပ်ဆောင်ချက်တချို့ တွေ့ရကြောင်း၊ သို့သော် မြန်မာအစိုးရဘက်ကမူ ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ် ဒေသခံများကို ကောင်းကျိုး၊ ဆိုးကျိုးများအား အသိပေးတင်ပြမှု မရှိကြောင်း ဦးထွန်းဇော်က ပြောသည်။
ကုလားတန် စီမံကိန်းသည် နှစ်နိုင်ငံ အစိုးရများက ဖွံ့ဖြိုးမှု နိမ့်ကျနေသည့် ဒေသများကို အဓိကရည်ရွယ်ပြီး လုပ်ဆောင်ခဲ့ခြင်း ဖြစ်ကြောင်း၊ မြန်မာနိုင်ငံဘက်မှ ရခိုင်ပြည်နယ်၊ ချင်းပြည်နယ်တို့ ပါဝင်ပြီး အိန္ဒိယနိုင်ငံဘက်မှ မီဇိုရမ်ပြည်နယ် ဖွံ့ဖြိုးရေးတို့အတွက် ရည်ရွယ် အကောင်အထည် ဖော်နေခြင်းဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။
ကုလားတန် ဘက်စုံ စီမံကိန်းကို ၂၀၀၈ ခုနှစ်တွင် သဘာတူကာ ၂၀၁၀ ပြည့်နှစ် ဒီဇင်ဘာတွင် စတင် အကောင်အထည် ဖော်ခဲ့ပြီး ၂၀၁၅ တွင် အပြီးသတ်မည်ဖြစ်သည်။
“အိန္ဒိယအနေနဲ့က အရှေ့မျှော် မူဝါဒအရရော၊ ဘင်္ဂလား ပင်လယ်အော်ကို လွှမ်းမိုးထားနိုင်ရေးဆိုတဲ့ တရုတ်ကို ဟန်ချက် ညှိချင်လို့လုပ်တဲ့ ရည်ရွယ်ချက်တွေ ပါနိုင်တဲ့ စီမံကိန်းလည်း ဖြစ်တယ်” ဟု ဦးထွန်းဇော်က ပြောသည်။
နှစ်နိုင်ငံ သဘောတူ စာချုပ်ပါအချက်အရ အဆိုပါ စီမံကိန်းအတွက် ကုန်ကျငွေ အမေရိကန် ဒေါ်လာ ၂၁၄ သန်းကို အိန္ဒိယအစိုးရက အကုန်အကျခံပြီး မြန်မာနိုင်ငံက အိန္ဒိယ လုပ်သားများအား လုံခြုံရေး အကာအကွယ်ပေးခြင်း၊ စီမံကိန်း နယ်မြေဒေသနှင့် မြန်မာ လုပ်သားအင်အားများ ထည့်ဝင်ခြင်း စသည်တို့ ပါဝင်ကြောင်း သိရသည်။
အိန္ဒိယ လုပ်သားနှင့် မြန်မာ လုပ်သားများအကြား လုပ်အားခ အလွန်ကွာဟကာ မညီမျှမှုများ ရှိကြောင်း၊ ဥပမာအားဖြင့် စစ်တွေ ရေနက်ဆိပ်ကမ်းတွင် လုပ်အားခ မညီမျှမှုကို နှိုင်းယှဉ်ပြလိုကြောင်း ဦးထွန်းဇော်က ဆိုသည်။
“အဲဒီမှာ အိန္ဒိယ လုပ်သားတဦး လုပ်အားခ လစာအားဖြင့် မြန်မာကျပ်ငွေ ၇ သိန်းခန့် ရနေချိန်မှာ မြန်မာပြည်က ဒေသခံ လုပ်သားတွေက ကျပ်ငွေ ၃၊ ၄၊ ၅ သောင်းပဲ ရနေတယ်” ဟု သူက ဆိုသည်။
ယမန်နှစ်က ဒေသခံ အလုပ်သမား ဆန္ဒပြမှု ဖြစ်ပေါ်ခဲ့ပြီး ထိုစဉ်က မြန်မာအာဏာပိုင်များသည် ဖြေရှင်းပေးမှု မရှိဘဲ ဒေသခံများကို ခြိမ်းခြောက် လူစုခွဲမှုများ လုပ်ဆောင်ခဲ့သည်ဟု သိရသည်။
“သက်ဆိုင်ရာကနေ မြန်မာအလုပ်သမားတွေကို အကာအကွယ်ပေးတာ၊ နစ်နာချက်တွေပေးတာ ဘာမှ မရှိဘူး” ဟု ဦးထွန်းဇော်က ဆိုသည်။
အဆိုပါ စီမံကိန်းတလျှောက်ရှိ ဒေသခံ ပြည်သူများ၏ မြေယာသိမ်းမှုများ၊ ယဉ်ကျေးမှု အမွေအနှစ် ဖျက်ဆီးမှု၊ အဓမ္မ ရွှေ့ပြောင်းမှုနှင့် အလုပ်ခိုင်းစေမှုများကိုလည်း အစီရင်ခံစာက ထောက်ပြထားသည်။
ရခိုင်ပြည်နယ်၊ မြေပုံမြို့နယ်ရှိ အေဒီ ၇၀၀ ကျော်က ရခိုင်မင်းတပါး မြို့တည် အထိမ်းအမှတ်အဖြစ် တည်ဆောက်ခဲ့သည့် ရွှေတောင်နှင့် ငွေတောင်ဟူ၍ ရှိကြောင်း၊ ရေနက်ဆိပ်ကမ်းအတွက် ငွေတောင်ကို တူးဖြိုခဲ့ရာ ဒေသခံများ ကန့်ကွက်ဆန္ဒပြသောကြောင့် ရပ်တန့်သွားခဲ့ကြောင်း၊ သို့သော် အဆိုပါ ငွေတောင်၏ အနောက်ခြမ်း ပျက်ဆီးခဲ့ကြောင်း သိရသည်။
“ဒါက လူထုရဲ့ ယုံကြည်ချက်ကို ထိပါးတာဖြစ်တယ်။ ဒါတွေကို ပြန်ပြီး ကုစားတာတို့ ဘာတို့ မရှိဘူး” ဟု ဦးထွန်းဇော် က ဆိုသည်။
ချင်းပြည်နယ် ပလက်ဝဒေသတွင် အဆိုပါ စီမံကိန်းကြောင့် လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်လာမည့် ကောင်းကျိုး ရှိသကဲ့သို့ တဖက်တွင်လည်း သဘာ၀ ပတ်ဝန်းကျင် ထိခိုက်နိုင်မှု ရှိ၊ မရှိ ကိစ္စ မြန်မာအစိုးရက ထုတ်ပြန် အသိပေးထားခြင်း မရှိကြောင်း သိရသည်။
“ဒီစီမံကိန်းကြောင့် မြေယာ သိမ်းထားတာတွေလည်း ဘာလျော်ကြေးမှ မပေးသေးလို့ လူထုတွေက ဆန္ဒပြနေတာရှိတယ်။ နောက်ထပ်လည်း မြေယာတွေ ထပ်သိမ်းမှာ စိုးရိမ်သလို့ အဓမ္မ လုပ်အားပေးခိုင်းမှာလည်း စိုးရိမ်နေကြတယ်” ဟု ဦးထွန်းဇော်က ပြောသည်။