Human Rights

ရခိုင်ရှိ မွတ်စလင်များ ကလေးနှစ်ယောက်သာ ယူရေး ဦးခင်ရီ ထောက်ခံ

This article has been converted from Zawgyi One to Unicode

Want create site? Find Free WordPress Themes and plugins.

ရခိုင်ပြည်နယ်မှ လူနည်းစု မွတ်စလင်မိသားစုတခုလျှင် ကလေးနှစ်ယောက်သာမွေးရန် မူဝါဒ ချမှတ်ခြင်းနှင့် ပတ်သက်၍ မြန်မာအစိုးရ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ထောက်ခံပြောဆိုလိုက် သည်။

လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်ရီသည် ရခိုင်ပြည်နယ်မှ “ဘင်္ဂါလီ”ဟု မြန်မာအစိုးရမှ သတ်မှတ်ခေါ်ဆိုသည့် နိုင်ငံမဲ့ မွတ်စလင်များအပေါ်တွင် သက်ဆိုင်ရာဒေသ အာဏာပိုင်များမှ ဒေသန္တရအမိန့်အဖြစ် ထုတ်ပြန်ခဲ့သော ကလေးနှစ်ယောက်မူဝါဒနှင့် ပတ်သက်၍ အရင်ဆုံး လူသိရှင်ကြား ထောက်ခံ ပြောဆိုခဲ့သော အစိုးရထိပ်တန်းတာဝန်ရှိသူတဦး ဖြစ်သည်။

“ဒီအမိန့်က ဘင်္ဂါလီ အမျိုးသမီးတွေအတွက် အကျိုးရှိစေပါလိမ့်မယ်” ဟု ဦးခင်ရီက ရိုတ်တာသတင်းဌာန နှင့်တွေ့ဆုံ ရာတွင်ပြောကြားလိုက်သည်။

မြန်မာနိုင်ငံတွင် ဗုဒ္ဓဘာသာဝင်များနှင့် မွတ်စလင်ဘာသာဝင်များကြား ယမန်နှစ်မှ စတင်ဖြစ်ပွားခဲ့သော လူမျိုးရေး၊ ဘာသာရေး အဓိကရုဏ်းများတွင် လူရာနှင့်ချီ၍ သတ်ဖြတ်ခြင်းခံခဲ့ရပြီး လူ ၁၄၀၀၀၀ ကျော် အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ ရခြင်းနှင့် ပတ်သက်၍ အစိုးရ၏ ကိုင်တွယ်အရေးယူမှုများအတွက် နိုင်ငံတကာမှ စိုးရိမ်ပူပန်မှုများ ပိုမိုတိုးမြင့်လာနေသည့် အချိန်တွင် ဦးခင်ရီက ယင်းကဲ့သို့ ထောက်ခံပြောဆိုလိုက်ခြင်းဖြစ်သည်။

အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် ကုလသမဂ္ဂအဖွဲ့ကမူ ထိုမူဝါဒကို ခွဲခြားဆက်ဆံခြင်းနှင့် လူ့အခွင့်အရေးချိုးဖောက်ခြင်း အဖြစ် ဝေဖန်ပြစ်တင်ခဲ့ကြသည်။

၂၀၁၁ ခုနှစ် မတ်လမှ စတင်တာဝန်ယူခဲ့သည့် ပြုပြင်ပြောင်းလဲရေးအစိုးရ အတွက်လည်း ဆက်လက်ဖြစ်ပေါ်နေသော ဘာသာရေး တင်းမာမှုများက ကြီးမားသောစိန်ခေါ်မှုတွေ ဖြစ်လာသည်။

ကျန်းမာရေးဝန်ထမ်းများက ကလေးနှစ်ယောက်မူဝါဒကြောင့် အရှေ့တောင်အာရှ၏ အဆင်းရဲဆုံးဒေသတွင် ကလေးဖျက်ချခြင်းများ တိုးပွားလာစေလိမ့်မည်ဟု ပြောကြသည်။

ရခိုင်ဒေသ အာဏာပိုင်များကမူ နောက်ဖြစ်လာနိုင်သည့် မငြိမ်သက်မှုများကို ကာကွယ်ရန်အတွက် မွတ်စလင်များကို ထိန်းချုပ်ရန်လိုအပ်သည်ဟု ဆိုသည်။ ရခိုင်ပြည်နယ်၏ မြို့တော် စစ်တွေတွင် ဗုဒ္ဓဘာသာများနှင့် မွတ်စလင်များကို လူမျိုး ဘာသာရေး ခွဲခြားသည့်မူဝါဒများ ချမှတ်ပြီး သီးခြားစီ နေထိုင်စေသည်။ မွတ်စလင်အများစုသည် ယခင်နှစ် ဇွန်လအတွင်း ဖြစ်ပွားခဲ့သည့် ဆူပူမှုများနောက်ပိုင်းတွင် အကျဉ်းထောင်နှင့် မခြားသော စခန်းများတွင် နေထိုင်ကြရသည်။

ရခိုင်ပြည်နယ်အစိုးရ၏ ပြောရေးဆိုခွင့်ရှိသူက စစ်အစိုးရလက်ထက် ၂၀၀၅ ခုနှစ်တွင် လျှင်မြန်စွာတိုးတက်လာနေသော မွတ်စလင်လူဦးရေကို ထိန်းချုပ်ရန် ချမှတ်ထားခဲ့သည့် ကလေးနှစ်ယောက်အမိန့်ကို ဘူးသီးတောင်နှင့် မောင်တော မြို့နယ် နှစ်ခုတွင် ချမှတ်ကျင့်သုံးမည်ဟု ယခင်လအတွင်းက ထပ်မံအတည်ပြုပြောဆိုခဲ့သည်။

“ရခိုင်ပြည်နယ်က ဘင်္ဂါလီအမျိုးသမီးတွေမှာ ကလေးတွေအများကြီးရှိတယ်။ တချို့နေရာတွေမှာဆိုရင် မိသားစုတစုမှာ ကလေးက ဆယ်ယောက်၊ ဆယ့်နှစ်ယောက်လောက်ကို ရှိနေတယ်။ ဒါကြောင့် ကလေးတွေ အာဟာရပြည့်အောင် မကျွေးနိုင်ဘူး၊ ကျောင်းထားဖို့လည်း မလွယ်ကူတော့ဘူး၊ ကလေးတွေကို ကျွေးမွေးစောင့်ရှောက်ဖို့ အခက်အခဲတွေ အများကြီးရှိပါတယ်” ဟု ဦးခင်ရီကပြောသည်။

ကလေးနှစ်ယောက်မူဝါဒကို ထောက်ခံပါသလားဟု ရိုက်တာမှ မေးသောအခါ သူက “ထောက်ခံပါတယ်” ဟုဖြေသည်။

 “လူ့ အခွင့်အရေးနဲ့ မကိုက်ညီပါဘူး”

ထိုမူဝါဒကို နိုင်ငံတကာမှ ဝေဖန်ပြစ်တင်ခဲ့ကြသလို မြန်မာအစိုးရ၏ ရခိုင်ရှိ နိုင်ငံမဲ့ မွတ်စလင်များအရေး ကိုင်တွယ်ဖြေရှင်းမှုနှင့် ပတ်သက်၍ ဆွေးနွေး ငြင်းခုန်မှုတွေ များပြားလာရသည်။ မွတ်စလင်များက ရခိုင်ပြည်နယ်တွင် သူတို့တွေ ရာစုနှင့်ချီ၍ အခြေချနေထိုင်ခဲ့ကြသည်ဟု ဆိုသည်။

ကမ္ဘာ့ကုလသမဂ္ဂကလည်း ကလေးနှစ်ယောက်သာမွေးရန် မူဝါဒနှင့် လုပ်ဆောင်မှုများကို ဖယ်ရှားပေးရန် တောင်းဆိုခဲ့သည်။ အမေရိကန် အခြေစိုက် လူ့အခွင့်အရေး လေ့လာစောင့်ကြည့်မှု အဖွဲ့ကလည်း ထိုဥပဒေသည် နိုင်ငံတကာလူ့အခွင့်အရေးကာကွယ်မှု များကို ချိုးဖောက်ခြင်းဖြစ်ပြီး အမျိုးသမီးများ၏ စိတ်ပိုင်းနှင့် ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးကို ထိခိုက်ပျက်စီးစေနိုင်သည် ဟု ဆိုသည်။

နိုဘယ်ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည်ကလည်း ကလေးနှစ်ယောက် မူဝါဒကို ခွဲခြားဆက်ဆံခြင်းဖြစ်ပြီး လူ့အခွင့်အရေးနှင့် ကိုက်ညီခြင်းမရှိဟု ထုတ်ဖော်ပြောကြားခဲ့သည်။

မြန်မာအစိုးရက  “ဘင်္ဂါလီ”များသည် မြန်မာနိုင်ငံ အင်္ဂလိပ်ကိုလိုနီအဖြစ်ရှိစဉ်ကာလ ၁၈၂၄ မှ ၁၉၄၈ အတွင်းတွင်  ဘင်္ဂလားဒေ့ရှ် နိုင်ငံမှ ရောက်ရှိလာသည့် မွတ်စလင်များ ဖြစ်သည်ဟု ဆိုသည်။ “ဘင်္ဂါလီ” ဆိုသော ဝေါဟာရမှာ အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ် နိုင်ငံမှ တရားမဝင် ရောက်ရှိလာသူများ ဟု အဓိပ္ပါယ်ရသည်။

၁၉၈၂ နိုင်ငံသားဥပဒေအရ ၎င်းတို့ကို နိုင်ငံမဲ့များ အဖြစ်သတ်မှတ်ခြင်းခံရသည်။ ဘင်္ဂလားဒေ့ရှ် နိုင်ငံကလည်း သူတို့နှင့် မသက်ဆိုင်ကြောင်း ငြင်းပယ်ထားပြီး ၁၉၉၂ ခုနှစ်မှ စတင်၍ ဒုက္ခသည်အဖြစ် သတ်မှတ်လက်ခံခြင်းကို ရပ်ဆိုင်းခဲ့သည်။

ဦးခင်ရီက မြန်မာနိုင်ငံတွင် လူဦးရေ သန်း ၆၀ ရှိပြီး “ဘင်္ဂါလီ”က ၁.၃၃ သန်းရှိသည်ဟု ပြောသည်။ ယခင် ခန့်မှန်းတွက် ချက်မှုများ အရ ၈၀၀၀၀၀ ရှိသည်။ ရခိုင်ပြည်နယ်တွင် ၁.၀၈ သန်းရှိပြီး ၄၀၀၀၀ ခန့်သာနိုင်ငံသားများ ဖြစ် ကြသည်ဟုလည်းဆိုသည်။

ဦးခင်ရီက ကလေးနှစ်ယောက်မူဝါဒကို ဒေသဆိုင်ရာ အာဏာပိုင်များက အောက်ခြေအဆင့်တွင် အကောင်အထည်ဖော် ဆောင်ရွက်သွားဖွယ် ရှိသည်ဟုလည်း ပြောသည်။ “ဒီအမိန့်ကို ဗဟို အစိုးရက ထုတ်တာမဟုတ်ပါဘူး။ ရခိုင်ပြည်နယ် အစိုးရက ထုတ်တာလည်း မဟုတ်ပါဘူး” ဟုပြောသည်။

သို့သော်လည်း ထိုမူဝါဒသည် လူဦးရေများပြီး ဆင်းရဲနွမ်းပါးသော မိသားစုများကြောင့်ဖြစ်သည့် ပြဿနာ များကို လျော့ နည်းသွားအောင် စွမ်းဆောင်ပေးနိုင်လိမ့်မည်ဟု သူကဆိုသည်။

“ဘင်္ဂါလီ အမျိုးသမီး အားလုံးနီးပါးဟာ အရမ်းဆင်းရဲကြတယ်။ ပညာမတတ်ကြဘူး။ ဒါကြောင့် ကလေးတွေကို ထိန်း သိမ်းစောင့်ရှောက်ဖို့ အခက်အခဲတွေ ကြုံကြရတယ်။ ကလေးနှစ်ယောက်၊ ဒါမှ မဟုတ် သုံးယောက်ပဲ မွေးဖို့ မူဝါဒချ မှတ်ပေးမယ်ဆိုရင် သူတို့ အတွက်လုံလောက်ပါတယ်။ ဒါ ကျနော့် အမြင်သက်သက်ပါ” ဟု ဦးခင်ရီ က ပြောသည်။

အန္တရာယ်များသည့် ကိုယ်ဝန်ဖျက်ချခြင်း

ဥပဒေအရ ဒဏ်ငွေ ပေးဆောင်ရခြင်းနှင့် ဖမ်းဆီးခံရခြင်းမျိုးတွေကို ရှောင်လွှဲနိုင်ရန် မွတ်စလင် ကိုယ်ဝန်ဆောင် အမျိုးသမီး များအနေဖြင့် တရားမဝင် ကိုယ်ဝန်ဖျက်ခြင်းများ ပြုလုပ်လာနိုင်သည်ဟု ကျန်းမာရေး ဝန်ထမ်းများက ပြော ကြသည်။

“အမျိုးသမီးတွေဟာ ကိုယ်ဝန်ဖျက်ချပြီးတဲ့နောက် ကူးစက်ရောဂါတွေ နောက်ဆက်တွဲ တခြားရောဂါတွေနဲ့ ကျမတို့ ဆီကို ရောက်လာကြတယ်” ဟု နယ်စည်းမခြား ဆရာဝန်များအဖွဲ့ (မြန်မာ)မှ ဒုတိယအကြီးအကဲ Vickie Hawkins ကပြောသည်။ ၎င်းတို့ အဖွဲ့သည် ရခိုင်ပြည်နယ်သို့ ၁၉၉၄ ခုနှစ်ကထဲက ရောက်ရှိနေခဲ့ကြသည်။

“တင်းကျပ်တဲ့ စည်းကမ်းနဲ့ မူဝါဒတွေကြောင့် အမျိုးသမီးတွေ ကိုယ်ဝန်ဖျက်ချကြတာဖြစ်တယ်လို့ ကျမတို့ သုံးသပ်မိပါတယ်” ဟု Hawkins ကဆိုသည်။

ကလေးနှစ်ယောက်မူဝါဒ နှင့်ပတ်သက်၍လည်း Hawkins က “လွန်ခဲ့တဲ့ ဆယ်စုနှစ်တွေကတည်းက ရှိခဲ့တဲ့ မူဝါဒ တခုကို ခိုင်ခိုင်မာမာ ဖြစ်အောင်ပြန်လုပ်တာပါပဲ” ဟုပြောသည်။

နယ်စည်းမခြား ဆရာဝန်များအဖွဲ့သည် ရခိုင်ပြည်နယ်တွင်  မွတ်စလင် အများဆုံးနေထိုင်သည့် နေရာများဖြစ်သော ဘူးသီး တောင်နှင့် မောင်တောမြို့နယ်များတွင် ဆေးခန်းများဖွင့်လှစ် ကုသပေးလျှက်ရှိသည်။ အစိုးရက အဆိုပါဒေသများသို့ နိုင်ငံ ခြားသတင်းထောက်များ သွားရောက်ခွင့်မပြုပေ။

လူ့အခွင့်အရေး စောင့်ကြည့်လေ့လာမှုအဖွဲ့က  မွတ်စလင် အမျိုးသမီးများသည် ချမှတ်ထားသော ဥပဒေကို ရှောင်လွှဲနိုင်ရန် မိမိကလေးကို အခြား တရားဝင် လက်ထပ်ထားသူများ၏ နာမည်ဖြင့် မှတ်ပုံတင်ခွင့်ရရှိရေးအတွက် တာဝန်ရှိသူများကို လာဘ်ငွေများ ပေးကြရ သည်ဟုဆိုသည်။

အချို့ကတော့ ဒဏ်ရိုက်မခံရစေရန်၊ ထောင်မကျစေရန် သူတို့ကလေးများကို ဝှက်၍ ဖြစ်စေ မှတ်ပုံမတင်ဘဲဖြစ်စေ ထား ကြသည်ဟု လူ့အခွင့်အရေး စောင့်ကြည့်လေ့လာမှုအဖွဲ့ကပြောသည်။ အကယ်၍ ကလေး နှစ်ယောက်ထက် ပိုနေသည် ကို အာဏာပိုင်များက စစ်ဆေးတွေ့ ရှိသွားလျှင် နာမည်ပျက်စာရင်းသွင်းပြီး အတင်းအဓမ္မဖမ်းဆီးချုပ်နှောင်ခြင်း ခံရသည် ဟုလည်း ဆိုသည်။

ကလေးနှစ်ယောက် မူဝါဒက  မွတ်စလင်ဆန့်ကျင်ရေး စိတ်ဓာတ်နှင့် ဒေသတွင်း တင်းမာမှုများ မြင့်တက်လာစေရန် ခြိမ်းချောက်မှုတခု ဖြစ်လာသည်။ ဇွန်လ အစောပိုင်း၌ ရခိုင်ပြည်နယ်၏ မြို့တော် စစ်တွေ နှင့် မြောက်ဦး၊ မင်းပြား အစရှိသောမြို့များတွင် ရာနှင့်ချီသော ရခိုင်များက ကလေးနှစ်ယောက် မူဝါဒကို ထောက်ခံကြောင်းချီတက်ဆန္ဒ ပြခဲ့ကြသည်။

ပြီးခဲ့သည့် အောက်တိုဘာလ အဓိကရုဏ်းများ မတိုင်မီကလည်း အစ္စလမ်မစ် နိုင်ငံများအဖွဲ့ချုပ် (OIC) ကို ဆန့်ကျင် သော ဆန္ဒပြပွဲများကို ဗုဒ္ဓဘာသာဘုန်းကြီးများက ဦးဆောင်ပြီး မြန်မာနိုင်ငံအနှံ့အပြား ပြုလုပ်ခဲ့ကြသည်။

(Jason Szep နှင့် Andrew R.C. Marshall ၏ Myanmar minister backs two-child policy for Rohingya minority ကို နိုင်မင်းသွင် ဘာသာပြန်သည်)

Did you find apk for android? You can find new Free Android Games and apps.
Loading