ထူးချွန်ထက်မြက်သော လူသားများကိုဖြစ်စေ၊ ညံ့ဖျင်းသော လူသားများကိုဖြစ်စေ မိခင်များကမွေးထုတ်ပေးခဲ့သည်ချည်း ဖြစ်ပါသည်။ ကမ္ဘာပေါ်တွင် မိခင်များ၏ အခန်းကဏ္ဍသည် အရေးပါသောနေရာမှ ပါဝင်နေသည်မှာ အငြင်းပွားစရာ မလိုပါ။ ထို့အပြင် မိသားစုတစု၏ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေးတို့သည် မိခင်ဖြစ်သော အမျိုးသမီးများထံတွင် များစွာ တည်မှီ နေပေသည်။
မိခင်များ ပညာတတ်မှသာ သားသမီးတို့ကို ပညာတတ်များဖြစ်အောင် ပြုစုပျိုးထောင်ပေးနိုင်မှာဖြစ်သလို တော်တည့်မှန် ကန်အောင် ဆုံးမသွန်သင်နိုင်ပါလိမ့်မည်။ ပညာမတတ်သော မိခင်များရှိနေသော်လည်း ပညာတတ်သောမိခင်များ လူ့အဖွဲ့ အစည်းတွင် အရေအတွက် များပြားလာဖို့ လိုအပ်ပါသည်။ အထူးသဖြင့် ပညာတတ်ကာ ကျန်းမာရေးဗဟုသုတနှင့် ပြည့်၀ သောမိခင်များက မည်သည့်အသက်အရွယ်တွင် ကလေးယူမည်။ ကလေးဘယ်နှစ်ယောက်ယူမည်ကို မှန်မှန်ကန်ကန် ဆုံး ဖြတ်နိုင်ကြသည်ကို တွေ့ရပါသည်။
|
မွေးဖွားလာသော သားသမီးတို့ကို ယဉ်ကျေးလိမ္မာလာအောင် သွန်သင်ပေးသည်မှာလည်း များသောအားဖြင့် အမျိုးသမီး များသာဖြစ်သည်။ အိမ်ထောင်ဦးစီးဖြစ်သော ဖခင်များမှာ မိသားစုအတွက် ဝင်ငွေရှာနေရသောကြောင့် သား၊သမီးများကို မိခင်များ လောက်အချိန်ပေးနိုင်မည် မဟုတ်ပါ။ ငယ်စဉ်ကထဲက မရိုင်းပြအောင် စည်းကမ်းရှိအောင် သွန်သင်ထားမှသာ သားသမီးများ အရွယ်ရောက်လာသည့်အခါ စည်းကမ်းရှိသော မရိုင်းပြသော လူသားများဖြစ်လာပါလိမ့်မည်။
ရရှိလာသောဝင်ငွေဖြင့် လုံလောက်အောင် သုံးစွဲရသည်မှာ အမျိုးသမီးများ၏ တာဝန်ဖြစ်လာသည်။ မိမိ၏ ရင်သွေးငယ်များအား အာဟာရပြည့်ဝအောင် ကျွေးမွေးရန် မည်ကဲ့သို့သော အစားအစာများကို ရွေးချယ်ရမည်နည်းဆိုသည်ကို ဗဟုသုတ ရှိသော မိခင်များက ပိုသိကြသည်။ ပညာရေးတွင်လည်း ကျောင်းကြို၊ ကျောင်းပို့ အလုပ်ကို အမျိုးသမီးများကသာ ပုံမှန်အားဖြင့် လုပ်ဆောင်ရလေ့ရှိပါသည်။ သားသမီးများအတွက် ကောင်းမွန်သောကျောင်း (ပုဂ္ဂလိကကျောင်း၊ အစိုးရ ကျောင်း အစရှိသဖြင့်) ကိုရွေးချယ်ကာ အပ်နှံရပြန်သည်။
ယခုခေတ်ကာလသည် ဖခင်တယောက် ငွေရှာရုံဖြင့် တမိသားစုလုံး ထိုင်စား၍ရသော ခေတ်မဟုတ်တော့ပါ။ ကုန်ဈေးနှုန်း ကြီးမြင့်ခြင်း၊ ကျောင်းစရိတ် ကြီးမြင့်ခြင်းတို့ကြောင့် အမျိုးသမီးများပါ အလုပ်ထွက်လုပ်ရသော အခြေအနေနှင့် တွေ့ကြုံလာ ရသည်။ ထိုအခါ မိခင်တို့သည် သားသမီး တို့အတွက် ယခင်ကလောက် အချိန်ပေးနိုင်ဖို့ ခဲယဉ်းလာနိုင်သည်။ မိသားစု အတွင်း နွေးထွေးမှုလည်း လုံလုံလောက်လောက် မရှိနိုင်တော့ပေ။
တဖက်ကလည်း မိန်းမများအနေဖြင့် အိမ်ထောင်သားမွေး၊ ကလေးထိန်းဘဝနှင့်ပဲ အချိန်ကုန်သင့်သလား ဆိုသော မေးခွန်း ပေါ်ထွက်လာပြန်သည်။ ထို့ကြောင့် ပညာတတ် အမျိုးသမီးများက ကလေးတယောက် (သို့မဟုတ်) နှစ်ယောက်သာ ယူမည်ဟု ဆုံးဖြတ်ရွေးချယ်လာကြသည်။ ကလေးအရေအတွက် နည်းသောကြောင့် လူတလုံးသူတလုံး ဖြစ်အောင် ပြုစု ပျိုးထောင်ပေးနိုင်သော အခွင့်အရေး ပိုများလာသည်။
ကျန်းမာရေးရှုထောင့်မှကြည့်လျှင် ကလေးနှစ်ယောက်ခန့်သာယူသော မိန်းမများအနေဖြင့် မျိုးပွားအင်္ဂါ နှင့်ဆိုင်သော ကင်ဆာဖြစ်နိုင်ခြေ ပိုနည်းသည်ကိုတွေ့ရပါသည်။ ကလေးမွေးဖွားစဉ် မိခင်သေဆုံးမှုနှုန်းကိုလည်း ပိုမိုလျှော့ချပေးနိုင်ပါ လိမ့်မည်။ အကယ်၍ ကလေးများများ မွေးဖွားပါက မိန်းမများအနေဖြင့် ကိုယ်ဝန်ဆောင်နေရသောအချိန် ပိုမိုများပြား သဖြင့် မွေးဖွားပြီးသားရင်သွေးတို့ကို လုံလောက်စွာ ပြုစုစောင့်ရှောက်နိုင်လောက်အောင် အချိန်ပေးနိုင်မည် မဟုတ်သလို သံဓာတ်ဆုံးရှုံးခြင်း၊ သွေးအားနည်းခြင်း၊ ကိုယ်ဝန်ဆိပ်တက်ခြင်းတို့ကိုလည်း တွေ့ကြုံလာရနိုင်ပါသည်။
မကြာခင်ကပင် စိုးရိမ်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ဖတ်ရှုလိုက်ရပါသည်။ မြန်မာနိုင်ငံသည် မွေးဖွားစဉ် မိခင်သေဆုံးနှုန်း အများဆုံးနိုင်ငံထဲတွင် ပါဝင်နေဆဲဖြစ်ကြောင်း ကမ္ဘာ့ဘဏ်၏ မြန်မာနိုင်ငံဆိုင်ရာ အကြီးတန်း စီးပွားရေး ပညာရှင် Khazima Nthara ကပြောကြားလိုက်သည့် သတင်းဖြစ်သည်။ WHO (ကမ္ဘာ့ ကျန်းမာရေးအဖွဲ့ကြီး) က ထုတ် ပြန်သော စာရင်းဇယားများအရ ကလေးဦးရေ တသိန်းမွေးလျှင် မိခင် ၂၄၀ ၊ တနှစ်အောက် ကလေးငယ် ၃၇ ဦး၊ ငါးနှစ် အောက် ကလေးငယ် ၄၆ ဦး နှစ်စဉ်သေဆုံးနေရသည်ဟု ဖော်ပြထားပါသည်။ (ကိုးကား – 7Day News Daily သတင်းစာ)
ရခိုင်ပြည်နယ်တွင် မောင်တောနှင့် ဘူးသီးတောင်မြို့များ ၌ မွတ်စလင် အိမ်ထောင်စုတစုတွင် တလင်တမယား စနစ်ကျင့်သုံးရန်၊ ကလေး နှစ်ဦးထက် ပိုမယူရန် ဒေသန္တရ အမိန့်ထုတ်ပြန်ခဲ့မှုနှင့် ပတ်သက်၍ “လူ့ အခွင့်အရေး ချိုးဖောက်မှု” ဟုဝေဖန်သံများ ထွက်ပေါ်လာခဲ့ပါသည်။ သို့သော် လူ့အခွင့်အရေး ရှုထောင့်တခုထဲမှနေ၍ မကြည့်ဘဲ ကျော် လွန်၍ လူမှုရေး နှင့် ကျန်းမာရေးရှုထောင့်များမှ ကြည့်လျှင် ကောင်းမွန်သော မိသားစုဘဝအတွက် အထောက်အကူပင် ဖြစ်နေကြောင်း တွေ့ရပါသည်။
ကလေးနှစ်ဦးသာ ယူသဖြင့် မွတ်စလင်အမျိုးသမီးများအနေဖြင့် အခြားသောကိစ္စများအတွက် (စီးပွားရေး၊ ပြန်လည်ထူထောင်ရေး) အချိန်ပိုပေးနိုင်မည်ဖြစ်သည်။ ထိုကလေး နှစ်ယောက်ထဲကိုသာပြုစုစောင့်ရှောက်ရန် လိုသဖြင့် ငွေကြေးကုန်ကျမှုသက်သာမည်ဖြစ်သလို မိခင်တို့၏ကျန်းမာရေး ပိုမိုကောင်းမွန်လာနိုင်သည်။ ထို့ကြောင့် ဤ ဒေသန္တရ အမိန့်ကို မွတ်စလင်တို့အပေါ် ခွဲခြားဆက်ဆံမှုဟု မမှတ်ယူစေလိုပါ။
တဖက်ကလည်း မွတ်စလင်အမျိုးသမီးများကို PSI ကဲ့သို့သော NGO အဖွဲ့များက သားဆက်ခြားခြင်းနှင့် မိသားစု စီမံကိန်း တို့နှင့် ပတ်သက်၍ အသေအချာ သဘောပေါက်နားလည်လာအောင် အချိန်ယူ၍ ပညာပေးရန်လိုအပ်ပါသည်။ ကိစ္စရပ် တိုင်းတွင် “အမိန့်” တခုထဲနှင့် ဆောင်ရွက်နိုင်မည် မဟုတ်ဘဲ သက်ဆိုင်ရာ အရပ်ဘက်လူ့အဖွဲ့အစည်းများ၊ ဒေသခံများ၏ ပူးပေါင်းဆောင်ရွက်မှုရှိမှသာ အောင်မြင်နိုင်သည်ကို မမေ့သင့်ပါ။
ပညာပေးခြင်း အကြံဉာဏ်ပေးခြင်း၊ အပြန်အလှန် ဆွေးနွေးခြင်းတို့ဖြင့်သာ သူတို့အပေါ် “ခွဲခြားဆက်ဆံခြင်း” ဟူသော သံသယကို ပြေလျော့စေပါလိမ့်မည်။ မိုးရာသီသို့ ရောက်ရှိနေပြီဖြစ်သောကြောင့် သူတို့ကို လုံခြုံသော အမိုးအကာအောက် သို့ ပို့ဆောင်ပေးရန် အရေးကြီးသလို ကျောင်းနေအရွယ် ကလေးငယ်တို့အား ပညာသင်ကြားခွင့်ရရန် စီစဉ်ပေးရပါ လိမ့်မည်။ မွတ်စလင်ရော ရခိုင်ပါ လူသားများသာဖြစ်သောကြောင့် တန်းတူကျန်းမာရေးစောင့်ရှောက်ခွင့်၊ တန်းတူ ပညာ သင်ကြားခွင့်မှာ အရေးကြီးပါသည်။ ရခိုင်လူမျိုးများအနေဖြင့်လည်း “ဘင်္ဂလီ”လူဦးရေ တိုးပွားလာမည့်အရေး စိုးထိတ်နေရခြင်းမှ အတိုင်းအတာတခုအထိ သက်သာရာရပါလိမ့်မည်။
ယဉ်ကျေးသော၊ ကိုယ်ချင်းစာတရားရှိသော ကလေးများကို မွေးထုတ်နိုင်သော မိခင်များဖြစ်ရန်မှာ မွတ်စလင်အမျိုးသမီးတို့၏ စာတတ်မြောက်မှုအပေါ် များစွာ မူတည်နေပါသည်။ ရခိုင်ပြည်နယ်၏ စီးပွားရေး၊ လူမှုရေး၊ နိုင်ငံရေးတည်ငြိမ်မှုများအတွက် မတူညီသော လူ့အဖွဲ့အစည်း နှစ်ခုကြား “ပညာရေး” နှင့် “ကျန်းမာရေး”ကို မြှင့်တင်ပေးမှသာ ပို၍ကောင်းမွန်သော လူ့အဖွဲ့အစည်းကို တည်ဆောက်နိုင်မည်ဟု ရှုမြင် သုံးသပ်မိပါသည်။