Ethnic Issues

ဖက်ဒရယ် ပြည်ထောင်စုပါတီ ထူထောင်ရေး တိုင်းရင်းသား ၁၅ ပါတီ သဘောတူညီ

This article has been converted from Zawgyi One to Unicode

Want create site? Find Free WordPress Themes and plugins.

ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီးမြို့တွင် ကျင်းပသည့် ညီနောင် တိုင်းရင်းသားများပါတီ ၁၅ ခု ဆွေးနွေးပွဲတွင် ဖက်ဒရယ် ပြည်ထောင်စု ပါတီ ထူထောင်ရန် သဘောတူညီခဲ့ကြောင်း သိရသည်။

ယမန်နေ့က ကျင်းပသည့် ယင်းဆွေးနွေးပွဲတွင် အဓိက အားဖြင့် ငြိမ်းချမ်းရေး၊ တိုင်းရင်းသား အများစု ခံစားနေရသည့် ပုဒ်မ ၁၇/ ၁ (မတရားသင်းနှင့် ဆက်သွယ်မှု)၊ ပုဒ်မ ၁၇/ ၂ (မတရားသင်းတွင် ကိုယ်တိုင် ပါဝင်ဦးဆောင်မှု) စသည့်ကိစ္စများ၊ ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲ မတိုင်မီ ဖက်ဒရယ် ပြည်ထောင်စုပါတီ ပေါ်ပေါက်ရေး၊ စစ်မှန်သည့် ဒီမိုကရေစီနှင့် ဖက်ဒရယ် ပြည်ထောင်စု ဖြစ်ပေါ်လာရေး စသည်တို့ကို ဆွေးနွေးကြသည်။

“ကျနော်တို့ အဓိကအားဖြင့် ဖက်ဒရယ်ပြည်ထောင်စု ပါတီ ထူထောင်မယ့်ကိစ္စ ဆွေးနွေးတယ်။ ဒါကတော့ ကျနော်တို့ ညီနောင်တိုင်းရင်းသား ပါတီ ၁၅ ပါတီရဲ့ ကိုယ်ပွားလေးပေါ့။ ပြီးတော့ ကျနော်တို့ ညီနောင် တိုင်းရင်းသားပါတီအနေနဲ့ ဒီဆွေးနွေးပွဲ ရလဒ် တွေကိုလည်း လွှတ်တော်ကို တင်ပြသွားဖို့ရှိပါတယ်” ချင်းအမျိုးသား ပါတီ ဥက္ကဋ္ဌ ဦး ပူးဇိုဇမ်က ဧရာဝတီသို့ ပြောသည်။

ဖက်ဒရယ် ပြည်ထောင်စု ပါတီထူထောင်ပြီး ၂၀၁၅ ခုနစ်တွင် ကျင်းပမည် ရွေးကောက်ပွဲ၌ ဝင်ရောက် ယှဉ်ပြိုင်သွား မည်ဖြစ်ကြောင်း၊ အချိုးကျ ကိုယ်စားပြုစနစ် (Proportional Representation -PR) ကျင့်သုံးခြင်းကို တိုင်းရင်းသား ဒေသ၊ အထူးသဖြင့် ပြည်နယ်ဒေသတွင် မလိုလားကြောင်း၊ ပြည်မအနေဖြင့် ယင်းစနစ်ကို နိုင်ငံရေး ကစားကွက်ဟု ထင်ကာ စိတ်ဝင်စားစရာ ဖြစ်နိုင်ကြောင်း၊ ၂၀၀၈ အခြေခံ ဥပဒေကို ပြုပြင်ချင်လို့ နိုင်ငံရေးလောကသို့ ဝင်ခြင်းဖြစ်ကြောင်း၊ ယခုအခါ ပါတီအသီးသီး၏ လိုအပ်ချက်ကို ပြုပြင်နေကြကြောင်း ဦးပူးဇိုဇမ်က ဆိုသည်။

PR စနစ် ဆိုသည်မှာ ပြည်နယ်ခုနစ်ခုတွင် တိုင်းရင်းသား ပါတီမဟုတ်သော အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD)၊ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ စသည့် အင်အားကြီး ပါတီများက အချိုးကျ ဝင်ရောက်ယှဉ်ပြိုင်ကြခြင်းကို ဆိုလိုခြင်း ဖြစ်သည်။

တိုင်းရင်းသား ဒေသများ၌ အင်အားကြီးပါတီများ ဝင်ရောက်ယှဉ်ပြိုင်ခြင်း အားဖြင့် တိုင်းရင်းသား ပါတီများ အတွက် အနိုင်ရရန် အခွင့်အရေး နည်းပါးသွားနိုင်ကြောင်း၊ ထိုသို့ တိုင်းရင်းသားများ အခွင့်အရေး နည်းပါးမည်ကို ကြိုတင် ဟန့်တားသည့် အနေဖြင့် ညီနောင်ပါတီ ၁၅ ခု ပါဝင်သော ဖက်ဒရယ် ပြည်ထောင်စုပါတီကို ဖွဲ့စည်းရန် ဦးတည်ခြင်း ဖြစ်ကြောင်း ဦးပူးဇိုဇမ်က ရှင်းပြသည်။

“ကျနော်တို့ ဒီဆွေးနွေးပွဲက ဖက်ဒရယ်ပြည်ထောင်စု ဆိုတာကို ဦးတည်တာမဟုတ်ဘူး။ ဖက်ဒရယ် ပြည်ထောင်စုပါတီ ဖွဲ့စည်းဖို့ ဦးတည်တာပါ။ ဘာလို့လဲဆိုတော့ တကယ်လို့ ၂၀၁၅ ရွေးကောက်ပွဲမှာ အစိုးရက PR စနစ်ကို မဖြစ်မနေ ကျင့်သုံးသွားမယ်ဆိုရင် တိုင်းရင်းသားတွေ အနေနဲ့ နစ်နာမှုမရှိအောင်၊ တိုင်းရင်းသား အခွင့်အရေးကို ကာကွယ်နိုင်အောင် ဒီပါတီ ထောင်ဖို့ ဦးတည် ဆွေးနွေးတာပါ” ဟု ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ အဖွဲ့ဝင် ဦးစိုင်းဘိုးအောင်က ဧရာဝတီသို့ ပြောသည်။

ဖက်ဒရယ် ပြည်ထောင်စု ပါတီ ဆိုသည့်အမည်မှာ ယာယီပေးထားခြင်းသာ ဖြစ်ကြောင်း၊ ဆွေးနွေးပွဲမှ ရလဒ်အဖြစ် အဆိုပါ ပါတီကို ထူထောင်နိုင်လျှင် ပြည်နယ် ၇ ပြည်နယ်တွင် သာမက၊ တိုင်း ၇ တိုင်းတွင်ပါ ဝင်ရောက် ယှဉ်ပြိုင်နိုင်ပြီး တိုင်းရင်းသား များအတွက် အခွင့်အရေး ပိုမိုရရှိနိုင်ကာ၊ တိုင်းရင်းသားများ အခွင့်အရေးကိုပါ ကာကွယ်နိုင်မည်ဟု ၎င်းက ဆိုသည်။

“ကျနော်တို့ ပါတီအနေနဲ့ လာမယ့် ရွေးကောက်ပွဲမှာ တိုင်းရင်းသား အင်အားစု ပါတီကြီး တခု ပေါ်ပေါက်ရေးကို ရည်ရွယ်ပြီး ဖက်ဒရယ် ပြည်ထောင်စု ပါတီ ထောင်ပါမယ်။ ပြီးတော့ တရားဝင် ပါတီဖြစ်ဖို့ မှတ်ပုံတင်မယ်” ဟု ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ ဗဟို အလုပ်အမှုဆောင်ကော်မတီမှ ဦးခိုင်ကောင်းစံက ဧရာဝတီသို့ ပြောသည်။

ဖက်ဒရယ် ပြည်ထောင်စု ဖွဲ့စည်းပုံ မူကြမ်းကို ပြင်ဆင် ဖြည့်စွတ်မည်ဖြစ်ကြောင်း၊ PR စနစ်ကို ကျင့်သုံရန် စောနေသေးသဖြင့် အဆိုပါ စနစ်ကို ကန့်ကွက်မည်ဖြစ်ကြောင်း၊ PR စနစ် ကျင့်သုံးလျှင် ပြည်ထောင်စုကြီး ပြိုကွဲသွားနိုင်ကြောင်း၊ နိုင်ငံတကာကို ကြည့်ပါက PR စနစ်သည် လူမျိုးတမျိုးတည်း နေထိုင်သည့် နိုင်ငံများတွင် ကျင့်သုံးမှသာ အောင်မြင်သည်ကို တွေ့ရကြောင်း၊ ညီနောင် တိုင်းရင်းသား ပါတီ ၁၅ ပါတီဆွေးနွေးပွဲတွင် ပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည့်အတွက် ဖက်ဒရယ်ပြည်ထောင်စု ပါတီ ကောင်းမွန်စွာ ထွက်ပေါ်လာမည်ဟု မျှော်လင့်ကြောင်း ၎င်းက ဆိုသည်။

“ကျနော်တို့ ဖက်ဒရယ် ပြည်ထောင်စုပါတီ ဖွဲ့ဖို့နဲ့ PR ကိစ္စ ဆွေးနွေးဖြစ်ပါတယ်။ ဒီက ဆွေးနွေးတာတွေကို အားလုံး အကောင်အထည် ဖော်နိုင်မယ်လို့ ကျနော်ယုံကြည်ပါတယ်” ဟု တိုင်လိုင် (ရှမ်းနီ) အမျိုးသားပါတီ အတွင်းရေးမှူး ဦးစောဝင်းထွန်းက ပြောသည်။

ညီနောင်တိုင်းရင်းသား ပါတီ ၁၅ ပါတီ ဆွေးနွေးပွဲတွင် တိုင်းရင်းသား အခွင့်အရေး ပိုမို ရရှိရန်၊ တန်းတူညီတူရရှိရန် အဓိက ထား၍ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်ရေးအတွက် ပြုလုပ်သင့်သည်များကို ဆွေးနွေးသွားကြောင်း၊ ပြည်ထောင်စု ညီလာခံကို ကျင်းပနိုင်ရန် ကြိုးစားသွားမည်ဖြစ်ကြောင်း၊ လက်ရှိတွင်လည်း ၀ ပြည်နယ် ရရှိရန် အစိုးရကို အကြိမ်ကြိမ် တောင်းဆိုထားကြောင်း ၀ အမျိုးသား သွေးစည်းညီညွတ်ရေး ပါတီမှ ဦးဆမ်နမ်က ဧရာဝတီသို့ ပြောသည်။

အဆိုပါ ဆွေးနွေးပွဲကို တောင်ကြီးမြို့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ ရုံးခန်းတွင် ပြုလုပ်ပြီး ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ် ပါတီ၊ ကယန်းအမျိုးသား ပါတီ၊ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ၊ ရခိုင် တိုင်းရင်းသားများ တိုးတက်ရေးပါတီ၊ ဖလုံစဝေါ် ဒီမိုကရက်တစ်ပါတီ၊ ချင်းအမျိုးသား ပါတီ၊ အင်းအမျိုးသား ဖွံ့ဖြိုးရေးပါတီ၊ဓနုတိုင်းရင်းသား လူမျိုးများ ဒီမိုကရေစီပါတီ၊ ၀ ဒီမိုကရက်တစ် ပါတီ၊ ပအိုဝ်းအမျိုးသား ပါတီ၊ တအာင်း (ပလောင်) အမျိုးသားပါတီ၊အရှိုချင်းအမျိုးသား ပါတီ၊ တိုင်လိုင် (ရှမ်းနီ) အမျိုးသားများ ဖွံ့ဖြိုးတိုးတက်ရေး ပါတီ၊ ချင်းအုပ်စု၊ ၀ အမျိုးသား စည်းလုံးညီညွတ်ရေး ပါတီ စသည့် ညီနောင်တိုင်းရင်းသား ပါတီတို့ တက်ရောက်ခဲ့ကြောင်း သိရသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading