မန္တလေးမြို့မှ ကိုင်းတန်းညဈေး ပြောင်းရွှေ့ရေးနှင့် ပတ်သက်၍ ခွင့်ပြုချက်မယူဘဲ စီတန်းလမ်းလျှောက် ဆန္ဒပြခဲ့ကြသူ ၇ ဦးကို ချမ်းအေး သာဇံ မြို့နယ် တရားရုံးက ယနေ့ ထောင်ဒဏ်များ ချမှတ်လိုက်သည်။
ဆန္ဒပြသူများ ဖြစ်သည့် ကိုအေးသိန်း၊ ကိုစိန်အောင်၊ ကိုဝင်းဆွေမြင့် တို့အား အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ (ခ)ဖြင့် ထောင်ဒဏ် ၁ နှစ်၊ ပုဒ်မ ၁၈ ဖြင့် ထောင်ဒဏ် ၃ လ စုစုပေါင်း ၁ နှစ် နှင့် ၃ လ ချမှတ်ကြောင်း၊ ကိုညီညီကျော်၊ မနွယ်နွယ်ဦး၊ မနီနီအောင်၊ မသဲသဲ တို့ကို ပုဒ်မ ၁၈ အရ ထောင်ဒဏ် ၃ လ အသီးသီး ချမှတ်လိုက်ကြောင်း သိရသည်။
အဆိုပါ တရားခွင်ကို သွားရောက်ခဲ့သည့် သတင်းသမားတဦးက“အမျိုးသမီးတွေက ထောင်ဒဏ်တွေချမယ်လို့ မထင်ဘူး၊ ဒဏ်ငွေ လောက်ပဲ ချမယ်ထင်တာ၊ ထောင်ဒဏ်ချတယ်ဆိုတော့ သူတို့လည်း စိတ်ထိခိုက်သွားတယ်”ဟု ဆိုသည်။
ပြီးခဲ့သည့်နှစ် သြဂုတ်လက မန္တလေး မြို့တော် စည်ပင်သာယာရေးကော်မတီ၏ အစီအစဉ်ဖြင့် ကိုင်းတန်းညဈေးအား ကမ်းနား ချော်ဆိပ် အနီးသို့ ပြောင်းရွှေ့ခိုင်းရာ ဈေးသူဈေးသားများက မကျေနပ်သည့်အတွက် ဈေးသူဈေးသား ၁၀၀ ခန့် မြို့တော်ဝန်ရုံးသို့ ချီတက် ဆန္ဒပြကြခြင်းဖြစ်သည်။
ထိုစဉ်က အထက်မြန်မာပြည် အလုပ်သမားအရေးဆောင်ရွက်သူ ကိုအေးသိန်း၊ ကိုင်းတန်းဈေး တာဝန်ခံ ကိုဝင်းဆွေမြင့်၊ ကိုညီညီ ကျော်(ပဋိပက္ခ ကြိုတင် ကာကွယ်တားဆီးရေး အဖွဲ့ဝင်) တို့အား မြို့တော်ဝန် ဦးအောင်မောင်းက ခေါ်ယူဆွေးနွေးပြီးနောက်တွင် ရဲတပ်ဖွဲ့က ဖမ်းဆီးကာ ရုံးတင် တရားစွဲခဲ့ခြင်းဖြစ်သည်။
အစိုးရသစ်လက်ထက်တွင် ဆန္ဒပြခွင့်ပြုသော်လည်း ကြိုတင်ခွင့်တောင်းရမည်ဖြစ်ပြီး ခွင့်ပြုချက်ရယူခြင်းမရှိပါက ပုဒ်မ ၁၈ ဖြင့် တရားစွဲဆိုခွင့် ရှိသည်ဟု ပြဋ္ဌာန်းထားသည်။
အစိုးရသစ်လက်ထက်တွင် တက်ကြွလှုပ်ရှားသူများကို ထောင်ဒဏ်များ ချမှတ်နေရာ ယမန်နေ့ကလည်း ပဲခူးတိုင်း အနောက်ခြမ်း နတ္တလင်းမြို့တွင် စစ်တပ်နှင့် ရဲတပ်ဖွဲ့က သိမ်းဆည်းထားသည့် လယ်ယာမြေများပြန်လည်ရရှိရေး ဝင်ရောက်ကူညီသည့် ပြည်သူ့ကွန်ရက် အဖွဲ့ဝင် ဒေါ်မြင်မြင့်အေး အပါအဝင် ၃ ဦးကို ပေါင်းတည်ထောင်တွင် ထိန်းသိမ်းကာ တရားစွဲဆိုရန် ပြင်ဆင်နေသည်။
သမ္မတဦးသိန်းစိန်က အမေရိကန်နိုင်ငံ ခရီးစဉ်တွင် မြန်မာနိုင်ငံ၌ ဆန္ဒပြသူများသည် နေ့စားခရသည့်အတွက် ဆန္ဒပြသူများ ဖြစ် သည်ဟု စွပ်စွဲ ပြောဆိုခဲ့သေးသည်။