နိုင်ငံရေးပါတီတရပ်ရဲ့ ရည်မှန်းချက်ဟာ ရွေးကောက်ပွဲမှာ နိုင်ဖို့၊ အစိုးရဖွဲ့နိုင်ဖို့၊ အာဏာရရှိဖို့ ဖြစ်ပါတယ်။ သမ္မတ ဦးသိန်းစိန်က အစောပိုင်းမှာတော့ ဒီသမ္မတ သက်တမ်းပြီးရင် နားမယ်ဆိုတာမျိုး သတင်းတွေ ထွက်ပေါ်ခဲ့ပေမယ့် နောက်ပိုင်းမှာတော့ ပြည်သူတွေက ဆန္ဒရှိရင် လာမယ့် သက်တမ်းအတွက် သမ္မတ လုပ်မယ်လို့ ပြောဆိုခဲ့ပါတယ်။
ထို့အတူ ဒေါ်အောင်ဆန်းစုကြည် ကလည်း လာမယ့် သမ္မတ သက်တမ်းကို မှန်းနေပါတယ်။ ဒေါ်အောင်ဆန်းစုကြည် သမ္မတ ဖြစ်ဖို့အတွက် အကြီးမားဆုံး အတားအဆီးက ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ဖို့ပါ။ ဒါကြောင့် ဒေါ်အောင်ဆန်းစုကြည်က ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ရေးကို ထပ်တလဲလဲ ပြောဆိုနေခဲ့ပါတယ်။ မကြာသေးမီက ကမ္ဘာ့စီးပွားရေးဖိုရမ် စကားဝိုင်းမှာလည်း ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ရေးကို မီးမောင်းထိုး ပြောဆိုသွားတာ တွေ့ရပါတယ်။
လက်ရှိအာဏာရ ပါတီဖြစ်တဲ့ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (ကြံ့ခိုင်ရေးပါတီ) ခေါင်းဆောင်တွေနဲ့ သမ္မတ ဦးသိန်းစိန် တို့ကတော့ ဖွဲ့စည်းပုံ အခြေခံဥပေဒကို ပြင်နိုင်ပါတယ်လို့ တဖွဖွ ပြောနေကြပါတယ်။ ဒါပေမယ့် ကြံ့ခိုင်ရေးအမတ်တွေ ကြီးစိုးထားတဲ့ လွှတ်တော်နဲ့ လွှတ်တော်မှာ ထိုင်ခုံရနေတဲ့ တိုက်ရိုက်ခန့် စစ်တပ်ကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်းအပြင် သမ္မတဖြစ်ဖို့ အရည်အချင်း ကန့်သတ်ချက်တွေက နာဂစ် ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်ဖို့ ခက်ခဲစေတဲ့ အကြောင်းရင်းတွေဖြစ်ကြောင်း သိရှိကြပြီး ဖြစ်ပါတယ်။
မကြာသေးမီက အမေရိကန် ပြည်ထောင်စု ခရီးစဉ်အတွင်း VOA နဲ့ မေးမြန်းခန်းမှာ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရ ဦးရွှေမန်းက သူလည်း သမ္မတ တဦးအဖြစ် တာဝန်ယူဖို့ ဆန္ဒရှိကြောင်း ထုတ်ဖော် ပြောဆိုလိုက်ပြန်ပါတယ်။
လာမယ့် သမ္မတ သက်တမ်းအတွက် ရာထူးကို ချိန်ရွယ်ထားမှုတွေနဲ့ ပတ်သက်ပြီး လာမယ့် ရွေးကောက်ပွဲရဲ့ ပွင့်လင်းမြင်သာမှု၊ ပြည်သူများအကြား နိုင်ငံရေးပါတီများရဲ့ ရေပန်းစားမှု၊ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်ရေး စတာတွေကို ဆွေးနွေးပြောဆိုနေကြတာ တွေ့ရပါတယ်။
နိုင်ငံကျော် ဗေဒင်ပညာရှင် ဆရာ စံဇာဏီဘိုကတော့ ဧရာဝတီနဲ့ အင်တာဗျူးမှာ “၂၀၁၄ ခုနှစ် ဇူလိုင်လ ၇ ရက်ကျော်တာနဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ သမ္မတ ဖြစ်လာမယ်။ နောက်လာမယ့် ရွေးကောက်ပွဲ မတိုင်ခင် ဒေါ်အောင်ဆန်းစုကြည်ဟာ သမ္မတ ဖြစ်လာနိုင်တယ်။ ဒါက ညွန့်ပေါင်း အစိုးရလည်းဖြစ်နိုင်သလို အဲဒီလိုမျိုး တခုခုလည်း ဖြစ်လာနိုင်တယ်။ ပြီးရင် ဒေါ်အောင်ဆန်းစုကြည်က သမ္မတရာထူး တာဝန် ရလာနိုင်ဖွယ်ရှိတယ်။ ပြီးရင် ၂၀၁၅ ရွေးကောက်ပွဲမှာလည်း ဒေါ်အောင်ဆန်းစုကြည်က နောက်ထပ် သမ္မတအဖြစ် ရွေးချယ်ခံရနိုင်တယ်” လို့ ဟောကိန်းထုတ်ထားပါတယ်။
-လတ်တလောမှာ ပြည်သူ့ထောက်ခံမှု တိုးပြီး ရရှိနေတဲ့ သမ္မတ ဦးသိန်းစိန် သမ္မတ ထပ်ဖြစ်ဖို့ အလားအလာတွေ ရှိနေပြီလား။
-ဒါဆိုရင် သူ့နောက်က ကြံ့ခိုင်ရေးပါတီရဲ့ အနေအထားကရော ဘယ်လို ဖြစ်မလဲ။
-ဒေါ်အောင်ဆန်းစုကြည် လာမယ့် သက်တမ်းမှာ သမ္မတ ဖြစ်နိုင်သလား။
-ဒါဆိုရင် သူ သမ္မတ ဖြစ်လာဖို့ လမ်းဖွင့်ပေးရမယ့် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးကရော ဖြစ်နိုင်ခြေ ရှိရဲ့လား။
-လတ်တလောမှာ အုပ်ချုပ်ရေး အာဏာရှိနေတဲ့ အစိုးရနဲ့ မကြာခဏ ထိပ်တိုက်တွေ့နေတယ်လို့ အများက ယူဆကြတဲ့ ဥပဒေပြု အာဏာရှိ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းရော သမ္မတ ရာထူးအတွက် ထောက်ခံမှု ရနိုင်ခြေ ရှိသလား။
-ဒေါ်အောင်ဆန်းစုကြည်နဲ့ ဆက်ဆံရေး ပိုနီးကပ်လာတယ်လို့ နိုင်ငံရေး အကဲခတ်တွေက ပြောတဲ့ သူရဦးရွှေမန်းဟာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ သမ္မတ အိပ်မက်ကို ခြိမ်းခြောက်နိုင်တဲ့သူ ဖြစ်မလား … စတာတွေကို ဒီတပတ် ဧရာဝတီ ဖိုရမ်မှာ ဆွေးနွေးဖို့ ဖိတ်ခေါ်ပါတယ်။