သတင်း

အစိုးရ ထောက်ပံ့ငွေ ကန့်သတ်ချက်ရှိ၍ ဘကကျောင်းများ အခက်အခဲဖြစ်

This article has been converted from Zawgyi One to Unicode

အစိုးရက နိုင်ငံတဝန်းရှိ ဘုန်းတော်ကြီးသင် ပညာရေးကျောင်း (ဘကကျောင်း) များအတွက် ပထမဆုံးအကြိမ် အဖြစ် ငွေကြေး ထောက်ပံ့မည် ဖြစ်သော်လည်း ယင်းငွေကြေး ထောက်ပံ့မှုတွင် ကန့်သတ်ချက်များ ရှိနေ၍ ဘကကျောင်းများ၏ ဘဏ္ဍာရေး အကျပ်အတည်း ပြေလည်မည့် အခြေအနေမရှိကြောင်း သတင်းရရှိသည်။

အစိုးရက ၂၀၁၃ -၂၀၁၄ ဘဏ္ဍာရေးနှစ်မှ စတင်ပြီး  နိုင်ငံတဝန်းလုံးရှိ ဘကကျောင်း များတွင် စာသင်ကြား ပေးနေသော ဆရာ၊ ဆရာမ များ၏ လစာအတွက် ငွေကျပ် သန်း ၃၀၀၀ ထောက်ပံ့ပေးမည်ဟု တရားဝင် သတင်း ထုတ်ပြန်ခဲ့ပြီး ယခု ဇွန်လကုန်မှ စတင်ကာ အဆိုပါ ထောက်ပံ့ငွေကြေးများကို စတင်ပေးအပ်မည် ဖြစ်ကြောင်း၊ သို့သော်လည်း ဆရာ၊ ဆရာမ၏ လစာငွေကြေး ထောက်ပံ့မှု ပေးအပ်ရာတွင် ကျောင်းသား ၄၀ လျှင် ဆရာ၊ ဆရာမ တယောက်နှုန်း ဆိုသော ပုံသေနည်း စနစ်ဖြင့် ထောက်ပံ့ပေးမည်ဖြစ်ကြောင်း၊ ထောက်ပံ့လစာငွေ လက်ခံမည့် ဆရာ၊ ဆရာမများသည် တက္ကသိုလ်ဘွဲ့ရများ ဖြစ်ရန် လိုအပ်ကြောင်း သိရှိရသည်။

ယင်းသို့ အစိုးရက ဘကကျောင်းများအတွက် ပေးအပ်မည့် ထောက်ပံ့ငွေကို ကန့်သတ်ချက်များ ထားရှိခြင်းကြောင့် ထောက်ပံ့ငွေ ရယူရန် အခက်အခဲ ဖြစ်စေပြီး အစိုးရ၏ ထောက်ပံ့ငွေဆိုသော အစီအစဉ်ကိုလည်း မေးခွန်း ထုတ်ရမည် ဖြစ်ကြောင်း၊ ဘကကျောင်းများ အနေဖြင့် ပုဂ္ဂလိက အလှူရှင်များကိုသာ ဆက်လက် မှီခို အားထားပြီး ရပ်တည်သွားရမည် ဖြစ်ကြောင်း၊ အစိုးရ ထောက်ပံ့ငွေ ပေးမည်ဟုဆိုသော် တချို့သော ကျောင်းများကို အကြောင်းကြားခြင်း မရှိဘဲ ပွင့်လင်း မြင်သာမှု အားနည်းကြောင်း ဘုန်းတော်ကြီးသင် ပညာရေး ကျောင်းများမှ တာဝန်ရှိသူများ၏ အဆိုအရ သိရှိရသည်။

“ထောက်ပံ့ငွေ ပေးမှာက ကျောင်းသား ၄၀ မှာ ဆရာ ၁ တဦး အချိုး ပုံစံနဲ့ ပေးမှာဆိုတော့ ကျောင်းသား ၇၀ ရှိတဲ့ ကျောင်းဆိုရင် ဆရာ၊ ဆရာမ ၂ ယောက်ရှိလည်း တယောက်စာ လစာငွေကိုပဲ အစိုးရက ထောက်ပံ့ပေးမှာပေါ့။ အဲဒီတော့ ကျောင်းတွေကလည်း ဒီထောက်ပံ့ငွေကို အရမ်း အားကိုးတာထက် ကိုယ့်ဘာသာကိုယ် ရပ်တည်နိုင်အောင် ပိုလုပ်သင့်တယ်” ဟု ဘုန်းတော်ကြီးသင် ပညာရေးကျောင်းများ အရေး ဆောင်ရွက်နေသူ ဆရာတော် ဦးဝိစာရက ဆိုသည်။

ရန်ကုန်တိုင်း ဒေသကြီး ရွှေပေါက္ကံ မြို့နယ်ရှိ ဆုထူးပန် သာသနာ့ဗိမ္မာန်ကျောင်းမှ ဘုန်းတော်ကြီးသင် ပညာရေး ကျောင်းတာဝန်ခံ ဆရာဦးမျိုးဇင်က “ကျနော်တို့ ဘကကျောင်းကိုတော့  ထောက်ပံ့ငွေနဲ့ ပတ်သက်လို့ ဘာမှ အကြောင်း ကြားတာမျိုး မရှိဘူး။ လောလောဆယ် အလှူရှင်လည်း မရှိပါဘူး။ ကျနော်တို့ ကျောင်းမှာ ဆရာ ၂ ယောက်နဲ့ ကလေး ၈၀ ကျော် ရှိတယ်။ ထောက်ပံ့ငွေပဲဖြစ်ဖြစ်၊ အလှူရှင်ပဲဖြစ်ဖြစ် ရှိရင် ကျောင်းအတွက် နည်းနည်း အဆင်ပြေ သွားနိုင် ပါတယ်” ဟု ဆိုသည်။

ဘကကျောင်းများတွင် တက္ကသိုလ်ဘွဲ့ရ အငြိမ်းစား ဆရာ၊ ဆရာမများ အပြင် တက္ကသိုလ်တွင် ပညာ သင်ယူနေစဉ် စာလာရောက် သင်ကြား ပေးနေသော တက္ကသိုလ် ကျောင်းသား၊ ကျောင်းသူများ၊ အဝေးသင်တက်ရင်း စာသင်ကြား ပေးနေသူများလည်း ရှိသောကြောင့် ဘွဲ့ရရှိသူ ဆရာ၊ ဆရာမကိုသာလျှင် လစာ ထောက်ပံ့ပေးမည် ဆိုသော  ကန့်သတ်ချက်သည် အဓိပ္ပာယ်မရှိ ကြောင်း ဝေဖန်သုံးသပ်မှုများ ရှိနေသည်။

“တက္ကသိုလ်မှာ ဘွဲ့မရ သေးတဲ့ ဆရာမလေးတွေ အတွက်တော့ ကျောင်းကပဲ လစာ ဆက်ပေးနေရမှာပေါ့။ လက်ရှိ ကျောင်းကနေ ဆရာ၊ ဆရာမတွေကို တလ ကျပ် ၂၅၀၀၀ ပေးထားတယ်” ဟု ဒဂုံအရှေ့ပိုင်း မြို့နယ်ရှိ ရွှေငြိမ်စံ ဘကကျောင်းမှ တာဝန်ခံ ဆရာတော် ဦးကောဏ္ဍညက ပြောသည်။

သာသနာရေး ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ ဘုန်းတော်ကြီးသင် ပညာရေးကျာင်း များသို့ ထောက်ပံ့ကြေး ငွေပေးပို့မှုကို ဘဏ်များမှ တဆင့် ဆောင်ရွက်ပေးမည် ဖြစ်ပြီး ဇွန်လ ၂၇ ရက်နေ့တွင် ပြည်နယ်နှင့်တိုင်း အလိုက် ဘုန်းတော်ကြီးသင် ပညာရေးကျောင်း များရှိ ကျောင်းသားနှင့် ဆရာ၊ ဆရာမ စာရင်းများကို သာသနာရေး ဝန်ကြီးဌာနသို့ ပေးပို့ရမည် ဖြစ်ကြောင်း သိရသည်။

သာသနာရေး ဝန်ကြီးဌာန စာရင်းဇယားများအရ တနိုင်ငံလုံးတွင် ဘုန်းတော်ကြီးသင် ပညာရေးကျောင်း စုစုပေါင်း ၁၅၇၉ ကျောင်း ရှိကြောင်း သိရှိရသည်။

Loading