မကွေးတိုင်း ပခုက္ကူမြို့တွင် စာသင်ကျောင်းတကျောင်းကို မွတ်စလင်များက မီးရှို့နေကြောင်း မဟုတ်မမှန် အော်ဟစ် သွားသည့် ဆိုင်ကယ်သမား လူတစုကြောင့် အထိတ်တလန့် ဖြစ်၍ လူစုလူဝေး ဖြစ်လာသောကြောင့် မြို့ကို ရဲလုံခြုံရေးများ ချထားကြောင်း သိရသည်။
ယနေ့ နေ့လယ် ၁၂ နာရီခွဲခန့်က မြို့ပေါ် အမှတ် ၃ ရပ်ကွက်ရှိ အမက ၁၃ မူလတန်းကျောင်း မီးရှို့ခံနေရကြောင်း ဆိုင်ကယ် ၄ စီးဖြင့် လူတစုက အော်ဟစ်ကာ မြို့ပြင်သို့ ထွက်ပြေးသွားကြောင်း၊ မိဘများက ကျောင်းသားများအား သွားရောက် ခေါ်ဆောင် နေကြသော်လည်း ကျောင်းများက ခေါ်ဆောင်ခွင့် မပြုသေးကြောင်း မြို့ခံ ကျောင်းသား မိဘတဦးက ဧရာဝတီသို့ ပြောသည်။
“ဆိုင်ကယ်သမားတွေကို မဖမ်းမိလိုက်ဘူး။ အခု လိုက်စုံစမ်းနေပါတယ်။ ဒီလိုမျိုး ကောလာဟလ ဖြန့်တဲ့လူတွေကို ဖမ်းဆီးပြီးတော့ ပြင်းပြင်းထန်ထန် အရေးယူလိုက်မယ်ဆိုရင် နောက်တခါ ဒါမျိုးတွေ ဖြစ်မှာမဟုတ်တော့ဘူး” ဟု ပခုက္ကူမြို့နယ် ရဲတပ်ဖွဲ့မှူး ရုံးမှ ဝာာဝန်ခံက ဆိုသည်။
ကျောင်းရှေ့တွင် မီးသတ်ကားများလည်း ရောက်ရှိနေပြီး မြို့ကို လုံခြုံရေးများ ချထားပေးပြီးဖြစ်၍ မကြောက်ကြရန် ရဲများက စပီကာများဖြင့် လိုက်လံ ကြေညာနေကြကြောင်း သိရသည်။
မီးရှို့ခံရသည် ဆိုသော ကျောင်းမှာ ဗုဒ္ဓဘာသာဝင် ကျောင်းသား အများစု တတ်ရောက်သည့် ကျောင်းဖြစ်ကြောင်း၊ မြို့ပေါ်ရှိ ကျောင်းအားလုံးတွင် လက်ရှိ ရဲတပ်ဖွဲ့ အင်အား အစိတ်စီခန့် လုံခြုံရေး ချထားပေးကြောင်း၊ သို့ရာတွင် ပခုက္ကူမြို့မ ဈေးအတွင်းရှိ မွတ်စလင် ဆိုင်ခန်း ပိုင်ရှင်များက ဆိုင်ခန်းများအား ပိတ်သိမ်း နေကြကြောင်း ဒေသခံများက ပြောသည်။
ယခုလ ၅ ရက်နေ့ကလည်း ဆိုင်ကယ်သမား တစုက မန္တလေးမြို့ ၃၅ လမ်း၊ ၇၆ လမ်းပေါ်ရှိ အထက ၃ ကျောင်းကို မီးရှို့နေကြောင်း အော်ဟစ်သွားခဲ့သဖြင့် မြို့ခံများ အထိတ်တလန့် ဖြစ်ပွားခဲ့ပြီး ဆိုင်ကယ်သမားများအား ယနေ့အထိ ဖမ်းစီးနိုင်ခြင်း မရှိခဲ့ပေ။
လားရှိုးမြို့တွင် မေလ ၂ ရက်နေ့က ဈေးသည်အမျိုးသမီး တဦးအား မွတ်စလင် အမျိုးသားတဦးက ဓာတ်ဆီဖြင့်ပက်၍ မီးရှို့ခဲ့ရာမှ ပဋိပက္ခဖြစ်ပွားခဲ့ပြီး နောက်တွင် ယခုကဲ့သို့ မွတ်စလင်များက မီးရှို့မည်၊ မီးရှို့နေသည် ဆိုသော လူမျိုးရေး၊ ဘာသာရေး လှုံ့ဆော်သည့် ကောလာဟလများက နယ်မြို့များတွင် မကြာခဏ ထွက်ပေါ်လျှက်ရှိသည်။
ဗုဒ္ဓဘာသာဝင်များ အနေဖြင့် အစ္စလမ်ဘာသာဝင်များ အပေါ် အထင်အမြင် လွဲမှားနေခြင်းများနှင့် ပတ်သက်၍ မွတ်စလင် ပညာရှင်များနှင့် မြန်မာနိုင်ငံ အစ္စလမ် ဘာသာဝင် ကွန်ရက်ပေါင်းစုက ဇွန်လ ၁၂ ရက်နေ့က ရန်ကုန် ဗိုလ်တထောင်မြို့နယ်ရှိ YMCA ခန်းမတွင် သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့သေးသည်။
ယင်းပွဲတွင် အစ္စလမ်ဘာသာဝင် ကွန်ရက်ပေါင်းစုက ဘာသာရေး ပဋိပက္ခများအပြီးတွင် ၎င်းတို့အနေဖြင့် ဘာသာကွဲများအား အချိန်မရွေး ဗလီဝတ်ကျောင်း ဆောင်များသို့ လာရောက် လေ့လာခွင့်ပေးထားပြီး ဖြစ်ကြောင်း၊ အချင်းချင်း ယုံမှားသံသယများ မဖြစ်စေလိုကြောင်းနှင့် ဗလီဝတ်ကျောင်များတွင် အက်ဆစ်နှင့် လက်နက်များ သိုလှောင် ထားသည်ဆိုသော ကောလာဟလ များမှာလည်း မဟုတ်မှန်ကြောင်း ပြောဆိုခဲ့သည်။