မြန်မာ့ တပ်မတော်မှ ဗိုလ်မှူးနှင့် ဗိုလ်ကြီးအဆင့် အရာရှိ ၃၀ ခန့်ကို မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၏ ရေကြောင်းနှင့် လေကြောင်း ရဲအရာရှိများအဖြစ် ပြောင်းရွှေ့ ခန့်ထားလိုက်ကြောင်း သိရသည်။
ကာကွယ်ရေး ဦးစီးချုပ်ရုံး (ကြည်း) ၏ စစ်ရာထူးခန့်ချုပ်က တပ်မတော် (ရေ) မှ ဗိုလ်မှူးအဆင့် ၁၁ ဦးကို ရဲမှူးရာထူးများနှင့် ဗိုလ်ကြီး အဆင့် ၃ ဦးကို ရေကြောင်း ရဲတပ်ဖွ့ဲ၏ ဒု ရဲမှူးများအဖြစ် ပြည်ထဲရေး ဝန်ကြီးဌာန၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့သို့ ပြောင်းရွှေ့လိုက်ကြောင်း ရန်ကုန် မီဒီယာဂရု(ပ်) ၏ အင်တာနက် စာမျက်နှာတွင် ဇွန်လ ၁၁ ရက်နေ့ ရက်စွဲဖြင့် ဖော်ပြထားသည်။
အလားတူ တပ်မတော် (ကြည်း) မှ ဗိုလ်မှူး အဆင့်ရှိ အရာရှိ ၁၄ ဦးအား ရဲမှူးများအဖြစ် ခန့်အပ်လိုက်ပြီး တခြား ဗိုလ်မှူး ၃ ဦးကို အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန၏ လက်ထောက် ညွှန်ကြားရေးမှူးများအဖြစ် တာဝန်ပေးလိုက်ကြောင်း၊ တပ်မတော် (လေ) မှ ဗိုလ်မှူးတဦးကိုမူ လေကြောင်း ရဲတပ်ဖွ့ဲ၏ ရဲမှူးအဖြစ် ခန့်အပ်လိုက်ကြောင်း သိရသည်။
စစ်တပ်မှ အရာရှိများကို ရဲမှူးများအဖြစ် တာဝန်ပေးလိုက်ခြင်းသည် ရဲအရာရှိများ၏ တက်လမ်းနှင့် လုပ်ပိုင်ခွင့်များကို ကန့်သတ်လိုသည့်အတွက်ဟု ယူဆကြောင်း၊ စစ်တပ်မှ ရဲတပ်ဖွဲ့သို့ ပြောင်းလာသည့် တပ်မတော် အရာရှိဟောင်း တချို့သည် လုပ်ငန်းကျွမ်းကျင်မှု မရှိဘဲ အမိန့်အတိုင်းသာ လုပ်ဆောင်တတ်ကြောင်း ရဲအုပ်တဦးက ဧရာဝတီကို ပြောသည်။
“စစ်တပ်က ပြောင်းလာတဲ့အတွက် ရဲလုပ်ငန်းကို ဘယ်လိုလုပ်ပြီး ကျွမ်းမလဲ။ ဒါပေမယ့် သူတို့က အမိန့်နဲ့ အုပ်ချုပ်ခဲ့တာဆိုတော့ လက်နက်ကိုင် ရဲတပ်ဖွဲ့လိုဟာမျိုးကျတော့ သူတို့က ပိုသာတယ်။ ဆက်ဆံရေးကတော့ ရာထူး အဆင့်အလိုက် ဆက်ဆံတဲ့ သဘောပဲတွေ့ရတယ်” ဟု အဆိုပါ ရဲအရာရှိက ဆိုသည်။
သို့သော် လက်ရှိအချိန်တွင် ခေတ်ပြောင်းနေပြီ ဖြစ်သည့်အတွက် အထက် အောက် အမိန့်ပေးပုံစံ မဟုတ်ဘဲ ကျွမ်းကျင်သူ ရဲတပ်ဖွဲ့ဝင်များနှင့်အတူ ပူးပေါင်းဆောင်ရွက်မည်ဟု ယုံကြည်ကြောင်း ဆက်ပြောသည်။
စစ်တပ်မှ ရဲတပ်ဖွဲ့သို့ ပြောင်းလဲ တာဝန်ပေး ခန့်အပ်သူများအား ရေကြောင်းဆိုင်ရာ ရဲတပ်ဖွဲ့များ၌ အစားထိုး ခန့်အပ်သွားမည်ဟု သိရသည်။
စစ်တပ်အရာရှိများအား ရဲတပ်ဖွဲ့သို့ ပြောင်းလဲလိုက်ခြင်းဖြင့် ရဲရင့်သည့် ရဲတပ်ဖွ့ဲဝင်များ ဖြစ်လာမည် ဖြစ်ကြောင်း၊ တပ်မတော် (ရေ) မှ အရာရှိများကို ရေကြောင်း ရဲတပ်ဖွဲ့၌ တာဝန်ပေးအပ်ခြင်းသည် သင့်လျော်သည့် လုပ်ရပ်တခု ဖြစ်ကြောင်း ဒု ဗိုလ်မှူးကြီးဟောင်းနှင့် အမျိုးသားလွှတ်တော် ကိုယ်စားလှယ်ဖြစ်သူ ဦးလှဆွေက ဧရာဝတီကို ပြောသည်။
“ရဲတွေက ရေကြောင်းဆိုင်ရာတွေ ကျွမ်းကျင်မှု မရှိဘူး။ ပင်လယ်ပြင်ကို စိုးမိုးနိုင်တဲ့ ရဲအရာရှိ မရှိဘူး။ ဒါကြောင့် စစ်တပ်က အရာရှိတွေကို တာဝန်ပေးတာပါ။ ပိုပြီး အစွမ်းထက်တဲ့ ရဲတပ်ဖွဲ့ဝင်တွေ ဖြစ်လာတာပေါ့လေ” ဟု ဦးလှဆွေက ဆိုသည်။
မြန်မာ့ ပင်လယ်ပြင် ကမ်းရိုးတန်းတလျှောက် ကာကွယ်စောင့်ရှောက်ရန် ခေတ်မီ ကမ်းခြေစောင့် သဘောၤတချို့ ဝယ်ထားကြောင်း၊ ထပ်မံဝယ်ယူရန် လိုအပ်သေးကြောင်း၊ ထို့အတူ ရေကြောင်းဆိုင်ရာ ကျွမ်းကျင်သည့် ရဲအရာရှိများ၊ ရဲတပ်ဖွဲ့ဝင်များ လိုအပ်နေကြောင်း၊ ထို့ကြောင့် တပ်မတော် (ရေ) မှ အရာရှိများကို ပြောင်းလဲ တာဝန်ပေးအပ်ခြင်း ဖြစ်နိုင်ကြောင်း ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီဝင်လည်းဖြစ်သူ ဦးလှဆွေက ပြောသည်။
၎င်းက “ကျနော်တို့ ပင်လယ်ပြင်ကြီးက လက်ရှိမှာ လုံခြုံမှု လုံး၀ မရှိဘူး။ ငါးခိုးဖမ်းတဲ့ လှေတွေလည်း ရှိတယ်။ ပြီးရင် ဘင်္ဂလားဒေ့ရှ်က ခိုးဝင်လာသူတွေ အဆမတန် ပွားများနေတာဟာလည်း လုံခြုံမှု မရှိလို့ပေါ့” ဟု ဆိုသည်။
မြန်မာနိုင်ငံ အနောက်ဘက် ကမ်းခြေနှင့် မြစ်ကြောင်းများ လုံခြုံရေးအတွက် ရေကြောင်းဆိုင်ရာ ရဲတပ်ဖွဲ့ကို ဖွဲ့စည်းကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက ၂၀၁၂ ခုနှစ် ဇူလိုင်လတွင် ထုတ်ပြန်ခဲ့သည်။ ထိုအဖွဲ့အား မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၏ လက်အောက်တွင် ထားရှိမည်ဖြစ်ပြီး ရေကြောင်း ရဲတပ်ဖွဲ့ ဌာနချုပ်သည် နေပြည်တော်တွင် ရုံးစိုက်ကြောင်း သိရသည်။
လက်ရှိတွင် မော်လမြိုင်၊ စစ်တွေနှင့် ပုသိမ်တို့တွင် ရေကြောင်း ရဲဌာနရုံးများ ဖွင့်လှစ်ထားပြီး ဖြစ်ကြောင်း ဦးလှဆွေထံမှ သိရသည်။
ကျောက်ဖြူ၊ ရန်ကုန်နှင့် ထားဝယ် ဆိပ်ကမ်းတို့တွင်လည်း ရေကြောင်းဆိုင်ရာ ရဲတပ်ဖွဲ့တချို့ရှိပြီး သံတွဲ၊ မြိတ်၊ မန္တလေး၊ ဝမ်ပေါင် (မဲခေါင်) စသည့် နေရာများတွင် ထိုတပ်ဖွဲ့များကို ဖြန့်ကြက် ချထားပေးသွားမည်ဟု ပြည်ထဲရေး ဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။
ရေကြောင်း ရဲတပ်ဖွဲ့သည် ပင်လယ်ဓားပြများ ကာကွယ်တားဆီးရေး၊ ကမ်းလွန် ရေနံနှင့် သဘာဝဓာတ်ငွေ့ လုပ်ငန်းများ လုံခြုံရေး၊ ရေပြင်ပိုင်နက်မှတဆင့် လူ၊ လက်နက်မှောင်ခိုများ တားဆီးနှိမ်းနင်းရေး သဘာဝ ဘေးအန္တရာယ် ဒုက္ခသည်များ ကယ်ဆယ်ရေး စသည့် တာဝန်များကို ထမ်းဆောင်မည်ဖြစ်ကြောင်း ရဲတပ်ဖွဲ့၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။
ထို့အတူ လေကြောင်း ရဲတပ်ဖွဲ့သည်လည်း လေယာဉ်ပြန်ပေးဆွဲခြင်းကဲ့သို့သော ရာဇဝတ်မှုများ၊ အစိုးရ ခေါင်းဆောင်များအွက် လေယာဉ်လုံခြုံရေး ဆေင်ရွက်ခြင်း၊ မူးယစ်ဆေးဝါး၊ လူ၊ လက်နက် မှောင်ခိုမှုများကို တားဆီးခြင်း စသည့် တာဝန်များကို ထမ်းဆောင်မည်ဟု သိရသည်။
မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၌ တပ်ဖွဲ့ဝင် ဦးရေ စုစုပေါင်း ၈ သောင်းမှ ၁ သိန်း ဝန်းကျင်ရှိကြောင်း ရဲအရာရှိတဦးက ပြောသည်။
စစ်တပ် အရာရှိများအား ရဲတပ်ဖွဲ့သို့ ရွှေ့ပြောင်း တာဝန်ပေးအပ်ခြင်းနှင့် ပတ်သက်၍ အသေးစိတ် သိရှိနိုင်ရန် ပြည်ထဲရေး ဝန်ကြီးဌာန၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၏ ရဲချုပ်ရုံးထံ ဧရာဝတီက ဆက်သွယ်ခဲ့သော်လည်း မရခဲ့ပေ။