သတင်း

မလေးရှားမှ ပြန်လိုသူများကို ယာယီ သက်သေခံ လက်မှတ် ထုတ်ပေး

This article has been converted from Zawgyi One to Unicode

Want create site? Find Free WordPress Themes and plugins.

မလေးရှားနိုင်ငံတွင် ဖြစ်ပေါ်ခဲ့သော အကြမ်းဖက်မှု ပဋိပက္ခများကြောင့် မြန်မာနိုင်ငံသို့ပြန်ရန် ယာယီ သက်သေခံလက်မှတ် ရရှိရေး အတွက် လာရောက်စာရင်းပေးသူ ယမန်နေ့အထိ ၈၀ ကျော်ရှိကြောင်း မလေးရှားနိုင်ငံဆိုင်ရာ မြန်မာသံရုံးမှ သတင်းရရှိသည်။

ပဋိပက္ခ ဖြစ်ပွားမှုများနှင့် ပတ်သက်ပြီး စုံစမ်းရန်နှင့် သက်ဆိုင်ရာ တာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးရန် ဇွန်လ ၁၁ ရက်နေ့ညနေ တွင် နိုင်ငံခြားရေးဝန်ကြီးဌာန ဒု ဝန်ကြီး ဦးဇင်ယော်နှင့်အဖွဲ့ မလေးရှားနိုင်ငံသို့ ရောက်ရှိခဲ့သည်။

ယင်းအဖွဲ့က တရားမဝင် နေထိုင် အလုပ်လုပ်နေကြသော မြန်မာနိုင်ငံသားများ မိခင်နိုင်ငံသို့ ပြန်နိုင်ရေးအတွက် CI(Certificate of Identification) ယာယီ သက်သေခံ လက်မှတ် ထုတ်ပေးရန် စီစဉ်ခဲ့ခြင်းဖြစ်သည်။

အကြမ်းဖက်မှုများ ဖြစ်ပေါ်ခဲ့သော မလေးရှားနိုင်ငံ ဆာလာရန်း နယ်မြေမှ မြန်မာအလုပ်သမားများကို ဦးစားပေးမည်ဖြစ်ကြောင်း၊ ကပုန်း ဘုန်းကြီးကျောင်းသို့ လာရောက်ခိုလှုံသူ မြန်မာအလုပ်သမား ၁၆ ဦး တနင်္လာနေ့တွင် မြန်မာနိုင်ငံသို့ ပြန်ရန် စီစဉ်ထားပြီးဖြစ် ကြောင်း မလေးရှားရှိ မြန်မာသံရုံးနှင့် ဆက်သွယ်ပေးနေသူ ကိုသီဟက ပြောသည်။

မြန်မာသံရုံးတွင် CI လျှောက်ထားပါက ဝန်ဆောင်ခ ပေးရန်မလိုအပ်သော်လည်း တရားမဝင် နေထိုင်သည့်အတွက် မလေးရှား လူဝင်မှုကြီးကြပ်ရေးဌာနသို့ ဒဏ်ကြေးငွေ ရင်းဂစ် ၄၀၀ ပေးဆောင်ရမည်ဟု သိရသည်။

“ရင်းဂစ် ၄၀၀ က အလှူရှင်မရှိရင် ကိုယ့်ဘာသာကိုယ် ဆောင်ရမှာပါ။ လောလောဆယ်တော့ တနင်္လာနေ့ပြန်မယ့် ၁၆ ယောက် အတွက်ပဲ အလှူရှင်ရှိပါတယ်”ဟု ကိုသီဟ က ပြောပြသည်။

မလေးရှားနိုင်ငံတွင် တရားဝင် လာရောက် အလုပ်လုပ်ကိုင်သူ မြန်မာ ၃ သိန်းခန့်ရှိပြီး တရားမဝင် အလုပ်လုပ်နေသူ ၁ သိန်း ခန့် ရှိကြောင်း သိရသည်။

တရားဝင် နေသူများ အပါအဝင် တရားမဝင် အလုပ်လုပ်ကိုင်နေသူ အများစုမှာလည်း လုပ်ခများခြင်း၊ အခွန်အခ ပေးစရာမလိုခြင်း တို့ကြောင့် မြန်မာနိုင်ငံသို့ မပြန်လိုကြသေးကြောင်း နိုင်ငံခြားရေး ဒု ဝန်ကြီး ဦးဇင်ယော် က နိုင်ငံပိုင်သတင်းစာများကို ပြောကြား ထား သည်။

မြန်မာနိုင်ငံသို့ ပြန်မည့်သူများအတွက် မြန်မာ့လေကြောင်းလိုင်းနှင့် ဧရာဝတီ ဖောင်ဒေးရှင်းမှ လေယာဉ်လက်မှတ် ၁၀၀၀ ကို အခမဲ့ လှူဒါန်းသွားမည်ဖြစ်ကြောင်း သိရသည်။

မေ ၃၁ ရက် ညနေတွင် ဆာလာရန်း၌ ဓားဖြင့် အထိုးခံခဲ့ရ၍ ဒဏ်ရာရရှိခဲ့သူ ကိုထွန်းမော်သိန်းက“၁၁ ရက်နေ့က ဆေးရုံက ဆင်း တယ်။ ခုလောလောဆယ် နည်းနည်းသက်သာပါတယ်။ တနင်္လာနေ့ပြန်မယ့် အထဲတော့ မပါဘူး။ နေ သိပ်မကောင်းသေးလို့။ ပြန် တာတော့ ပြန်မှာပါ။ နေချင်စိတ်လည်း မရှိတော့ပါဘူး။ ကျီးလန့်စာ စားနေရသလိုပဲ”ဟု ပြောဆိုသည်။

ည ၁၀ နာရီ အလုပ်ပြန်တွင် လူသုံးဦးက ဝိုင်း၍ ဓားဖြင့်ထိုးခဲ့ခြင်းဖြစ်ပြီး ထိုသူများမှာ မြန်မာများဖြစ်ကြောင်းနှင့် ယခင်က ၎င်းနှင့် သိကျွမ်းဖူးသူများ မဟုတ်ကြောင်း ကိုထွန်းမော်သိန်း က ဆက်ပြောသည်။

လက်ရှိ ဆာလာရန်းဆေးရုံ၌ တက်ရောက် ကုသနေသူ ၁ ဦးသာ ကျန်ရှိပြီး ၁ ဦး မှာသေဆုံးသွားကြောင်း၊ ကျန်၂ ဦးမှာဆေးရုံ မှ ဆင်းသွားပြီ ဖြစ်ကြောင်း သိရှိရသည်။
မလေးရှားတွင် မေလ ၃၀ ရက် မှ စတင်ပြီး မြန်မာနိုင်ငံသားများ အကြမ်းဖက်တိုက်ခိုက် သတ်ဖြတ်ခံရ၍ ၅ ဦး သေဆုံးပြီး ၆ ဦး ဒဏ်ရာရရှိကြောင်း ယနေ့ထုတ် အစိုးရ သတင်းစာများ၌ ဖော်ပြထားသည်။

ဇွန်လ ၄ ရက်နေ့က မလေးရှား သံအမတ်ကြီး မစ္စတာ အာမတ်ဖိုင် ဆဲလ်ဘင် မိုဟာမက် အား နိုင်ငံခြားရေး ဒု ဝန်ကြီး ဦးဇင်ယော် က ပြစ်မှုကျူးလွန်သူများကို ချက်ချင်း စုံစမ်း ဖော်ထုတ်ပြီး အရေးယူပေးရန်၊ ထိုဖြစ်ရပ်များ ထပ်မံမဖြစ်ပွားရန် မလေးရှား အစိုးရက လိုအပ်သည်များကို အရေးယူ ဆောင်ရွက်ပေးရန် စသည်တို့ကို သတိထောက်လွှာ ပေးပို့၍ အကြောင်းကြားခဲ့သည်။

အခင်းဖြစ်ပွားမှုကြောင့် ဖမ်းဆီးခံရသူ တရားဝင် အထောက်အထား ရှိသူများ အပါအဝင် ထောင်နှင့်ချီ ရှိကြောင်း မျက်မြင် မြန်မာ အများစုက ဧရာဝတီကို ပြောဆိုထားသည်။

ပြီးခဲ့သည့် ဇွန်လ ၂ ရက်နေ့ မတိုင်ခင်တွင်ပင် မလေးရှား ရဲက တရားဝင်နှင့် တရားမဝင် မြန်မာနိုင်ငံသား ၉၀၀ ကျော်ကို ဖမ်းဆီး ခဲ့သည်။

ယခုကဲ့သို့ မြန်မာများကို တိုက်ခိုက် သတ်ဖြတ်ခြင်းသည် မြန်မာနိုင်ငံတွင် ဖြစ်ပွားခဲ့သည့် လူမျိုးရေး အဓိကရုဏ်းများ၏ ဂယက်ကြောင့် ဖြစ်သည်ဟု မလေးရှား ရဲတပ်ဖွဲ့ တာဝန်ရှိသူများက မီဒီယာများသို့ ပြောဆိုထားသည်။

မေလ ၃၀ ရက်နေ့မှ ဇွန်လ ၄ ရက်နေ့အထိ ကွာလာလမ်ပူနှင့် ဆီလန်ဂေါအရပ်ဒေသ တချို့တွင် မြန်မာနိုင်ငံသားများကို အကြမ်း ဖက် တိုက်ခိုက်မှု ၇ ကြိမ်ဖြစ်ခဲ့သည်ဟု မလေးရှား အာဏာပိုင်များကို ကိုးကား၍ The Star သတင်းစာ ကလည်း ရေးသား ထားသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading