Women

အရိုက် ခံခဲ့ရသည်ဆိုသည့် အမျိုးသမီးက ပြင်ဦးလွင် NLD များကို အမှုဖွင့်

This article has been converted from Zawgyi One to Unicode

Want create site? Find Free WordPress Themes and plugins.

ပြင်ဦးလွင်မြို့တွင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် ခရီးစဉ်အတွင်း NLD လုံခြုံရေးများ၏ ရိုက်နှက်မှုကြောင့် ဆေးရုံ တင်လိုက်ရသည် ဆိုသည့် အမျိုးသမီးက ပြင်ဦးလွင် NLD လုံခြုံရေးများကို အမှုဖွင့်လိုက်ပြီ ဖြစ်ကြောင်း ဧရာဝတီသို့ ပြောသည်။

NLD လုံခြုံရေးများ ရိုက်နှက်သဖြင့် ဆေးရုံတက်ခဲ့ရသည့် မခိုင်ဝတ်ရည်သန္တာမောင်သည် ယနေ့ ဆေးရုံက ပြဆင်းလာပြီ ဖြစ်ပြီး ပြင်ဦးလွင်မြို့နယ် ဝက်ဝံ ရဲစခန်းတွင် အမှုဖွင့်ထားကြောင်း သိရသည်။

“ကျမ ဒီနေ့ ဆေးရုံက ဆင်းဆင်းချင်း ဝက်ဝံရဲစခန်းသွားပြီး အမှုဖွင့်ထားပါတယ်။ စခန်းက စစ်ချက်ယူနေပါပြီ” ဟု မခိုင်ဝတ်ရည်သန္တာမောင်က ပြောသည်။

မခိုင်ဝတ်ရည်သန္တာမောင်သည် ဒဏ်ရာများရရှိခဲ့သောကြောင့် ပြင်ဦးလွင်ဆေးရုံတွင် ၃ ရက်အကြာ တက်ရောက် ကုသ ခံခဲ့ရကြောင်း၊ ဇွန်လ ၁၀ ရက်နေ့က ဆေးရုံတက်ခဲ့ရပြီး ၁၃ ရက်နေ့တွင် ပြန်လည် ဆင်းလာခဲ့ခြင်း ဖြစ်ကြောင်း၊ ဆေးရုံ ရှိ တာဝန်ကျ ဆရာဝန်များက ဆေးရုံ တပတ် တက်ခိုင်းသော်လည်း ၎င်းသားငယ်၏ လုံခြုံရေးကို စိုးရိမ်သည့်အတွက် ဆေးရုံတွင် ၃ ရက်သာ နေပြီး အိမ်တွင် ဆက်လက် ကုသလျှက် ရှိကြောင်း သိရသည်။

ဒေါ်အောင်ဆန်းစုကြည်၏ ပြင်ဦးလွင် ခရီးစဉ်အတွင်း ဇွန်လ ၁၀ ရက်နေ့က ပြင်ဦးလွင်မြို့တွင် နားခိုသည့် တော်ဝင်နှင်းဆီခြံမှ ဒေါ်အောင်ဆန်းစုကြည် အပြန် ယာဉ်တန်း ရှေ့သို့ သွားရောက်ကာ အိတ်ဖွင့်ပေးစာ ပေးပို့သော မခိုင်ဝတ်ရည်သန္တာမောင်ကို NLD လုံခြုံရေးအဖွဲ့က ဟန့်တား ရိုက်နှက်ခဲ့ခြင်းကြောင့် ဆေးရုံတင်ခဲ့ရကြောင်း ကာယကံရှင် အမျိုးသမီးက ပြောသည်။

“ကျမက ၉ ရက်နေ့က မေးခွန်းငါးခု မေးဖို့အတွက် ထပြီး လက်ချောင်း ထောင်တာကိုလည်း သူတို့က မမြင်အောင် ကွယ်ထားတယ်။ အဲဒါနဲ့ နောက်တနေ့ ဒေါ်အောင်ဆန်းစုကြည် ပြန်တဲ့ ယာဉ်တန်းပေါ်မှာ ကျမ ပြောချင်တဲ့ စကားတွေနဲ့ စာရွက် စာတန်းတွေကို ပေးဖို့ လုပ်တဲ့အခါ ဒီမြို့ခံ NLD အဖွဲ့က လူတွေက ကျမကို အုပ်စုလိုက် ဆွဲထိုးတော့တာပဲ။ မိန်းမ တယောက်က လူပုံအလယ်မှာ ကျမအကျႌကို ဆွဲချွတ်တယ်။ ကျမ အကျႌတခြမ်း ပြဲစုတ်ကုန်ပါတယ်။ ယာဉ်တန်းပေါ်မှာ ပါတဲ့ လူတွေက အဲဒီလို မလုပ်ဖို့ အော်ပေမယ့် ဘယ်သူမှ တားလို့ မရဘူး။ ကျမ တော်တော် ရှက်မိပါတယ်” ဟု ရိုက်နှက်ခံရသူ ပြင်ဦးလွင်မြို့မှ မခိုင်ဝတ်ရည်သန္တာမောင်က ရှင်းပြသည်။

မခိုင်ဝတ်ရည်သန္တာမောင်သည် ၎င်း၏အခက်ခဲများကို စာရေးထားပြီး ဒေါ်အောင်ဆန်းစုကြည် ပြင်ဦးလွင်သို့ လာစဉ်  ကိုယ်တိုင် လက်ထဲသို့ ထည့်ချင်သောကြောင့် ယာဉ်တန်းရှေ့သို့ သွားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

“သူ့ကို အားကိုးလို့လေ။ အဲဒါကို ပြင်ဦးလွင် NLD အဖွဲ့တွေက ကျမလက်ထဲက စာကို မပေးဖို့ အတင်း တားဆီးကြတယ်။ ကျမကလည်း အတင်းရအောင် ပေးတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကားမှာ မပေးလိုက်နိုင်တဲ့ အတွက် နောက်က မန္တလေးတိုင်းရုံး ကားပေါ်ကို ထည့်ပေးလိုက်တယ်။ ဒါကို ဒီကလူတွေက အဲဒီကားပေါ်က လူတွေကို အဲဒီစာယူမသွားနဲ့၊ ပြန်ချခဲ့လို့ အော်တဲ့အတွက် စာကို ပြန်ချခဲ့တယ်။ ဒါနဲ့ ကျမလည်း အဲဒီစာကို ရအောင် ပြန်သွားကောက်တော့ ကျမရဲ့ လက်တွေကို ပြင်ဦးလွင် NLD က လူတွေက တက်နင်းတယ်၊ လက်တွေကျိုးမတတ် ကျမ အနင်းခံလိုက်ရတယ်။ ကျမကို အဲဒီလို စာပေးရပါ့မလားဆိုပြီး တယောက်က ကျမဗိုက်ကို အရင်စပြီး ထိုးတယ်။ ကျန်တဲ့လူ ၃ ယောက်က ကျမကို ဝိုင်းချုပ် ပေးထားတယ်။ ကျမ ဘယ်လိုပဲ အော်ပြီး အကူညီတောင်းတောင်း ကူညီတဲ့သူ မရှိခဲ့ပါဘူး” ဟု မခိုင်ဝတ်ရည်သန္တာမောင်က ရှင်းပြသည်။

မခိုင်ဝတ်ရည်သန္တာမောင် အရိုက်အနှက်ခံနေရသည်ကို ဒေါ်အောင်ဆန်းစုကြည် သိမသွားကြောင်း၊ ယခု လက်ရှိ အချိန်တွင် သိ၊ မသိကိုလည်း မပြောနိုင်သေးကြောင်း မခိုင်ဝတ်ရည်သန္တာမောင်၏ အဆိုအရ သိရသည်။

အဆိုပါ ကိစ္စနှင့် ပတ်သက်ပြီး မန္တလေး NLD တိုင်းရုံးသို့ တိုင်စာများ မရောက်ရှိသေးကြောင်း၊ တိုင်စာ ရောက်ရှိပါက အခြေနေများကို စုံစမ်းပြီး ဆောင်ရွက်သွားမည် ဖြစ်ကြောင်း မန္တလေး NLD တိုင်းရုံးမှ အတွင်းရေးမှူး ဦးတင်ထွန်းဦးက ဧရာဝတီသို့ ပြောသည်။

“ကျနော် အဲဒီနေ့က မြင်လိုက်တာက ဆိုးရွားတဲ့ အခြေအနေတော့ မဟုတ်ဘူး။ အဲဒီ ကောင်မလေးက စာကို ယာဉ်တန်း ထဲမှာပါတဲ့ လုံခြုံရေးကားပေါ်ကို တင်လိုက်တာ။ ကျနော်တို့ စည်းကမ်းချက် အရ လုံခြုံရေးကားပေါ်ကို လက်ဆောင်၊ စာနဲ့ တခြား ပစ္စည်းတွေ လက်ခံလို့ မရဘူးလို့ သတ်မှတ်ထားတယ်။ အဲဒါနဲ့ ကလေးတွေက အဲဒီစာကို ပြန်ချခဲ့လိုက်ပါတယ်။ ကောင်မလေး ကလည်း အဲဒီစာကို ပြန်ကောက်လိုက်တာ မြင်လိုက်တယ်။ အဲဒီအချိန်မှာ နည်းနည်းလေး ရှုပ်ရှုပ်ထွေးထွေး ဖြစ်သွားတာတော့ သိတယ်။ ကျန်တဲ့ နောက်ဆက်တွဲ ပြဿနာတွေကိုတော့ ကျနော်တို့ သေချာ စုံစမ်းရပါအုံးမယ်” ဟု ၎င်းက ဆိုသည်။

NLD မှ ပြင်ဦးလွင်မြို့နယ် အလုပ်အမှုဆောင် ဥက္ကဋ္ဌ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးကျော်သီဟနှင့် မခိုင်ဝတ်ရည်သန္တာမောင်သည် ပြင်ဦးလွင် တရားရုံးတွင် ကလေးဖခင်အဖြစ် ဖွင့်ဟပြောကြားစေချင်သည့် အမှု ရင်ဆိုင်နေကြရပြီး အမျိုးသမီးဖြစ်သူ၏ ပြောကြားချက်အရ နှစ်ဦး သဘောတူ ချစ်သူ ရည်းစားဖြစ်ခဲ့ကာ အတူနေချိန်တွင် ကလေး ရရှိခဲ့ပြီး တာဝန်မယူခဲ့ကြောင်း၊ အမျိုးသမီးရေးရာသို့ တိုင်တန်းသည့် အချိန်တွင် ကလေး စရိတ်အဖြစ် တလလျှင် ကျပ် ၄ သိန်း ထောက်ပံ့ရန် သဘောတူခဲ့ပြီး ဖြစ်ကြောင်း၊ ယခုအမှု ရင်ဆိုင်ရခြင်းသည် ကလေး မှတ်ပုံတင် လုပ်ဆောင်ရန် အတွက် ဦးကျော်သီဟ၏ မှတ်ပုံတင် နံပါတ် တောင်းဆိုရာ မပေးဘဲ ငြင်းကွယ်သည်ကို မခံနိုင်သည့် အတွက်ကြောင့် ဖြစ်ကြောင်း သိရသည်။

“တကယ်တော့ ကျမမှာ သားတဦးပဲ ရှိတာပါ။ သားက အခုတော့ ၇ တန်းပါ။ ကလေး ကျန်းမာရေး အခြေအနေ မကောင်းတဲ့အတွက် ကျောင်း ၂ နှစ်ဆက် နားခဲ့ရတယ်။ ကျမက ဦးကျော်သီဟကို ကလေးအဖေအဖြစ် တာဝန်ယူ ခိုင်းတာ မဟုတ်ပါဘူး။ လက်ရှိ ကလေး မှတ်ပုံတင် လုပ်ဖို့အတွက် ဖခင်မှတ်ပုံတင် လိုလာလို့ ကျမ သူ့ဆီမှာ မှတ်ပုံတင် နံပါတ် တောင်းတာပါ။ ဒါကို သူက မပေးတဲ့အတွက် ကျမ သားရဲ့ ဘဝရှေ့ရေးကို ငဲ့ကွက်ဖို့ တောင်းဆိုတာပါ။ ဒီကိစ္စကို ဒေါ်အောင်ဆန်းစုကြည်ဆီ စာတင်ဖို့ ကြိုးစားတဲ့အတွက် ကျမကို အခုလို သူတို့တွေက လုပ်ကြတာပါ” ဟု မခိုင်ဝတ်ရည်သန္တာမောင်က ပြောသည်။

အဆိုပါ ကိစ္စနှင့် ပတ်သက်၍ ဧရာဝတီက ဦးကျော်သီဟကို ဆက်သွယ်မေးမြန်းရာ ၎င်းသည် ဒေါ်အောင်ဆန်းစုကြည် ပြင်ဦးလွင်သို့လာစဉ် ကြိုဆိုရေး၊ ဧည့်ခံရေးနှင့် ပြန်ကြားရေး စသည့် တာဝန်များ ယူထားရကြောင်း၊ ဟောပြောပွဲ မစမီကတည်းက ယာဉ်တန်းရှေ့မှ ကြိုပိတ်မည် ဆိုသည့် သတင်းများ ရခဲ့သဖြင့် ဂရုစိုက်ခဲ့ကြောင်း၊ မခိုင်ဝတ်ရည်သန္တာမောင်ကို ရိုက်နှက်ခြင်း လုံးဝ မပြုခဲ့ကြောင်း ပြန်လည် ဖြေကြားခဲ့၍ မခိုင်ဝတ်ရည်သန္တာမောင်နှင့် အမှုဖြစ်နေသည့် ကိစ္စကို ဖြေကြားခြင်း မရှိခဲ့ပေ။

“သူက ဒေါ်အောင်ဆန်းစုကြည် ယာဉ်တန်းလာတာကို အတင်းပိတ်ပြီး စာရွက်တွေ ပေးပါတယ်။ ဒီတွက် ကျနော်တို့က တားဆီးတာလောက်ပဲ ရှိတာပါ။ သူ့ကို ရိုက်နှက်တာတွေ၊ ကိုယ်ထိလက်ရောက် လုပ်တာတွေ တခုမှ မရှိခဲ့ပါဘူး။ မျက်မြင်သက်သေလည်း မရှိဘဲ အရမ်းပြောနေကြတာပါ။ တကယ်လို့ အဲဒီလိုလုပ်တာကို ခိုင်လုံတဲ့ သက်သေ ရှိတယ်ဆိုရင် ရဲစခန်းမှာ သွားပြီး အမှုဖွင့်ဖို့ ပြောထားပါတယ်” ဦးကျော်သီဟက ဧရာဝတီသို့ ပြောသည်။

ယခုအမှုနှင့် ပတ်သက်ပြီး ပုဒ်မ ၅၀၆ (ရုန်းရင်းဆန်ခတ်မှု)၊ ပုဒ်မ ၃၅၄ နှင့် ၃၂၃ (ရိုက်နှက်မှု) တို့ဖြင့် အမှုဖွင့်ထားပြီး တိုင်ကြားသူ မခိုင်ဝတ်ရည်သန္တာမောင်ကို ယနေ့နံနက်တွင် စတင် စစ်ဆေးလျှက် ရှိနေကြောင်း ဝက်ဝံရဲစခန်းမှ တာဝန်ကျသူတဦးက ပြောဆိုခဲ့သည်။

Did you find apk for android? You can find new Free Android Games and apps.
Loading