မြန်မာနိုင်ငံတွင် လူမျိုးရေး၊ ဘာသာရေး ပဋိပက္ခများ ဖြစ်ပွားစေရန် ဖန်တီးသူများကို အရေးယူနိုင်မည့် ဥပဒေတရပ် အမြန်ဆုံး ရေးဆွဲ ပြဋ္ဌာန်းပေးရန် သံဃာတော်များ၊ နိုင်ငံရေး အကျဉ်းသားဟောင်းများ၊ ရှေ့နေများ၊ စာရေးဆရာများ အပါအဝင် နယ်ပယ် အသီးသီးမှ ငြိမ်းချမ်းရေး ချစ်မြတ်နိုးသူများနှင့် ဖွဲ့စည်း ချိတ်ဆက်ထားသော ငြိမ်းချမ်းမှု တည်ဆောက်ရေး ကွန်ရက်က တောင်းဆို လိုက်သည်။
ရန်ကုန်မြို့ တော်ဝင်နှင်းဆီတွင် ယနေ့ ကျင်းပသော သံသယများ၊ အကြမ်းဖက်မှုများနှင့် စပ်လျဉ်းသော သတင်းစာ ရှင်းလင်းပွဲတွင် ငြိမ်းချမ်းမှု တည်ဆောက်ရေးကွန်ရက်က ထိုသို့ သတင်းထုတ်ပြန်လိုက်ခြင်း ဖြစ်ပြီး ယနေ့ကျင်းပသော သတင်းစာ ရှင်းလင်းပွဲသို့ မြန်မာနိုင်ငံလုံး ဆိုင်ရာ ရွှေဝါရောင် သံဃာတော်များ ကွန်ရက်မှ သံဃာတော်များ၊ အစ္စလမ် ဘာသာရေး ခေါင်းဆောင်များ၊ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ၏ နာယက ဦးဝင်းတင်၊ နိုင်ငံရေး အကျဉ်းသား ဟောင်းများ အပါအဝင် လူမှုရေးအဖွဲ့အစည်းများနှင့် ကွန်ရက်များ၊ ပြည်သူများ စုစုပေါင်း အင်အား ၄၅၀ ကျော် တက်ရောက် ခဲ့သည်။
“လွှတ်တော်အနေနဲ့ လူမျိုးတမျိုး၊ ဘာသာတခုတည်းအတွက် မဟုတ်ဘဲ မြန်မာနိုင်ငံက လူမျိုးပေါင်းစုံ၊ ဘာသာ ပေါင်းစုံ တို့ရဲ့ လုံခြုံခွင့်နဲ့ အကျိုးစီးပွားကို အာမခံချက် ပေးဖို့၊ အထူးသဖြင့် လူမျိုးရေး၊ ဘာသာရေးဖန်တီးမှုတွေကို အရေးယူနိုင်မယ့် ဥပဒေတရပ် မြန်မြန်ရေးဆွဲပေးဖို့ တောင်းဆိုချင်တယ်” ဟု ငြိမ်းချမ်းမှု တည်ဆောက်ရေး ကွန်ရက်မှ တာဝန်ရှိသူ တဦးဖြစ်သူ နိုင်ငံရေး အကျဉ်းသားဟောင်း ဦးထွန်းကြည်က ပြောသည်။
ပဋိပက္ခများကို ရှုမြင်ရာတွင် ဥပဒေရှုထောင့်မှ ရှုမြင်သင့်ပြီး ဘာသာရေး၊ လူမျိုးရေး ကိစ္စများအဖြစ် မရှုမြင်သင့်ဘဲ ဘာသာရေးနှင့် လူမျိုးရေးရှုထောင့်မှ ကြည့်ရှုနေသမျှ ကာလပတ်လုံး ပဋိပက္ခများ ဆက်လက်ဖြစ်ပွား နေဦးမည်ဖြစ်ကြောင်း (NLD) ၏ နာယက ဦးဝင်းတင်က ပြောသည်။
“ပဋိပက္ခကို ပဋိပက္ခလို့ပဲ မြင်သင့်တယ်။ အဲလိုမဟုတ်ရင် သံသယတွေနဲ့ ပဋိပက္ခတွေက ဆက်ဖြစ်နေဦးမှာ။ တယောက်နဲ့ တယောက် မယုံကြည်ရင်၊ ဒီလို ပြဿနာ တခုခုဖြစ်တိုင်း မွတ်စလင် တွေကြောင့်ဖြစ်တာ၊ ဗုဒ္ဓဘာသာ တွေကြောင့်ဖြစ်တာလို့ မြင်နေရင် ဒီပဋိပက္ခတွေက ပြီးတော့မှာမဟုတ်ဘူး” ဟု ဦးဝင်းတင်က ဆိုသည်။
မန္တလေးမြို့ ဘုရားကြီး ရေတော်ကျောင်းတိုက်မှ ဆရာတော် ဦးဝိသုတနှင့် ရန်ကုန်မြို့ရှိ ဆရာတော် ဦးဉာဏိက တို့က သံဃာတော် များသည် သံဃာများ၏ နေရာတွင်သာ နေသင့်ကြောင်း၊ သံဃာတော်များက ပဋိပက္ခများ အကြား ဝင်ရောက် ဖြေရှင်းခြင်းသည် မည်သို့မျှ ပြေလည်နိုင်မည် မဟုတ်ကြောင်း မိန့်ကြားခဲ့သည်။
“ဘုန်းကြီးတို့ ငယ်ငယ်က လူကြီးတွေ ပြောတဲ့စကားရှိတယ်။ ဗီဒီယိုရုံမှာ နှုတ်ခမ်းမွှေးနဲ့၊ တိုက်ပုံနဲ့ လူကြီးက ရှေ့ကနေ ထ ရပ်တာကို အနောက်ကနေ နှုတ်ခမ်းမွှေးနဲ့ အဒေါ်ကြီး ထိုင်ပါဗျို့၊ မမြင်ရဘူးလို့ အော်ကြတယ်။ ဒီတော့ အဲဒီလူက သူ့ကို ပြောတာ မဟုတ်ဘူး ဆိုပြီး မထိုင်ဘူး။ လူတွေကလည်း အော်ကြတယ်။ အခုဖြစ်စဉ်က ဒီလိုပဲ ဖြစ်နေတယ်” ဟု ဆရာတော် ဦးဝိသုတက မိန့်သည်။
နိုင်ငံတော်အစိုးရ အနေဖြင့်လည်း အမုန်းတရား ဝါဒဖြန့်ချိမှု မှန်သမျှကို ထိရောက်စွာ အရေးယူပေးရန်၊ အကြမ်းဖက်မှုများ ဖြစ်ပွား လာပါကလည်း လုံခြုံရေး တာဝန်ရှိသူများက လိုအပ်သလို ပစ်မိန့် ပေးခြင်းဖြင့် အပြစ်မဲ့၊ လက်နက်မဲ့ ပြည်သူများကို ကာကွယ် ပေးရန်၊ အကြမ်းဖက်မှု ဖြစ်ပွားပြီးလျှင်လည်း တရားခံများကို ဖော်ထုတ်ပြီး ထိရောက်စွာ အပြစ်ပေး အရေးယူ ပေးရန်၊ အကြမ်းဖက် ခံရသူတို့၏ ခုခံပိုင်ခွင့်ကို ဥပဒေအရ အကျိုး ခံစားခွင့်ပေးရန် တောင်းဆိုကြောင်း ငြိမ်းချမ်းမှု တည်ဆောက်ရေး ကွန်ရက်၏ ထုတ်ပြန်ချက်များတွင် ဖော်ပြထားသည်။