သတင်း

အစိုးရတပ်နှင့် TNLA တို့ စစ်ရေးတင်းမာ

This article has been converted from Zawgyi One to Unicode

ရှမ်းပြည်နယ်မြောက်ပိုင်း နန့်ဆမ်မြို့နယ်တွင် တအာင်း (ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA) နှင့် အစိုးရ တပ်မတော်တို့အကြား တိုက်ပွဲ ထပ်မံဖြစ်ပွားခဲ့ပြီး နှစ်ဖက်တပ်များအကြား စစ်ရေး တင်းမာလျက်ရှိကြောင်း သိရသည်။

TNLA တပ်ရင်း (၂၅၆) ထိန်းချုပ် နယ်မြေအတွင်း အင်အား ၅၀ ခန့်ဖြင့် ဝင်ရောက်လာသည့် နောင်ချို အခြေစိုက် ခလရ (၁၁၄) တပ်ရင်းတို့ ဇွန်လ ၁၅ ရက်နေ့ နံနက် ၆ နာရီခန့်တွင် နန့်ဆမ်မြို့နယ် ပန်အလောက်ရွာနှင့် မန်လုံ ကျေးရွာ အကြားတွင် နာရီဝက်ခန့် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း TNLA ပြန်ကြားရေးဌာန တာဝန်ခံ မိုင်းအောင်ကိုက ပြောသည်။

“နယ်ကျွံလာတဲ့ အစိုးရတပ်ကို TNLA ပြောက်ကျားတပ်တွေက တိုက်တာပါ၊ ကျနော်တို့ဘက်က ကျဆုံးဒဏ်ရာ မရှိဘူးဆိုတာ သိရပေမယ့် အစိုးရဘက်က ကျဆုံးဒဏ်ရာရ စာရင်းတော့ ရှေ့တန်းတပ်တွေက ပို့မလာသေးတဲ့ အတွက် မသိရသေးပါဘူး” ဟု မိုင်းအောင်ကိုက ဧရာဝတီသို့ ပြောသည်။

ပလောင်ကျေးရွာများ အနီးဖြစ်နေသည့်အတွက် TNLA ပြောက်ကျားတပ်များက တိမ်းရှောင်သော်လည်း နှစ်ဖက်တပ်များ နီးကပ်နေသောကြောင့် တိုက်ပွဲများ ထပ်မံ ဖြစ်ပွားနိုင်သည်ဟု မိုင်းအောင်ကိုက ဆက်လက်ပြောသည်။

ဇွန်လ ၁၄ ရက်နေ့ကလည်း ရှမ်းပြည်နယ် မြောက်ပိုင်း ကွတ်ခိုင်မြို့နယ် လုံကမ်ကျေးရွာ အနီးတွင် ကွတ်ခိုင် မြို့နယ် အခြေစိုက် ခလရ (၁၄၅)၊ ခလရ (၄၅) တပ်ရင်းများနှင့် ယင်းဒေသ အခြေစိုက် TNLA တပ်ရင်း (၁၁၂) တို့ တိုက်ပွဲ ဖြစ်ပွားခဲ့သေးကြောင်း သိရသည်။

အင်အား ၁၅၀ ကျော် ပါဝင်သည့် အစိုးရတပ်ရင်း ၂ ခုက TNLA တပ်ရင်း (၁၁၂) ထိန်းချုပ်နယ်မြေထဲကို ရုတ်တရက် ဝင်ရောက်လာခဲ့ပြီး လုံကမ်ကျေးရွာကို အခြေချကာ ၎င်းတို့အား ၈၀ မမ လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

“သူတို့ အဝေးကနေပဲ လက်နက်ကြီးနဲ့ ၅ ချက်၊ ၆ ချက်လောက် ပစ်တယ်။ ကျနော်တို့ဘက်ကတော့ လုံကမ်ရွာကို ထိခိုက်မှာ စိုးတဲ့အတွက် ပြန်မပစ်ဘူး” ဟု ကွတ်ခိုင်မြို့နယ် အခြေစိုက် TNLA တပ်ရင်း (၁၁၂) တပ်ရင်းမှူး ဗိုလ်ကြီး ဝိန်းမာင်ဝ်က ပြောသည်။

TNLA တပ်ရင်း (၁၁၂) လက်အောက်တွင် တပ်အင်အား ၁၇၀ ကျော်ရှိပြီး ထိုအထဲတွင် ကချင်လွတ်မြောက်ရေး တပ်မတော် (KIA) နှင့် ရှမ်းပြည်မြောက်ပိုင်း တပ်မတော် SSPP/SSA တပ်ဖွဲ့ဝင်များလည်း ပူးပေါင်းလှုပ်ရှားလျက် ရှိသည်။

TNLA သည် ရှမ်းပြည်မြောက်ပိုင်းရှိ ၎င်းတို့ ထိန်းချုပ်နယ်မြေအတွင်း ၂၀၁၂-၂၀၁၃ ခုနှစ်တွင် ဘိန်းနှင့် မူးယစ်ဆေးဝါး တိုက်ဖျက်မှုဖြင့် ဒေသခံလူထု၏ ထောက်ခံမှုရရှိနေပြီး တပ်ရင်းပေါင်း ၇ ရင်းကို ဗျူဟာ ၂ ခုခွဲ အုပ်ချုပ်ကာ အင်အား ၁၃၀၀ အထက်တွင်ရှိကြောင်း စုံစမ်းသိရှိရသည်။

TNLA သည် စစ်ရေးအရ KIA နှင့် ထာဝရ မဟာမိတ်ပြုလုပ်ထားပြီး ရှမ်းပြည်မြောက်ပိုင်း တပ်မတော် SSPP/SSA နှင့်လည်း စစ်ရေးအရ ပူးပေါင်း တိုက်ပွဲဝင်နေသည်ကို တွေ့ရသည်။

တအာင်း (ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော်အဖွဲ့ ဥက္ကဋ္ဌနှင့် ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်း ကော်မတီ ဒုဥက္ကဋ္ဌ ဝန်ကြီး ဦးအောင်မင်း ခေါင်းဆောင်သည့် အဖွဲ့နှင့် ပြီးခဲ့သည့်နှစ် ဖေဖော်ဝါရီတွင် ထိုင်းနိုင်ငံ ချင်းမိုင်မြို့၌ အလွတ်သဘော တကြိမ်တွေ့ဆုံခဲ့ပြီး ယနေ့အချိန်အထိ ထပ်မံတွေ့ဆုံခြင်း မရှိသေးကြောင်း သိရသည်။

Loading