ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ ဂျာမိုင်ကောင်း ရပ်ကွက်ရှိ အိမ်တအိမ်တွင် ပြုလုပ်သော နေအိမ်ဝတ်ပြု ဆုတောင်းပွဲသို့ လာရောက်သူ ၁၅၀ ခန့် ယမန်နေ့က အစာအဆိပ်သင့်မှု ဖြစ်ပွား၍ ပြည်သူ့ ဆေးရုံကြီးတွင် ဆေးကုသခံယူနေရကြောင်း သတင်းရသည်။
ခရစ်ယာန်ဘာသာ ဝတ်ပြုဆုတောင်းပွဲတွင် ကျွေးမွေးသည့် ကချင် ကြက်သား ဒံပေါက် (Shat Jam) ကို စားသုံးသူများ အစာအဆိပ်သင့်ခြင်း ဖြစ်ကြောင်း မြစ်ကြီးနားမြို့ခံ ဦးစန်းအောင်က ဧရာဝတီသို့ ပြောသည်။
“ဈေးထဲက ကြက်သားကို ဝယ်ပြီး မနေ့က တနင်္ဂနွေနေ့ဆိုတော့ ဆုတောင်းပွဲမှာ ကချင်ဒံပေါက် လုပ်တာ။ ကြက်သားစားတဲ့ လူတွေ အားလုံးဖြစ်တယ်။ သတ်သတ်လွတ်စားတဲ့ ဆရာတွေ ဘာမှ မဖြစ်ဘူး” ဟု ဦးစန်းအောင်က ဆိုသည်။
ကချင် ကြက်သား ဒံပေါက်ကို စားပြီနောက် တနာရီခန့် အကြာတွင် အော့အန်ခြင်း၊ ဝမ်းသွားခြင်းများ ဖြစ်ပွားကြောင်း သိရသည်။
“အားလုံး အန်ကြတာ။ ဟိုတယောက်လည်းဖြစ်၊ ဒီတယောက်လည်းဖြစ် အိမ်ရောက်တာနဲ့ အားလုံး ဖြစ်ကြတာ။ တချို့လည်း ပါဆယ် ထုတ်သွားတယ်၊ ပါဆယ်ထုတ်သွားပြီး စားတဲ့လူတွေလည်း ဖြစ်တာပဲ” ဟု ဦးစန်းအောင်က ပြောသည်။
လူနာများသည် လတ်တလောတွင် မြစ်ကြီးနားမြို့ ပြည်သူ့ဆေးရုံကြီးတွင် ဆေးကုသခံယူနေပြီး အစားအဆိပ် သင့်ရသည့် အကြောင်းရင်းကို ဆေးရုံတာဝန်ရှိသူများက စစ်ဆေးနေဆဲ ဖြစ်ကြောင်း ပြင်ပ လူနာဆောင်တွင် တာဝန်ထမ်းဆောင်နေသူ ဝန်ထမ်းတဦးက ပြောသည်။
“မနေ့ည ၈ နာရီကနေ ည ၁၂ နာရီ အထိ တဖွဲဖွဲ ရောက်လာပါတယ်။ ကျမတို့ ပြင်ပလူနာ ဌာနကို လာတုန်းကတော့ အန်တယ်၊ ဝမ်းလျှောတယ်၊ အဲဒီလိုနဲ့ ရောက်လာကြတာပါ။ လူနာတွေကို သွေးပေါင်ချိန်တိုင်း၊ သွေးပေါင်ချိန် ကျတဲ့လူတွေကို ဆေးလုံးကြီးတွေချိတ်ပြီးတော့ လူနာဆောင်ကို ပို့ထားပါတယ်” ဟု သူက ရှင်းပြသည်။
ယနေ့ နေ့လည် နောက်ဆုံး အခြေအနေများကို လူနာဆောင်သို့ သွားမကြည့်ရသေးသည့် အတွက် သူ့အနေဖြင့် မသိရသေးကြောင်း ဆက်ပြောသည်။
အတည်မပြုနိုင်သော သတင်းအများအရ အစာ အဆိပ်သင့်သူများ အနက် ၃ ဦးမှာ အသက် စိုးရိမ်ရကြောင်း သိရသည်။
ပြီးခဲ့သည့်နှစ် ဇူလိုင်လကလည်း ရန်ကုန်တိုင်း လှိုင်သာယာမြို့နယ် အလှူပွဲတခုတွင် ကလေး၊ လူကြီး ၈၆ ဦး အစာအဆိပ်သင့်မှု ဖြစ်ပွားခဲ့သေးသည်။