ဗုဒ္ဓဘာသာဝင် အမျိုးသမီးများကို လက်ထပ်မည့် ဘာသာခြားများ၊ လူမျိုးခြား အမျိုးသားများက ဗုဒ္ဓဘာသာသို့ ကူးပြောင်းပြီးမှသာ တရားဝင်လက်ထပ်ခွင့်ရမည့် ဥပဒေမူကြမ်းအား ရန်ကုန်မြို့ အခြေစိုက် အမျိုးသမီးအဖွဲ့ ၈ ဖွဲ့က ဆန့်ကျင်ကန့်ကွက်ကြောင်း ဇွန်လ၁၆ ရက် နေ့စွဲဖြင့် ကြေညာချက်ထုတ်ပြန်ခဲ့သည်။
ယင်းကြေညာချက်တွင် အမျိုးသမီးများ အခွင့်အရေး လှုပ်ရှားဆောင်ရွက်နေကြသော RAINFALL ၊ အက္ခရာ၊ Colourful Girls၊ ကရင်အမျိုးသမီးဖွံ့ဖြိုးရေးအဖွဲ့၊ ဖန်တီးအိမ်၊ ၈၈ မျိုးဆက် အမျိုးသမီးကွန်ရက်၊ တက္ကသိုလ် ကျောင်းသားများ သမဂ္ဂ(တ-က-သ) နှင့် Triangle Women Support Group အဖွဲ့များက “ဗုဒ္ဓဘာသာဝင် အမျိုးသမီးများ၏ တစ်ဦးချင်း လွတ်လပ်မှု အခွင့်အရေးကိုချုပ်ချယ်ရန် ကြိုးပမ်းမှုသည် ကုလသမဂ္ဂ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး ကြေညာစာတမ်း အပိုဒ် ၁၆ ပါ အရွယ်ရောက်ပြီးသူ အမျိုးသား အမျိုးသမီးတိုင်း၏ လွတ်လပ်စွာ လက်ထပ်ထိမ်းမြားခွင့်ကို ချိုးဖောက်ခြင်း ဖြစ်သည်”ဟု ရေးသားဖော်ပြထားသည်။
“ဒီဥပဒေကြမ်းရဲ့ ပစ်မှတ်က ဗုဒ္ဒဘာသာအမျိုးသမီးထု ဖြစ်နေပြီးတော့ ဘယ်အမျိုးသမီးမှလည်း မသိလိုက်ရဘဲ ဖြစ်နေတယ်။ ရေးဆွဲတဲ့ တင်သွင်းတာကလည်း ဘုန်းတော်ကြီးတွေ ဖြစ်နေတယ်။ ဒါကြောင့် ကျမတို့ အမျိုးသမီးတွေကို ကိုယ်စားမပြုဘူးဆိုတော့ ကန့်ကွက်တာပါ ” ဟု RAINFALL အဖွဲ့မှ ဒေါ်ဇင်မာအောင်က ပြောသည်။ ဒေါ်ဇင်မာအောင်သည် နေပြည်တော် ကမ္ဘာ့ စီးပွားရေးဖိုရမ်တွင် ဘီဘီစီမှ ကမကထလုပ်သည့် စကားဆွေးနွေးဝိုင်း၌ ဒေါ်အောင်ဆန်းစုကြည်နှင့် ဝန်ကြီး ဦးစိုးသိန်းတို့နှင့်အတူ ယှဉ်တွဲပြီး ပါဝင် ဆွေးနွေးခဲ့သူ ဖြစ်သည်။
“မျိုးစောင့်ဥပဒေ” ဟုခေါ်ဆိုနေကြသော အဆိုပါ ထိမ်းမြားလက်ထက်ခြင်းဆိုင်ရာ ဥပဒေမူကြမ်းအား မန္တလေးမြို့ မစိုးရိမ်တိုက်သစ်မှ ဦးဝီရသူက ယခုလ ၁၃ ရက်နေ့က မှော်ဘီမြို့ ဓမ္မဒူတ ဇေတဝန် တောရ ဆေကိန္ဒာရာမကျောင်းတိုက်၌ ပြုလုပ်ခဲ့သည့် ဗုဒ္ဒသာသနာတော်ဆိုင်ရာ သြဝါဒခံယူပွဲနှင့် အကြိုညှိနှိုင်းဆွေးနွေးပွဲတွင် ဖြန့်ဝေပြီး မီဒီယာသို့ ထုတ်ပြန်တင်ပြသွားခဲ့သော်လည်း ယခုကဲ့သို့ အပြင်းအထန် ကန့်ကွက်မှုများနှင့် ကြုံနေရသည်။
အဆိုပါ ဥပဒေမူကြမ်းတွင် ဘာသာခြား၊ လူမျိုးခြားများမှ ဗုဒ္ဒဘာသာဝင် အမျိုးသမီးတဦးအား လက်ထပ်နိုင်ရန် ၎င်းတို့ထံတွင် ဗုဒ္ဒဘာသာဝင်ဖြစ်ကြောင်း တရားဝင်လတ်မှတ်ရှိရန် နှင့် လက်ထပ်မည့် အမျိုးသမီး၏ မိဘ ၊ အုပ်ထိန်းသူ ထံမှ တရားဝင်ခွင့်ပြုချက်ရရှိပြီးမှသာ လက်ထပ်ခွင့်ရှိကြောင်း၊ လိုက်နာခြင်း မရှိပါက ထောင်ဒဏ်၁၀ နှစ်အပြင် ထိုသူပိုင်ဆိုင်သော ပစ္စည်းများအား သိမ်းယူ၍ အမျိုးသမီးအားပေးရန် ၊ ရာဇသတ်ကြီးဥပဒေ၏ ထိမ်းမြားခြင်းဆိုင်ရာ ဥပဒေပုဒ်မ ၄၉၃ အပြင် အခြားပုဒ်မများနှင့်ပါ အရေးယူမည် ဆိုသော အချက်များအား ထည့်သွင်းထားသည်။
“ဘာသာရေး ပဋိပက္ခတွေဖြစ်ချိန်မှာ ဒီဥပဒေပေါ်လာတာက ကျယ်ကျယ်ပြန့်ပြန့်မကြည့်ဘဲ လတ်တလောဖြစ်ရပ်တွေကို ကြည့်ပြီးတော့ ဖြေရှင်းဖို့လုပ်တယ်လို့ မြင်တယ်၊ ဒါတွေအားလုံးကို သေချာလေ့လာစမ်းစစ် ချက်တွေ လုပ်ပြီးမှ လုပ်ရင်ကောင်းမယ်” ဟု ကရင်အမျိုးသမီးဖွံ့ဖြိုးရေးအဖွဲ့ ဥက္ကဌ ဒေါ်စူဆန်နာလှလှစိုးကလည်း ပြောသည်။
အမျိုးသမီးအဖွဲ့များ၏ ထုတ်ပြန်ချက်တွင် ဘာသာရေး၊ လူမျိုးရေးများ ပြဿနာများဖြစ်ပွားနေချိန်တွင် ပြည်သူတရပ်လုံး အပြန်အလှန် လေးစားညီညွတ်ရမည့် အချိန်တွင် အဆိုပါ မျိုးစောင့်ဥပဒေသာ အတည်ပြုဖြစ်ခဲ့လျှင် “ဗုဒ္ဒဘာသာသည် အခြားဘာသာဝင်များနှင့် ယှဉ်တွဲနေထိုင်ရန် ယုံကြည်မှု ကိုယ်ခံအားနည်းသော၊ နိမ့်ကျစိတ်ကို အခြေခံသော၊ မလုံမခြုံခံစားနေရသော ဘာသာ သာသနာ တခုဖြစ်ကြောင်း ဆိုလိုရာရောက်နိုင်သည်”ဟုလည်း ထည့်သွင်းဖော်ပြထားသည်။
ဥပဒေမူကြမ်းတွင် ဗုဒ္ဒဘာသာဝင်အမျိုးသမီးများ၏ ထိမ်းမြားလက်ထပ်ခွင့် နှင့်ပတ်သက်၍သာ ထည့်သွင်းရေးဆွဲထားပြီး အမျိုးသားများအတွက် ပါဝင်ခြင်း မရှိခြင်းကြောင့် အမျိုးသားများအနေဖြင့် မည်သည့်ဘာသာဝင်အမျိုးသမီးများနှင့် မဆို လက်ထပ်ခွင့်ရှိကြောင်း ဆိုလိုရာရောက်သည်။
ဒေါ်စူဆန်နာလှလှစိုးက “ အရင်ထဲက တရားမဝင် ကြားဖူးတာက မွတ်စလင်အမျိုးသားက အမျိုးသမီးတယောက်နဲ့ယူရင် ဘာသာပြောင်းရတယ်၊ မပြောင်းလို့ မရဘူးပေါ့။ အဲဒါဟာ ဂျန်ဒါ(လိင်ခွဲခြားဆက်ခံမှု) ဆိုတဲ့အချက်ကို ထည့်မစဉ်းစားတော့ဘဲနဲ့ လုပ်လိုက်သလို ဖြစ်နေတယ်။ အခုလည်း အမျိုးသမီးတွေအတွက်ပဲဆိုတာကလည်း လုံးဝမဖြစ်သင့်ပါဘူး” ဟု ပြောဆိုသည်။
အဆိုပါဥပဒေက စင်ကာပူနှင့် မလေးရှား နိုင်ငံမှ လက်ထပ်ထိမ်းမြားခြင်းဆိုင်ရာ ဥပဒေကို နမူနာယူပြီး ဘုန်းတော်ကြီးများနှင့် ဥပဒေပညာရှင်များက ပူးပေါင်းရေးဆွဲထားခြင်းကြောင်း၊ ယင်းဥပဒေမူကြမ်းကို တရားဝင်အတည်ပြုနိုင်ရန် လွှတ်တော်တွင် တင်ပြမည့် ကိုယ်စားလှယ်များကိုလည်းရွေးချယ်ထားပြီးဖြစ်ကြောင်း၊ တနိုင်ငံလုံး၏ သဘောထား ထောက်ခံချက်လက်မှတ်များကိုလည်း ကောက်ယူသွားရန် စီစဉ်နေကြောင်း ဦးစီးရေးဆွဲထားသော ဘုန်းတော်ကြီးများက ဆိုကြသည်။
မစိုးရိမ်တိုက်သစ်ဆရာတော် ဦးဝီရသူက ၎င်း၏ဖေ့ဘုတ်စာမျက်နှာတွင်လည်း “ အထူးသဖြင့် မြန်မာတိုင်းရင်းသားများနှင့် ဗုဒ္ဓဘာသာကို ကာကွယ်စောင့်ရှောက်လိုသည့် ရည်ရွယ်ချက်ဖြင့် ကြိုးပမ်းခြင်း ဖြစ်ပြီး ဥပဒေပေါ်ပေါက်လာပါက မွတ်စလင်တို့ ဝါးမြိုလိုမှု၊ ဖျက်စီးလိုမှု၊ ကျူးကျော်လိုမှုများအား ကာကွယ်တားဆီးနိုင်မည် ဖြစ်သည်။ အမျိုးစောင့် ဥပဒေ ကမ်ပိန်း လာလေပြီ။ မြန်မာပြည် အပြည့်အ၀ လုံခြုံမှု ရှိတော့မည်” ဟု ရေးသားခဲ့သည်။
“ ဦးဝီရသူက ဒီဥပဒေကို လုပ်ဖို့ မန္တလေးမှာကတည်းက သူကြိုးစားနေခဲ့တာ ကြာပြီ။ အခုလိုမျိုး မှော်ဘီ သံဃာ့ညီလာခံနဲ့ တိုက်ဆိုင်သွားတဲ့အခါမှာ သူက သွားတတ်ပြီးတော့ ဘယ်ဆရာတော်ကြီးတွေရဲ့ သဘောထားမှ မပါဘဲနဲ့ သူသဘောနဲ့ သူ ထုတ်ခဲ့တာလို့ ဆရာတော်ကြီးတွေက ပြောတယ်” ဟု ၈၈ မျိုးဆက် အမျိုးသမီးများကွန်ရက်မှ မမီးမီးက ပြောဆိုသည်။
အဆိုပါ ဥပဒေအား ယခုကဲ့သို့ ကန့်ကွက်ကြောင်း ထုတ်ပြန်ချက်သာမက လူမှုရေးအဖွဲ့များနှင့်ဆက်သွယ်၍ အများပြည်သူများ၏ သဘောထားမှတ်ချက်များကို စုဆောင်းသွားမည်ဖြစ်ကြောင်း RAINFALL မှ ဒေါ်ဇင်မာအောင်က ဆိုသည်။