ရခိုင် တိုင်းရင်းသား ပါတီ ၂ ခု ဖြစ်သည့် ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ (RNDP) နှင့် ရခိုင်အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (ALD) တို့ကို ဖျက်သိမ်းပြီး ရခိုင် အမျိုးသားပါတီ (Arakan National Party) အဖြစ် ပူးပေါင်း ထူထောင် သွားမည် ဖြစ်ကြောင်း အဆိုပါ ပါတီ ၂ ခုမှ တာဝန်ရှိသူများက ထုတ်ပြန် ပြောဆိုလိုက်သည်။
ရန်ကုန်တိုင်းဒေသကြီး တာမွေမြို့နယ်ရှိ ရခိုင်သဟာရ အသင်းခန်းမတွင် ယနေ့ကျင်းပသော ရခိုင်နိုင်ငံရေး ပါတီ ၂ ခု ပူးပေါင်းသည့် သတင်းစာ ရှင်းလင်းပွဲ အခမ်းအနားတွင် ပါတီတာဝန်ရှိသူများက ထိုသို့ ထုတ်ပြန်ပြောဆိုလိုက်ကြခြင်း ဖြစ်သည်။
ရခိုင်အမျိုးသား အားလုံးနှင့် ရခိုင်ပြည်နယ် တခုလုံးကို ကိုယ်စားပြုသော ရခိုင်အမျိုးသားပါတီတရပ် ထူထောင်နိုင်ရေး အတွက် ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ နှင့် ရခိုင် ဒီမိုကရေစီ အဖွဲ့ချုပ် ပါတီ ၂ ရပ်စလုံးကို ဖျက်သိမ်းပြီး ပါတီသစ် အဖြစ် မှတ်ပုံတင် လျှောက်ထားမည် ဖြစ်ကြောင်း သိရှိရသည်။
“ရခိုင် လူထုအတွက် အကျိုးရှိမယ် ဆိုပြီးတော့ ပူးပေါင်းခြင်း ဖြစ်ပါတယ်။ ပါတီ အချင်းချင်း ပူးပေါင်းဖို့ နိုင်ငံရေး ပါတီ ၂ ခု စလုံးမှာ ဆန္ဒရှိခဲ့ပါတယ်။ ဒီဆန္ဒတွေကို အကောင်အထည်ဖော်တဲ့ နေရာမှာ ကမ္ဘာတည်မယ့် ညီညွတ်ရေးလို့ ပြောနိုင်ပါတယ်။ ကျနော်တို့မှာ ရှိတဲ့ မိခင် ပါတီကို ပယ်ဖျက်ပြီးတော့ ပါတီသစ်မှာ ပါဝင်ပြီး ညီညွတ်ရေးကို ဖော်ဆောင်ခြင်း ဖြစ်ပါတယ်” ဟု ရခိုင် ဒီမိုကရေစီအဖွဲ့ချုပ် ဒုတိယ ဥက္ကဋ္ဌ ဦးကျော်မြင့်က ဧရာဝတီကို ပြောသည်။
အသစ်ဖြစ်ပေါ်လာမည့် ရခိုင်အမျိုးသား ပါတီသည် ပြည်ထောင်စု တဝန်းလုံးတွင် အခြေပြု စည်းရုံးမည့် နိုင်ငံရေး ပါတီအဖြစ် ထူထောင်သွားမည်ဖြစ်ပြီး ပါတီသစ်အတွက် မှတ်ပုံတင် လျှောက်ထားရာတွင် လိုအပ်သော ပြင်ဆင်မှု လုပ်ငန်းများကို လာမည့် သြဂုတ်လ ၃၁ ရက်နေ့ အပြီး ဆောင်ရွက်မည် ဖြစ်ကြောင်း သိရှိရသည်။
RNDP မှ ဥက္ကဋ္ဌ ဒေါက်တာအေးမောင်က “ပါတီ ၂ ခု ဒီလို ပူးပေါင်းနိုင်ဖို့ ခက်ခဲနေတာ တနှစ်လောက် ကြာတယ်။ စာနဲ့ ကမ်းလှမ်းလိုက်၊ အဆင်မပြေလိုက် ဖြစ်နေတာ။ စစ်မှန်တဲ့ ပြည်ထောင်စုကို သွားမယ် ဆိုတဲ့နေရာမှာ ကျနော်တို့ကလည်း ညီညွတ်မှုကို ပြမှ ဖြစ်မယ်” ဟု ပြောသည်။
ရခိုင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်သည် ၁၉၉၀ ရွေးကောက်ပွဲ အနိုင်ရပါတီ တခုဖြစ်ပြီး ရခိုင် တိုင်းရင်းသားများ တိုးတက်ရေး ပါတီ သည် ၂၀၁၀ ပြည့်နှစ်တွင် စတင်ဖွဲ့စည်းခဲ့ကာ ၂၀၁၀ ရွေးကောက်ပွဲတွင် ရခိုင်ပြည်နယ်၌ မဲအများဆုံး ရရှိထားသော ပါတီဖြစ်သည်။
၂၀၁၅ ရွေးကောက်ပွဲ မတိုင်မီ ယခုကဲ့သို့ ရခိုင်နိုင်ငံရေးပါတီ ၂ ခု ပေါင်းစည်းမှုသည် ရခိုင်လူထုကို အားတက်စေသည်ဟု ရခိုင်တိုင်းရင်းသား တချို့က ပြောသည်။
“ညီညွတ်မှုကို ကျနော်တို့ ဒေသက စပြီဆိုရင် ကျန်တဲ့ တိုင်းရင်းသားအားလုံးလည်း ညီညွတ်ကြဖို့ လိုတယ်။ ဒါကြောင့် မြန်မာပြည်က တိုင်းရင်းသားအားလုံး စစ်မှန်တဲ့ ဖက်ဒရယ် ပြည်ထောင်စုကို ရဖို့ဆိုရင် အချင်းချင်း ညီညွတ်ကြပါ။ အမျိုးသား ရင်ကြားစေ့ရေး ဆိုတဲ့အသံ မပေးဘဲနဲ့ တကယ့်ကို အနှစ်သာရ ရှိတဲ့ ညီညွတ်ရေးကို လုပ်ပါ” ဟု ဒေါက်တာအေးမောင်က ဆိုသည်။
အသစ် ပြန်လည်ဖွဲ့စည်းမည့် ရခိုင် အမျိုးသားပါတီတွင် ဗဟိုအလုပ်အမှုဆောင် ၃၀ ပါဝင်မည်ဖြစ်ပြီး ရခိုင်နိုင်ငံရေးပါတီ ၂ ခုက ဗဟို အလုပ်အမှုဆောင် ၁၅ ဦးစီ ရွေးချယ် တာဝန်ပေးမည်ဖြစ်ကြောင်း၊ နိုင်ငံရေးပါတီ မှတ်ပုံတင် တရားဝင်ရရှိပြီးလျှင် ပထမ ခေါင်းဆောင်၊ ဒုတိယ ခေါင်းဆောင်တို့ကို မဲစနစ်ဖြင့် ရွေးချယ် မည်ဖြစ်ကြောင်း၊ ရခိုင်အမျိုးသား ပါတီ၏ ပထမဆုံး အကြိမ် ညီလာခံကို ပါတီ မှတ်ပုံတင် ရရှိပြီး ၇ လအတွင်း ကျင်းပရန် လတ်တလော သဘောတူညီထားကြောင်း သိရှိရသည်။