သတင်း

ငြိမ်းချမ်းရေးဆိုင်ရာ ဥပဒေများ ပြဌာန်းရန် ဦးရွှေမန်းကို တောင်းဆို

This article has been converted from Zawgyi One to Unicode

Want create site? Find Free WordPress Themes and plugins.

နိုင်ငံတဝန်း ထာဝရ ငြိမ်းချမ်းရေး ဖော်ဆောင်ရန် ဥပဒေများ ပြဋ္ဌာန်းရေးအတွက် အမေရိကန်နိုင်ငံ သို့ ရောက်ရှိနေသည့် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရ ဦးရွှေမန်းအား ဆန်ဖရန် စစ္စကိုရှိ မြန်မာမိသားစုများနှင့် တွေ့ဆုံပွဲ၌ တိုက်တွန်း တောင်းဆိုကြောင်း သတင်းရရှိသည်။

“ကျနော်တို့ တိုင်းရင်းသား ဒေသတွေမှာဖြစ်နေတဲ့ စစ်ပွဲတွေမှာ အပစ်အခတ်ရပ်စဲရေးသာမက ပြည်လုံးကျွတ် ထာဝရ ငြိမ်း ချမ်းရေးကို တည်ဆောက်ဖို့အတွက် လွှတ်တော်ကနေပြီးတော့ ဥပဒေတွေ ရေးဆွဲပေးပါဆိုပြီး နံပတ် ၁ အနေနဲ့ ဆွေးနွေးတယ်”ဟု မြန်မာကျောင်းသားများအစည်းအရုံး ဆန်ဖရန်စ္စကို ဘေး ဧရိယာမှ ဦးကိုကိုလေး က ဧရာဝတီ ကို ပြောသည်။

၂၀၁၅ ခုနှစ် ရွေးကောက်ပွဲကာလ၌ စစ်ဖြစ်နေရာ ဒေသတိုင်းတွင် အားလုံး ရပ်စဲပြီး တိုင်းရင်းသား ကိုယ်စားလှယ်များ တက်ရောက် လာနိုင်ရေးအတွက် ဥပဒေပြုပေးရန်လည်း ဆွေးနွေးပြောဆိုခဲ့ကြောင်း သူက ဆက်ပြောသည်။

ထို့အပြင် အထွေထွေ လွတ်ငြိမ်းချမ်းသာခွင့် ပေးနိုင်ရန် ဥပဒေတရပ် ပြဋ္ဌာန်းရေးအတွက် ဦးသိန်းစိန်အစိုးရကို တိုက်တွန်း ရန် နှင့် ၂၀၀၈ ဖွဲ့စည်း ပုံအခြေခံ ဥပဒေပြင်ဆင်ရေး စသည်တို့ကိုလည်း ဆွေးနွေး တိုက်တွန်းကြောင်း သိရသည်။

အမေရိကန်ရောက် မြန်မာ အသိုင်းအဝိုင်းနှင့် သူရ ဦးရွှေမန်းဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့ တွေ့ဆုံပွဲကို ဇွန်လ ၁၆ ရက်နေ့က ဆန်ဖရန်စစ္စကို ဘေးဧရိယာတွင် ပြုလုပ်ခဲ့ရာ အဖွဲ့ ၄ ဖွဲ့နှင့် စိတ်ပါဝင်စားသူများက စုပေါင်း စီစဉ်ခဲ့ခြင်းဖြစ်သည်။

အဆိုပါ တွေ့ဆုံပွဲတွင် သူရ ဦးရွှေမန်းက တိုင်းပြည်ကို သာယာဝပြောစေ၍ အစိုးရ အဆက်ဆက်က စေတနာထား လုပ်ဆောင်ခဲ့သော်လည်း ယနေ့ မြန်မာနိုင်ငံသည် ကမ္ဘာ့အလယ်၌ နောက်ဆုံးတွင် ကျန်နေခဲ့၍ ဒီမိုကရေစီ ကျင့်သုံးမှသာ တိုးတက်မည်ကို ယုံကြည်လာပြီး ဖော်ဆောင်လာနေခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်ဟု သိရသည်။

“ဒါကြောင့် ဒီမိုကရေစီ ကျင့်သုံးဖို့ လိုတယ်ဆိုပြီးတော့ ပြီးခဲ့တဲ့ အစိုးရက ဆုံးဖြတ်ချက်ချပြီးတော့ ဒီမိုကရေစီ ဖော်ဆောင် ရေး လုပ်ငန်းတွေ လုပ်ခဲ့တယ်လို့ သူက ပြောပါတယ်”ဟု ဦးကိုကိုလေးက ဆိုသည်။

သူရ ဦးရွှေမန်းသည် အမေရိကန် ခရီးစဉ် အစပိုင်းတွင်လည်း ဗီအိုအေနှင့် မေးမြန်းခန်းတွင် သမ္မတ ဖြစ်လိုကြောင်း ပြောဆို ခဲ့ပြီး သမ္မတ တာဝန်ယူရန် ရာခိုင်နှုန်းပြည့် အသင့်ရှိကြောင်းလည်း ယမန်နေ့က တွေ့ဆုံပွဲတွင် ဆွေးနွေး မေးမြန်းသူတဦး ဖြစ် သည့် ဒေါက်တာ ကျော်တင့် ၏ မေးမြန်းမှုကို ပြန်လည်ဖြေကြားခဲ့ကြောင်း သိရသည်။

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ပါတီ(NLD) ဥက္ကဋ္ဌ ဒေါ်ဆောင်ဆန်းစုကြည်ကလည်း သမ္မတဖြစ်လိုကြောင်း မကြာခင်က ကမ္ဘာ့စီးပွားရေး ဖိုရမ်တွင် ပြောကြား ထားခဲ့သော်လည်း ဖွဲ့စည်းပုံအခြေခံ ဥပဒေ၌ ကန့်သတ်ချက်များ ရှိနေသည်။

အဆိုပါကိစ္စနှင့်ပတ်သက်၍ သူရ ဦးရွှေမန်းက ဖွဲ့စည်းပုံပြင်ဆင်ရန် ရှိကြောင်းလည်း အမေရိကန် နိုင်ငံရေးလောကမှ ပုဂ္ဂိုလ် များနှင့် ဝုဒ်ရိုးလ် ဝီလ်ဆင် စင်တာ (Woodrow Wilson Center)တွေ့ဆုံစဉ်က ပြောဆိုခဲ့သည်။

“ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ဖို့ ကိစ္စမှာ ဖွဲ့စည်းပုံအခြေခံဥပဒေရဲ့ကန့်သတ်ချက်တွေက စိုးရိမ်မှုတွေ ရှိတယ်ဆိုတာ သိရပါတယ်။ ကျနော်တို့လွှတ်တော်မှာ ဖွဲ့စည်းပုံ အခြေခံဥပဒေကို လေ့လာ သုံးသပ်ပြီး ပြင်ဆင်သင့်တာတွေ ပြင်ဆင်နိုင်ဖို့အတွက် ကော်မရှင်တရပ် ဖွဲ့စည်းထားပြီး ဖြစ်ပါတယ်”ဟု သူရ ဦးရွှေမန်းက ပြောသည်။

ဖွဲ့စည်းပုံ အခြေခံဥပဒေမှာ ပြင်ဆင်နိုင်ခွင့် အခွင့်အရေးများရှိကြောင်း၊ လွှတ်တော်က နိုင်ငံနှင့် နိုင်ငံသားများ အကျိုးရှိ စေ မည့် ဥပဒေများ ပြုရေး၊ ပြင်ဆင် ဖြည့်စွက် အစားထိုးမှု တာဝန်သည် လွှတ်တော်များ၏ တာဝန်ဖြစ်ကြောင်း ဦးရွှေမန်းက ပြော သည်။

“ဒါကြောင့်မို့လို့ ဖွဲ့စည်းပေးလိုက်တဲ့ ကော်မရှင်က ဖွဲ့စည်းပုံ အခြေခံဥပဒေအပေါ် လေ့လာသုံးသပ်ပြီးတော့ တယောက် တည်း အကျိုးစီးပွားမက ကျန်တဲ့ အများအကျိုးစီးပွားအရ ဥပဒေများကို ပြန်လည်လေ့လာသုံးသပ်ပြီး ပြင်ဆင် စရာရှိတာ ပြင်ဆင်ဖို့ ပယ်ဖျက်စရာရှိတာပယ်ဖျက်ဖို့၊ အစားထိုးစရာရှိတာ အစားထိုးဖို့၊ ဆက်လက်ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ အဲဒီလို ဆောင်ရွက်တဲ့နေရာမှာ တချို့ကိစ္စတွေက လွှတ်တော်တွင်းမှာ ဆောင်ရွက်ရတာရှိသလို၊ တချို့ကိစ္စတွေ ကျတော့ ပြည်သူများအထိအတည်ပြုချက် ရယူရမှာ ဖြစ်ပါတယ်”ဟုလည်း သူရ ဦးရွှေမန်းက ဆိုသည်။

လာမည့် ရွေးကောက်ပွဲတွင် ပြည်သူ ဆက်လက် ထောက်ခံပါက သမ္မတ တာဝန် ဆက်လက်ထမ်းဆောင်မည်ဟု ပြောဆို လာသော ဦးသိန်းစိန်နှင့် အနည်းငယ် ဝေးကွာလာသည်ဆိုသည့် ဒေါ်အောင်ဆန်းစုကြည်သည် ယခု နောက်ပိုင်း သူရ ဦးရွှေမန်းနှင့် ပိုမိုနီးကပ်သည့် ဆက်ဆံရေးရှိကြောင်း ဝေဖန် ပြောဆိုမှုများလည်း ရှိနေသည်။

သမ္မတ တာဝန်ထမ်းဆောင်လိုကြောင်း ပြောဆိုလာပြီးနောက်တွင် သူရ ဦးရွှေမန်းနှင့် ဒေါ်အောင်ဆန်းစုကြည် အကြား ဆက်ဆံရေး မည်သို့ဖြစ်မည်ဆိုသည်က မေးခွန်းထုတ်ဖွယ် ဖြစ်သည်။

၂၀၁၅ ခုနှစ် ရွေးကောက်ပွဲတွင် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီနှင့် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် လူထု ထောက်ခံမှု အားကောင်းသော NLD ပါတီတို့သည် အဓိက ယှဉ်ပြိုင်ရနိုင်ကြောင်း သုံးသပ်သူများက ဆိုသည်။

သို့သော် သူရ ဦးရွှေမန်းက ဝါရှင်တန်မှာ အေပီ သတင်းဌာနနှင့် တွေ့ဆုံစဉ် ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲ အလွန်တွင် တိုင်းပြည် အကျိုးအတွက် လိုအပ်လာပါက ကြံ့ခိုင်ရေးပါတီနှင့် NLD ပါတီတို့သည် ညွှန့်ပေါင်းဖွဲ့စည်းရေး အတွက်လည်း အဆင် သင့် ရှိကြောင်း ထုတ်ဖော် ပြောဆိုခဲ့သေးသည်။

ထို့အပြင် မကြာသေးခင်က ပဋိပက္ခများ ဖြစ်ပွားခဲ့ရမှု၊ ၉၆၉ လှုပ်ရှားမှု စသည်တို့နှင့်ပတ်သက်၍ မေးမြန်းသူတဦးကိုလည်း ဖွဲ့စည်းပုံအခြေခံ ဥပဒေတွင် ကိုးကွယ်သည့် အယူဝါဒအပေါ် ခွဲခြားမှု မပြုရဟု ဖော်ပြထားကြောင်း၊ နိုင်ငံသားများ၏ အခွင့် အရေးကို ပြည့်ဝစွာ ပေးအပ်ထားကြောင်းတို့ကို သူရ ဦးရွှေမန်းက ပြန်လည် ဖြေကြား ခဲ့သည်။

ဥပဒေကိုဆန့်ကျင်ပြီး ကျူးလွန်ဆောင်ရွက်လျှင် ဥပဒေက ပြန်လည်အရေးယူ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ မြန်မာနိုင်ငံ တွင် တရားဥပဒေ စိုးမိုးရေး အားနည်းမှု ရှိနေကြောင်းလည်း သူရ ဦးရွှေမန်းက ဝန်ခံပြောသကဲ့သို့ ၉၆၉ အဖွဲ့ အစည်းများကိုလည်း ဖော်ထုတ် အရေးယူမည်ဖြစ်ကြောင်း ပြောဆိုခဲ့သေးသည်။

“၉၆၉ အဖွဲ့အစည်းများဟာ စာတမ်းတွေကပ်၊ ပြီးတဲ့အခါမှာ သွေးခွဲစကားတွေ ဆောင်ရွက်နေတာကိုလည်း ဖော်ထုတ် အရေးယူ ဆောင်ရွက်မှာဖြစ်ပါတယ်”ဟုလည်း သူရ ဦးရွှေမန်းက ဆိုသည်။

ရခိုင်ပြည်နယ်အတွင်း အငြင်းပွားဖွယ်ဖြစ်နေသည့် ကလေး ၂ ဦး အမိန့်ထုတ်ပြန်မှုနှင့်ပတ်သက်၍လည်း လွှတ်တော်သို့ အဆိုပါ ကိစ္စ တင်ပြထားခြင်းမရှိသကဲ့သို့ လွှတ်တော်မှလည်း ဥပဒေအဖြစ် ပြဋ္ဌာန်းထားခြင်း မရှိကြောင်းလည်း ဦးရွှေမန်း က ပြောဆိုသည်။

သူရ ဦးရွှေမန်းနှင့် မြန်မာလွှတ်တော် ကိုယ်စားလှယ်အဖွဲ့သည် ဂူဂဲ အင်တာနက် ကုမ္ပဏီ၊ G.E ကုမ္ပဏီ စသည့် အမေရိ ကန် စီးပွားရေးလုပ်ငန်းရှင်ကြီးများနှင့် အမေရိကန် လွှတ်တော်နှင့် နိုင်ငံရေး လောကမှ ပုဂ္ဂိုလ်များ၊ တာဝန်ရှိသူများနှင့် တွေ့ဆုံခဲ့သည်။

နယူးယောက်မြို့ရှိ ကုလသမဂ္ဂရုံးချုပ်၌ အထွေထွေအတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်းနှင့်လည်း ဇွန်လ ၁၅ ရက်နေ့က တွေ့ဆုံခဲ့ပြီး မြန်မာ့ပြုပြင်ပြောင်းလဲမှုကို မစ္စတာ ဘန်ကီမွန်းက ချီးမွမ်းပြောဆိုခဲ့ပြီး မကြာခင်က ဖြစ်ပွားခဲ့သည့် ပဋိပက္ခများနှင့် တိုင်းရင်းသား အရေးကိစ္စများတွင် လိုအပ်ချက်များကိုလည်း ထောက်ပြပြောဆိုခဲ့ကြောင်း သိရသည်။

သူရ ဦးရွှေမန်းက အမေရိကန်ပြည်ထောင်စုမှ ဒီမိုကရေစီ အတွေ့အကြုံများကို နမူနာယူရန်မျှော်လင့်ထားပြီး နိုင်ငံကို ဖက် ဒရယ်ပြည်ထောင်စု စနစ် တည်ဆောက်သွားမည်ဟုလည်း ပြောဆိုသွားခဲ့သည်။

Did you find apk for android? You can find new Free Android Games and apps.
Loading