Ethnic Issues

စစ်မှန်သော ဖက်ဒရယ်ပြည်ထောင်စု ပေါ်ပေါက်ရေး တမျိုးသားလုံး ပါဝင်သည့် ညီလာခံ ကျင်းပမည်

This article has been converted from Zawgyi One to Unicode

စစ်မှန်သော ဖက်ဒရယ်ပြည်ထောင်စု ပေါ်ပေါက်လာရေးအတွက် တိုင်းရင်းသား လူမျိုးပေါင်းစုံနှင့် တမျိုးသားလုံး ပါဝင်သော ညီလာခံတရပ်ကို လာမည့် ၂၀၁၄ ဒီဇင်ဘာ နောက်ဆုံးထား၍ ခေါ်ယူကျင်းပ သွားမည်ဖြစ်ကြောင်း ထိုင်း – မြန်မာနယ်စပ် ဒီမိုကရေစီ အကျိုးပြု ကရင်တပ်မတော် (DKBA) ကလိုထူးဘော စစ်ဌာနချုပ်တွင် ကျင်းပသည့် ပြည်ထောင်စု တိုင်းရင်းသား ပေါင်းစုံ နှီးနှောဖလှယ်ပွဲက ထုတ်ပြန်ပြောကြား လိုက်သည်။

DKBA ကလိုထူးဘော စစ်ဋ္ဌာနချုပ်၊ ကော်သူမွဲခီး (ဆုံဆည်းမြိုင်) တွင် ယခုလ ၁၅ ရက်မှ ၁၇ ရက်နေ့ အထိ ပြုလုပ်ခဲ့သည့် အဆိုပါ နှီးနှောဖလှယ်ပွဲ နောက်ဆုံးနေ့တွင် ယာယီလုပ်ငန်းကော်မတီ ၁၇ ဦး အဖွဲ့တခုကို ဖွဲ့စည်းခဲ့ပြီး သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်စဉ် ယာယီလုပ်ငန်းကော်မတီဝင် တဦးဖြစ်သည့် တပ်ပေါင်းစုဋ္ဌာနေ ကိုယ်စားလှယ် စိုင်းထွန်းအေးက ယင်းသို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။

“ကျနော်တို့က ၂၀၁၅ မတိုင်ခင်မှာ လုပ်သွားမှာ ဖြစ်တဲ့အတွက် ၂၀၁၄ ဒီဇင်ဘာကို နောက်ဆုံးထားလုပ်သွားဖို့ သတ်မှတ် ထားပါတယ်။ အဲဒါကို အကောင် အထည် ဖော်နိုင်ဖို့ အတွက် အခုဖွဲ့စည်းထားတဲ့ လုပ်ငန်းအဖွဲ့က တွန်းအားပေးသွားမယ်” ဟု သူက ဆိုသည်။

ထို့အပြင် တိုင်းရင်းသား တချို့ကလည်း ကြိုတင်ပြင်ဆင်မှုများ ရှိနေပြီး တိုင်းရင်းသား ညီလာခံများ ပြုလုပ်၍ အသီးသီး အဆင်သင့်ဖြစ်ပါက ၂၁ ရာစု ပင်လုံညီလာခံ ပုံစံမျိုး ခေါ်ယူနိုင်ရန် မျှော်မှန်းထား ကြောင်းလည်း အထက်ပါပုဂ္ဂိုလ်က ဆက်လက်ပြောသည်။

ထို့နောက် ယခုကဲ့သို့ ဖွဲ့စည်းလိုက်သည့် အလုပ်အမှုဆောင်အဖွဲ့သည် ကျန် လက်နက်ကိုင် အဖွဲ့များနှင့် ပေါင်းစည်းရေး အတွက်လည်း လုပ်ကိုင် သွားမည်ဖြစ်ကြောင်း DKBA မှ ဗျူဟာမှူး ဗိုလ်မှူးကြီး စောဆန်းအောင်က ဆိုသည်။

ထို့အပြင် အဆိုပါ နှီးနှောဖလှယ်ပွဲသို့ တက်ရောက်လာသည့် နိုင်ငံရေး၊ ဘာသာရေး၊ အပစ်ရပ်ထားသော တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ၊ ဘာသာရေးဆိုင်ရာ ခေါင်းဆောင် တချို့နှင့် အရပ်ဘက် လူ့အဖွဲ့အစည်းများ စုစုပေါင်း အဖွဲ့ ၃၀ မှ ကိုယ်စားလှယ် ၈၄ ယောက်တို့၏ သဘောတူညီချက်အရ ဖွဲ့စည်းပုံ အခြေခံ ဥပဒေသစ်တရပ် ပြန်လည်ရေးဆွဲရေး အပါအဝင် အချက် ၈ ချက်ကိုလည်း ထုတ်ပြန်ခဲ့သည်။

ထိုင်း-မြန်မာ နယ်စပ်ရှိ နယ်ခြားစောင့်တပ်များနှင့် DKBA တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ခြင်းသည် အစိုးရနှင့် အပစ်ရပ်စဲစဉ် ကာလက သဘောတူညီထားသည့် အချက်ကို ချိုးဖောက်ရာ ရောက်သည့်အတွက် ယင်းအချက်ကိုလည်း ထုတ်ပြန်ချက်တွင် ထောက်ပြထားသည်။

၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေသည် ဒီမိုကရေစီအရေး၊ လူ့အခွင့်အရေး၊ အမျိုးသားတန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် ကိစ္စရပ်များကို မဖြေရှင်းနိုင် သည့်အတွက် ပြန်လည်ရေး ဆွဲရန်၊ စစ်မှန်သော ဖက်ဒရယ်ပြည်ထောင်စု ပေါ်ပေါက်ရေးအတွက် တိုင်းရင်းသား လူမျိုးပေါင်းစုံနှင့် တမျိုးသားလုံးပါဝင်သော ညီလာခံတရပ် ပြန်လည်ခေါ်ယူရန်၊ မတရားသည့် ဥပဒေများကို ပြန်လည် ပယ်ဖျက်ရန်နှင့် ကန့်သတ်ချုပ်ချယ်မှု ကင်းသော၊ နှောင်ကြိုးမဲ့သော အထွေထွေ လွတ်ငြိမ်းချမ်းသာခွင့်ကို အမြန်ဆုံး ကြေညာပေးရန် စသည့် အချက်များပါဝင်သည်။

ထို့အပြင် အပစ်အခတ်ရပ်စဲရေး ကိစ္စများကို နိုင်ငံတကာ စံချိန်စံညွှန်းများနှင့်အညီ တပြည်လုံး အတိုင်းအတာဖြင့် အမြန်ဆုံး အကောင်အထည် ဖော်ပေးရန်၊ အစိုးရတပ်များ အနေဖြင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများနှင့် အပစ်အခတ် ရပ်စဲစဉ်ကာလက သဘောတူညီထား ချက်များကို တိကျစွာလိုက်နာရန်၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ အချင်းချင်း အပြန်အလှန် ပူးပေါင်းဆောင်ရွက်ရန်နှင့် ဒီမိုကရေစီရေးနှင့် အမျိုးသား တန်းတူရေး လှုပ်ရှားမှုများ ပေါ်ပေါက် လာလျှင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များမှ ဝိုင်းဝန်းထောက်ခံ ကူညီပေးရန်၊ အလုပ်သမား၊ လယ်သမားတို့၏ ဘဝအခက်အခဲ များကို မှန်ကန်လျှင်မြန်စွာ ဖြေရှင်းပေးရန်၊ တိုင်းရင်းသား တပ်ပေါင်းစုများနှင့် အဖွဲ့အသီးသီးတို့၏ သဘောတူညီချက်များကို အသိအမှတ်ပြု မှတ်တမ်းတင်မည်ဖြစ်ပြီး တူညီသော လုပ်ငန်းများကို တက်ကြွစွာ ပူးပေါင်းဆောင်ရွက်သွားရန် စသည့် အချက်များ ပါဝင်သည်။

ဆုံဆည်းမြိုင်တွင် ၃ ရက်တာပြုလုပ်ခဲ့သည့် ယင်းနှီးနှောဖလှယ်ပွဲ ပထမနေ့ ဖွင့်ပွဲသို့ ငြိမ်းချမ်းရေးကောင်စီ (KNU/ KNLA Peace Council) ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး စောေဋ္ဌးမောင် (ခ) ဗိုလ်ထိန်မောင်၊ DKBA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီးစောလားပွယ်၊ ကယန်း ပြည်သစ်ပါတီ၊ ရခိုင်ပြည် လွတ်မြောက်ရေး တပ်မတော် (ALP)၊ မြန်မာနိုင်ငံ လုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး (ABSDF)၊ ပအို့ဝ် အမျိုးသားအဖွဲ့ချုပ် (PNLO)၊ ရွှေဝါရောင် သံဃာ့ကွန်ရက်၊ မြဝတီမြို့နယ် စည်ပင်သာယာရေး ကော်မတီ၊ NLD – LA၊ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း၊ ကရင်ပြည်နယ် လွှတ်တော် ကိုယ်စားလှယ်တချို့ အပါအဝင် အဖွဲ့အစည်း စုစုပေါင်း ၃၀ ကျော်နှင့် လူပေါင်း ၃၀၀ ကျော် တက်ရောက်ခဲ့သည်။

Loading