သတင်း

၂၀၁၅ ရွေးကောက်ပွဲတွင် PR စနစ် ကျင့်သုံးရန် ကြံ့ခိုင်ရေးပါတီ ထောက်ခံနိုင်ကြောင်း ဦးအောင်သောင်းပြော

This article has been converted from Zawgyi One to Unicode

Want create site? Find Free WordPress Themes and plugins.

၂၀၁၅ ရွေးကောက်ပွဲတွင် အချိုးကျ ကိုယ်စားပြုစနစ် (Proportional Representative -PR System) ပြောင်းလဲ ကျင့်သုံးရေး ဆွေးနွေး ဆုံးဖြတ်ပေးရန် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က လွှတ်တော်သို့ တရားဝင် တင်ပြလိုက်ပြီ ဖြစ်ရာ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (ကြံ့ခိုင်ရေးပါတီ) အနေဖြင့် PR စနစ်ကို ထောက်ခံမည့် အခြေအနေ ရှိကြောင်း ကြံ့ခိုင်ရေး ပါတီ ခေါင်းဆောင် တဦးဖြစ်သူ ဦးအောင်သောင်း က ဧရာဝတီသို့ ပြောဆိုလိုက်သည်။

ချင်းအမျိုးသားပါတီ၊ ဒီမိုကရက်တစ် ပါတီ (မြန်မာ)၊ ဒီမိုကရေစီနှင့် ငြိမ်းချမ်းရေးပါတီ၊ ပြည်ထောင်စု ဒီမိုကရေစီပါတီ၊ ဖလုံ-စဝေါ် ဒီမိုကရက်တစ် ပါတီ၊ မွန်ဒေသလုံး ဆိုင်ရာ ဒီမိုကရေစီပါတီ၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ၊ အမျိုးသား ဒီမိုကရေစီ အင်အားစု ပါတီ၊ ညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးပါတီ အပါအဝင် ဒီမိုကရေစီမိတ်ဆွေ ၁၀ ပါတီက မြန်မာနိုင်ငံတွင် လက်ရှိ ကျင့်သုံးနေသော မဲအများဆုံး ရရှိသူ အနိုင်ပေးသည့် စနစ် (First Past The Post – FPTP System) အစား အချိုးကျ ကိုယ်စားပြုစနစ် ပြောင်းလဲ ကျင့်သုံးရန် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်သို့ တင်ပြလာသည့်အတွက် ကော်မရှင်က မေလ ၁၃ ရက်နေ့တွင် ပြည်ထောင်စုလွှတ်တော်သို့ PR စနစ် ပြောင်းလဲ ကျင့်သုံးရေး ကိစ္စ ဆွေးနွေး ဆုံးဖြတ် အတည်ပြုရန် တင်ပြလိုက်ကြောင်း ကော်မရှင်က ဇွန်လ ၁၄ ရက်နေ့တွင် တရားဝင် သတင်း ထုတ်ပြန်ခဲ့သည်။

လွှတ်တော်တွင် အမတ်နေရာ အများစု အနိုင်ရရှိထားပြီး ဖြစ်သော ကြံ့ခိုင်ရေး ပါတီသည် PR စနစ် ပြောင်းလဲ ကျင့်သုံးရေးကို ထောက်ခံမည့် အခြေအနေများနေပြီး အထူးသဖြင့် တပါတီ ကြီးစိုးသည့် စနစ် မဖြစ်ပေါ်ရေး အတွက် PR စနစ်ကို ထောက်ခံခြင်း ဖြစ်ကြောင်း တောင်သာမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် လည်းဖြစ် ကြံ့ခိုင်ရေးပါတီ၏ ထိပ်တန်း ခေါင်းဆောင် တဦးလည်းဖြစ်သူ ဦးအောင်သောင်းက ဧရာဝတီသို့ပြောသည်။

“အဓိက အချက်က တပါတီ ကြီးစိုးရေး စနစ် ပျောက်သွားမယ်။ မဲအများဆုံး အနိုင်ရသူ စနစ်ကတော့ ပါတီကြီးတွေပဲ ကျန် ပြီးတော့ ပါတီငယ်တွေ ပျောက်သွားတာပေါ့။ ပါတီငယ်တွေ ပျောက်သွားတော့ ပါတီငယ်လေးတွေ အတွက် အခွင့်အလမ်းက မရှိတော့ဘူး။ ပါတီကြီးတွေပဲ ဒီမိုကရေစီ အာဏာရှင်သဘော ဖြစ်သွားတာပေါ့။  တဦးတည်း ဗိုလ်ကျ သွားတာပေါ့။ အဲဒါကို မကြိုက်လို့ PR စနစ်ကို လုပ်ချင်ကြတာ။ USDP အနေနဲ့ကတော့ ထောက်ခံမှု များကောင်းများမယ်လို့ ယူဆပါတယ်” ဟု ဦးအောင်သောင်းက ဆိုသည်။

PR စနစ်ကို ပြည်သူများ အကျွမ်းတဝင် မရှိသေးသဖြင့် မလုပ်ဆောင်သင့်သေးဟု ဝေဖန်ချက်များကိုလည်း ဦးအောင်သောင်း က ပယ်ချလိုက်ပြီး မြန်မာပြည်သူ များသည် သင်လွယ်၊ တတ်လွယ် ဉာဏ်ရည် ဉာဏ်သွေး ကောင်းသော လူမျိုးများ ဖြစ်သည့် အတွက် အခက်အခဲ မရှိနိုင်ကြောင်း ပြောသည်။

“PR စနစ်ကျတော့ အသစ်ဖြစ်တယ်၊ ပြည်သူ လူထုကို ချပြပေးရမယ်။ PR စနစ်မှာလည်း ၃ မျိုးလောက် ရှိနေတော့ ဘယ် နည်းစနစ်ကို ကျင့်သုံးမှာလဲ။ ပြည်သူ လက်ခံ အောင် မဲပေးလာအောင် လုပ်ရမှာပေါ့။ ခက်တော့ မခက်ပါဘူး။ ကျနော်တို့ ပြည်သူတွေက သိလွယ်၊ မြင်လွယ်၊ တတ်လွယ် ပါတယ်။ ဉာဏ်ရည်ဉာဏ်သွေး မညံ့ပါဘူး။ ရှင်းပြရင် ရနိုင်တဲ့ သူတွေပါ။ တခြား ဒီမိုကရေစီ နိုင်ငံတွေမှာ သက္ကရာဇ် ၁၈၀၀ ကျော်လောက် ကတည်းက သုံးခဲ့တယ်လို့ ဆိုပါတယ်။ ၁၈၀၀ ကျော် လောက်မှာ ဆွီဒင်နိုင်ငံမှာ ကျင်းပခဲ့တယ်လို့ ဆိုပါတယ်။ ၂၀၁၃ မြန်မာပြည်သူတွေက ၁၈၀၀ ကျော်လောက်က ဆွီဒင် ပြည်သူတွေထက် မညံ့လောက်ပါဘူး။ ပြည်သူတိုင်းရဲ့ မဲ၊ အရေးကြီးတဲ့ မဲတွေဖြစ်လာမယ်” ဟု ဦးအောင်သောင်းက ဆက်ပြောသည်။

PR စနစ်တွင် အားနည်းချက်များရှိပြီး ပါတီငယ်များ လွှတ်တော်တွင်းသို့ ဝင်ရောက်နိုင်သော အခွင့်အရေး ရှိသဖြင့် ညွန့်ပေါင်း အစိုးရ ဖွဲ့ရခြင်း၊ မကြာခဏဆိုသလို အစိုးရပြုတ်ကျခြင်း၊ ရွေးကောက်ပွဲ ကျင်းပရခြင်းများရှိ နိုင်သော်လည်း ပါတီများ အနေဖြင့် ရွေးကောက်ပွဲတွင် မိမိ ပါတီအောင်နိုင်ရေးကိုသာ ဦးစားပေး စဉ်းစား ကြသဖြင့် PR စနစ် အသုံးပြုသင့် သည်ဟု ထင်မြင်ကြောင်း ဦးအောင်သောင်းက ရှင်းပြသည်။

“ဘယ်ပါတီဖြစ်ဖြစ် ချာချီ ပြောသလိုပေါ့၊ မိမိအောင်နိုင်ရေးကိုတော့ လာမယ့် ရွေးကောက်ပွဲ အောင်နိုင်ရေးအတွက် စဉ်းစား ကြတာပဲလေ။ PR စနစ်မှာ အားနည်းချက်တော့ ရှိပါတယ်။ လွှတ်တော်ထဲမှာ လူမျိုးစုံလာတော့ သူကလည်း အပြတ်အသတ် မနိုင်၊ ကိုယ်ကလည်း အပြတ်အသတ် မနိုင် အဲဒီပြဿနာ ရှိလာပြီးတော့ ကိုယ်လည်း အစိုးရဖွဲ့မရ၊ သူလည်း ဖွဲ့မရ၊ မဟာမိတ် အစိုးရဖွဲ့၊ အချင်းချင်း စကားများ၊ မကြာခဏ ပြုတ်ကျ၊ မကြာခဏ ရွေးကောက်ပွဲ ပြန်လုပ်ရတဲ့ ရှုပ်ထွေးမှုတွေ ပေါ်ချင်တော့ ပေါ်လာမှာပေါ့” ဟု ဦးအောင်သောင်းက ဆိုသည်။

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ၏ ကျောက်ပန်းတောင်း မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာ ဇော်မြင့်မောင် ကမူ NLD အနေဖြင့် PR စနစ်ကို လတ်တလော နိုင်ငံရေး အခြေအနေအရ လက်မခံသေးကြောင်း၊ PR စနစ်၏ မူလ ရည်ရွယ်ချက်မှာ NLD ကို အားနည်းစေရန်နှင့် တိုက်ခိုက်ရန် လုပ်ဆောင်ထားခြင်း ဖြစ်ကြောင်း ပြောဆိုသည်။

“သူ့ရဲ့ အားနည်းချက်လည်း ရှိတယ်၊ မြန်မာနိုင်ငံလို ဒီမိုကရေစီ ရခါစမှာ ဒီစနစ် ကျင့်သုံးလို့ မရနိုင်သေးဘူး။ အဓိက ပါတီကြီးတွေ အားနည်းအောင်၊ NLD ကို အားနည်းအောင် လုပ်တာပဲ။ NLD က ၉၀ မှာလည်း အပြတ်အသတ် နိုင်တယ်၊ ကြားဖြတ်မှာလည်း နိုင်တယ်။ ဒီစနစ်ရဲ့ ရည်ရွယ်ချက်က တိုင်းပြည်ကို တကယ်ပဲ အကျိုးပြုတာလား၊ ပြည်သူလူထု အကျိုးပြုတဲ့ စနစ်မျိုးဆိုရင် ပြဿနာမရှိဘူး။ ပြောရရင်တော့ NLD ကို တိုက်တာပဲ။ NLD အနေနဲ့ မူရှိပြီးသား။ လက်ရှိ အခြေအနေနဲ့ ကျနော်တို့ PR စနစ်ကို လက်မခံနိုင်သေးဘူး။ ပြင်ဆင်ထားတာ။ ဒီအချိန်မှာ လက်သင့်ခံလို့ မရသေးဘူး။ ပြည်သူတွေ မဲပေးတတ်လာပြီ၊ ဒီမိုကရေစီ ရင့်သန်လာပြီ ဆိုရင်တော့ ကျနော်တို့ စဉ်းစား ရမှာပေါ့” ဟု ဒေါက်တာ ဇော်မြင့်မောင်က ဆိုသည်။

ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်၏ အဓိက တာဝန်မှာ လွတ်လပ် သန့်ရှင်း တရားမျှသော ရွေးကောက်ပွဲများ ကျင်းပ ပေးရန် ဖြစ်ပြီး ရွေးကောက်ပွဲ စနစ် ပြောင်းလဲရန် လွှတ်တော်သို့ တင်ပြခြင်းသည် ဥပဒေနှင့် ညီ၊ မညီ စိစစ်ရန် လိုအပ်ကြောင်း ၎င်းက ပြောသည်။

“ဗဟို ရွေးကောက်ပွဲ ကော်မရှင်ဆိုတာက ရွေးကောက်ပွဲတွေ အောင်အောင်မြင်မြင်၊ လွတ်လွတ်လပ်လပ်၊ Free and Fair ဖြစ်အောင် သူတို့က တာဝန်ယူ လုပ်ရတာလေ။ ရွေးကောက်ပွဲစနစ်ကို သူတို့က တင်နေတယ်။ လွှတ်တော်ထဲ ရောက်နေတဲ့ ပါတီတခုက တင်နေရင် ထားဦး။ သူတို့က တင်တယ် ဆိုတော့ စဉ်းစားရမယ်။ ရွေးကောက်ပွဲ ကော်မရှင်ရဲ့ ဥပဒေထဲမှာ အဲဒီလို တင်ပိုင်ခွင့် ရှိလားဆိုတာ ပြန်စဉ်းစားရမယ်” ဟု ဒေါက်တာဇော်မြင့်မောင်က ဆိုသည်။

ရှမ်းပြည်နယ် တောင်ကြီးမြို့တွင် ဇွန်လ ၁၁ ရက်နေ့က ကျင်းပခဲ့သော တိုင်းရင်းသား ၁၅ ပါတီ ဆွေးနွေးပွဲတွင် PR စနစ်ကို လုံး၀ လက်မခံကြောင်းနှင့် PR စနစ်ကြောင့် ပြည်ထောင်စုကြီး ပြိုကွဲသွားနိုင်သည်ဟု တိုင်းရင်းသားခေါင်းဆောင် တချို့က ထုတ်ဖော် ပြောဆိုခဲ့သည်။

ရှမ်းအမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်၏ ခေါင်းဆောင် ဦးခွန်ထွန်းဦးက “လုံး၀ လက်မခံဘူး။ လူမျိုးစုတွေအတွက် ခက်ခဲမယ်။ ဒါကို ဘာကြောင့် လုပ်ရမှာလဲ။ အကုန်လုံး ရှုပ်နေတယ်။ လေ့လာဖို့ အများကြီး လုပ်ရဦးမယ်။ လတ်တလောတော့ လက်ခံလို့ မရသေးဘူး။ ၇၀ ရာခိုင်နှုန်းက တောသူ တောင်သား၊ တောင်သူ လယ်သမားတွေက ဘယ်လိုလုပ်ပြီး ဒီ PR စနစ်ကို သိမလဲ” ဟု ပြောသည်။

PR စနစ်ကို ကျင့်သုံးရေး တင်ပြခဲ့သော ဒီမိုကရေစီမိတ်ဆွေ ၁၀ ပါတီအဖွဲ့ဝင် ဖြစ်သည့် ဒီမိုကရက်တစ်ပါတီ (မြန်မာ) ၏ ဥက္ကဋ္ဌ ဦးသုဝေက PR စနစ်သည် ကောင်းမွန်သော စနစ်တခုဖြစ်သည့် အတွက် ကျင့်သုံးသင့်သည်ဟု အကြံပြုခြင်း ဖြစ်ကြောင်း ဧရာဝတီသို့ ပြောသည်။

“ကျနော်တို့ တင်ပြချက် ကတော့ ဒီစနစ်ကို သုံးပါလို့ ပြောတာမဟုတ်ဘူး။ လက်ရှိ သုံးနေတဲ့ စနစ်အပြင်၊ PR စနစ်ဆိုတာ ရှိတယ်။ အဲဒါ သုံးမယ်ဆိုရင် ကောင်းမယ်လို့ ယူဆပါတယ်။ လေ့လာနိုင်အောင် စဉ်းစားကြပါလို့ တင်ပြပေးပါ။ လုပ်ပါလို့ ပြောတာ မဟုတ်ဘူး။ PR စနစ်က အခုသုံးနေတဲ့ စနစ်ထက်  မဲဆန္ဒရှင် ပြည်သူတွေအတွက် ပိုလွယ်တယ်။  တိုင်းရင်းသား ပါတီ တချို့က သူတို့ ဒေသတွေမှာ PR စနစ် မသုံးစေချင်ဘူး။ သူတို့နဲ့ အံမကျဘူးလို့ ပြောတယ်။ တချို့ တိုင်းပြည်တွေမှာ စနစ် ၂ ခု စလုံးကို ရောသုံးတယ်” ဟု ဦးသုဝေက ဆိုသည်။

လွှတ်တော် ကိုယ်စားလှယ်များ၏ အဆိုအရ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်၏ PR စနစ် ကျင့်သုံးရေး တင်ပြချက် အဆို အပေါ် လာမည့် ဇွန်လ ၂၅ ရက်နေ့ ခေါ်ယူမည့် လွှတ်တော် အစည်းအဝေးများတွင် အပြီးသတ် ဆွေးနွေးဆုံးဖြတ် အတည်ပြုဖွယ် ရှိကြောင်း သိရှိရသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading