တရားမဝင် မှောင်ခို နယ်စပ်ကုန်သွယ်ရေးတွင် ပါဝင်ပတ်သက်နေသည်ဟူသော ယူဆချက်ဖြင့် စစ်ကိုင်းတိုင်းဒေသကြီး ကလေးခရိုင်ရဲစခန်းသို့ နေပြည်တော် ပြည်ထဲရေး ဝန်ကြီးဌာန အထူးရဲတပ်ဖွဲ့ရုံးမှ ရှောင်တခင် အထူးစုံစမ်းစစ်ဆေးမှုများ ပြုလုပ်လျက်ရှိသည်။
ကလေးခရိုင်ရှိ ရဲအရာရှိများသည် လိုင်စင်မဲ့ကားများနှင့် တရားမဝင်ပစ္စည်းများကို တင်သွင်းနေမှုတို့ကြောင့် ဇွန်လ ၁၅၊ ၁၆ ရက်နေ့မှ စတင်ကာ ဖမ်းဆီးစစ်ဆေးမှုများပြုလုပ်နေသည် ဟု နေပြည်တော်အထူးရဲတပ်ဖွဲ့ ရဲချုပ်ရုံးမှအရာရှိတစ်ဦးက ဧရာဝတီသို့ပြောသည်။
“ အခုကိစ္စက လျှို့ဝှက်စီမံချက်ဖြစ်လို့ အဲဒီကို သွားရောက်စစ်ဆေးတဲ့ အထူးအဖွဲ့ဝင်တွေကလွဲလို့ ကျန်တဲ့သူတွေ ဘယ်သူမှ မသိလိုက်ကြဘူး။ ရဲတွေကိုယ်တိုင်က မှောင်ခိုလုပ်နေတာကို သတင်းရလို့ သွားတယ်ဆိုတာ ကျနော်တို့လည်း နောက်နေ့မှ သိရတာပါ” ဟု ရဲချုပ်ရုံးမှ တာဝန်ကျနေသည့်အရာရှိတစ်ဦးက ဆိုသည်။
ယခင်အပတ်က တရားမဝင် အိမ်သုံးဆေး ပစ္စည်းများနှင့် သစ်တောထွက်ပစ္စည်းများကို သယ်ဆောင်လာသော ရဲကားကို အရပ်ဖက် လူ့အဖွဲ့အစည်းများ ဖမ်းဆီးခဲ့ပြီးနောက်ပိုင်း နေပြည်တော်မှ အထူးတပ်ဖွဲ့ ရောက်ရှိလာပြီး ထပ်မံ၍ လိုင်စင်မဲ့ကားများကိုပါ စစ်ဆေးဖမ်းဆီးမှုကိုပါ ဆက်လက်လုပ်ဆောင်နေကြောင်း၊ လိုင်စင်မဲ့ကားအစီးရေ ၃၀ စီးခန့်ကို နှစ်ရက်အတွင်း ဖမ်းမိကြောင်း၊ ဖမ်းဆီးမိသည့် လိုင်စင်မဲ့ယာဉ်များကို ပို့ကုန် သွင်းကုန် ဥပဒေပုဒ်မ ၈ အရ အမှုဖွင့် အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဧရာဝတီမှ စုံစမ်းသိရှိရသည်။
ကလေးခရိုင် အထူးရဲစခန်းအဖွဲ့ရုံးကို ဧရာဝတီမှ ဆက်သွယ်မေးမြန်းရာ တာဝန်ရှိသူတဦးက “နေပြည်တော်က တိုက်ရိုက်ဆင်းလာတာဆိုတော့ ကျနော်တို့ ဒီမှာရှိတဲ့သူတွေ ဘာမှ မသိရပါဘူး။ ရဲအရာရှိတွေ မှောင်ခိုလုပ်နေတယ်ဆိုတာလည်း ဟုတ်ပါတယ်။ ဒါပေမယ့် ဘာတွေသိမ်းထားလဲ ဘယ်လိုအရေးယူမယ်ဆိုတာကလည်း နေပြည်တော်က အဖွဲ့တွေပဲစီစဉ်တာဆိုတော့ ကျနော်တို့ သေချာ မသိရပါဘူး” ဟု ပြောဆိုသည်။
ကလေးမြို့သည် အိန္ဒိယနိုင်ငံ မိုရေးမြို့မှတဆင့် မြန်မာနိုင်ငံ တမူးမြို့ကို ဖြတ်ကာ နယ်စပ်ကုန်သွယ်ရေး လမ်းပေါ်တွင် တည်ရှိသော အချက်အချာမြို့ဖြစ်သည်။ ထို့ပြင် အခွန်မဲ့လူသုံးကုန်ပစ္စည်းများ၊ လက်နက်များ၊ မူးယစ်ဆေးဝါးများလည်း ဖမ်းဆီးရမိနေသော နယ်မြေလည်းဖြစ်သည်။ လေ့လာသူများက ယင်းသို့ တရားမဝင် မှောင်ခိုကုန်သွယ်မှုများတွင် အကျင့်ပျက် ဝန်ထမ်းများလည်း ပါဝင်နေသည်ဟု ဆိုသည်။
“အခု ဖမ်းဆီးရမိတဲ့ တရားမဝင်ပစ္စည်းတွေနဲ့ပတ်သက်ပြီးတော့ အကောက်ခွန်ဦးစီးဌာနနဲ့ သစ်တောဦးစီးဌာနတို့ကနေ ကလေး၀ မြို့နယ်ရဲစခန်းမှာပဲ အမှုပြန်ဖွင့်ထားပါတယ်” ဟု ကလေး၀ မြို့နယ်မှ ဒေသခံ ကိုဇော်ဦးက ဧရာဝတီသို့ ပြောဆိုသည်။