အစိုးရက ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသား ဥပဒေကို ပြင်ဆင် ရေးဆွဲရန် အစီအစဉ် မရှိကြောင်း ထုတ်ပြန် လိုက်သည်။
မြန်မာနိုင်ငံသား ဥပဒေ(၁၉၈၂ ခုနှစ်)အား အစိုးရက ပြင်ဆင်ရေးဆွဲရန် စီစဉ်နေကြောင်း သတင်းသည် မှားယွင်းကြောင်း လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန(လဝက)၏ ထုတ်ပြန်ပြောဆိုချက်ကို ယနေ့ထုတ် အစိုးရ သတင်းစာများ၌ ဖော်ပြ ထား သည်။
“၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသား ဥပဒေကို အစိုးရမှ ပြင်ဆင်ရေးဆွဲကာ လွှတ်တော်သို့ တင်ရန်စီစဉ်နေပြီး ပြည်ထောင်စု လွှတ်တော် ကိုယ်စားလှယ် အများစု ကန့်ကွက်မည်” ဟူသော ခေါင်းစဉ်ဖြင့် The Daily Eleven Newspaper ၌ ဇွန် ၁၃ ရက်က ဖော်ပြထား သည့် သတင်းကို လဝက က တုံ့ပြန် ဖြေရှင်းထားခြင်း ဖြစ်သည်။
၁၉၈၂ ခုနှစ် နိုင်ငံသား ဥပဒေနှင့်ပတ်သက်၍ ယခုအခါ အငြင်းပွားမှုများ ဖြစ်ပွားနေသည်။ ထို အငြင်းပွားမှုများသည် ယမန်နှစ် ဇွန် လ အတွင်းက စတင်၍ ရခိုင်ပြည်နယ် အတွင်း ရခိုင်တိုင်းရင်းသားများနှင့် မွတ်စလင်များ အကြား ပဋိပက္ခများ ဖြစ်ပွားပြီးနောက် ပိုမို ကျယ်ပြန့်လာသည်။
ယင်းဥပဒေအား ပယ်ဖျက်၍ ခေတ်နှင့် အညီ ပြန်လည်ရေးဆွဲရေး အဆိုတခုကို ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးတင်မြကလည်း ၂၀၁၂ ခုနှစ် နိုဝင်ဘာလအတွင်း ကျင်းပသော လွှတ်တော်၌ တင်သွင်းခဲ့ရာ ကန့်ကွက်သူ များပြား ၍ မှတ်တမ်း တင်ရုံသာ ရှိခဲ့သည်။
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ နှင့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည် ကလည်း ထို ဥပဒေ သည် နိုင်ငံတကာ စံနှုန်းများနှင့်ကိုက်ညီမှု မရှိသည့်အတွက် ပြန်လည် ဆန်းစစ်သင့်ကြောင်း ပြည်တွင်းပြည်ပ မီဒီယာများ အား မကြာ ခဏ ပြောဆိုနေမှုအပေါ် ဝေဖန်မှုများ ရှိနေပြီး ယင်းဥပဒေ နှင့်ပတ်သက်၍ အငြင်းပွားမှုများ ကျယ်ကျယ်ပြန့်ပြန့် ရှိနေဆဲ ဖြစ်သည်။
၁၉၈၂ နိုင်ငံသား ဥပဒေ သည် ၅ နှစ်ကျော်အထိ အချိန်ယူ၍ ဥပဒေပညာရှင် ဒေါက်တာမောင်မောင် အပါအဝင် ဥပဒေ ပညာရှင်များ ပါဝင် ရေးဆွဲခဲ့ပြီး ပြည်သူတရပ်လုံး၏ ထောက်ခံမှုဖြင့် လွှတ်တော်က အတည်ပြုထားခြင်း ဖြစ်ကြောင်း၊ နိုင်ငံတော်၏ အချုပ်အချာ အာဏာနှင့် လုံခြုံရေးအတွက် အဓိက ရေးဆွဲထားကြောင်း၊ သို့ဖြစ်၍ ပြင်ဆင်ရန် မလိုအပ်ကြောင်း ဥပဒေ ပညာရှင် နှင့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းညွန့် က ဧရာဝတီ ကို ပြောသည်။
၎င်းက“ပြည်ထောင်စု အတွင်းမှာ မှီတင်းနေထိုင်ကြတဲ့ ကိုယ့်တိုင်းရင်းသားလူမျိုးတွေရဲ့ ဘဝတည်တံ့ဖို့ ရေရှည်အမျှော် အမြင် နဲ့ ရေးဆွဲခဲ့ကြတာ ဖြစ်တယ်၊ ဒီတော့ ဒီဥပေဒ မှာပါတဲ့ အဓိက အချက်အလက်တွေ မှန်သမျှ ဘာမှ ပြင်စရာမလိုဘူး၊ နိုင်ငံ တကာစံနဲ့ ကြည့်စရာ၊ တိုင်းတာနေစရာ မလိုဘူး၊ ကိုယ့်နိုင်ငံ ကိုယ့်လူမျိုးတွေရဲ့ ဘဝလုံခြုံမှုတွေနဲ့ပဲ ကြည့်ဖို့လိုတယ်”ဟု ဆို သည်။
ထို ဥပဒေပါ ပြစ်ဒဏ် သတ်မှတ်ချက် တခုသာ ပြင်ဆင်ရန်လိုအပ်ကြောင်း၊ ဥပမာ အားဖြင့် မမှန်မကန်နည်းလမ်းဖြင့် နိုင်ငံ သားဖြစ်ရေး ကြိုးပမ်းသူအား ပြစ်ဒဏ်သတ်မှတ်ထားသည့် ငွေဒဏ် ကျပ် ၅ သောင်း ကို ကျပ် ၅ သိန်း သို့မဟုတ် ၅ သန်း စ သည်ဖြင့် တိုးမြှင့် ပြင်ဆင်ရန် လိုအပ်နေကြောင်းလည်း ဆက်ပြောသည်။
ဥပဒေ၌ နိုင်ငံသားတဦးဦးသည် မဟုတ်မမှန်ဖော်ပြခြင်း သို့မဟုတ် ဖုံးကွယ်ခြင်းဖြင့် နိုင်ငံသားအဖြစ်ရရှိပါက နိုင်ငံသား အဖြစ် မှ ရုပ်သိမ်း ခံရမည့်အပြင် ထောင်ဒဏ် ၁၀ နှစ်နှင့် ငွေဒဏ် ကျပ် ၅ သောင်း ကျခံစေရန် ဖော်ပြထားသည်။
ဦးသိန်းညွန့်က“မြန်မာနိုင်ငံရဲ့ မြောက်ဘက်နဲ့အရှေ့ဘက်က လွှမ်းမိုးတာကို ခံနေရပြီ၊ အခုတခါ အနောက်ဘက်က လွှမ်းမိုးဖို့ ကြိုးစားနေကြတယ်၊ ဒါကို မကာကွယ်ဘူးဆိုရင် နောင်လာမယ့် နှစ် ၂၀ လောက်မှာ တနိုင်ငံလုံး လွှမ်းမိုးခံရလာနိုင်တယ်”ဟု ဆိုသည်။
ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၏ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးလှဆွေ က လည်း ၁၉၈၂ နိုင်ငံသား ဥ ပဒေအား ပြင်ဆင်ရန် မလိုအပ်ကြောင်း၊ ပြင်ဆင်ရန် လွှတ်တော်၌ အဆိုပြုလာပါကလည်း ကန့်ကွက်သွားမည် ဖြစ်ကြောင်း ဧရာဝတီ ကို ပြောသည်။
ရခိုင်ပြည်နယ်၏ မြို့နယ်များတွင် တဘက်နိုင်ငံမှရောက်လာသည့် ဘင်္ဂါလီ(မွတ်စလင်) လူဦးရေ အဆမတန် တိုးပွားနေခြင်း ကို ကာကွယ် ရန်နှင့်မြန်မာနိုင်ငံ၏ နယ်စပ်ဒေသများမှ တရားမဝင် ရောက်လာသည့် နိုင်ငံခြားသားများကို ကာကွယ်ရန် ၁၉၈၂ ခုနှစ် နိုင်ငံသား ဥပဒေ သည် မရှိမဖြစ်လိုအပ်ကြောင်း ဦးလှဆွေ က ဆိုသည်။
၁၉၈၂ နိုင်ငံသား ဖြစ်မှု ဥပဒေအား မဆလ အစိုးရ လက်ထက်က နိုင်ငံ၏ အခြေအနေ လိုအပ်ချက်အရ ရေးဆွဲ ပြဌာန်း ခဲ့ရ ကြောင်း၊ ယခုအခါ ပြင်ဆင်လိုသည်ဟု ပြောဆိုမှု တချို့ရှိလာ၍ မည်သည့်အတွက် ပြင်ဆင်လိုသည်ဆိုသော အကြောင်းပြ ချက်ကို အချက်အလက်များဖြင့် မူကြမ်းရေးဆွဲ၍ လွှတ်တော်၌ တင်သွင်း ဆွေးနွေးသင့်ကြောင်း ဥပဒေ ပညာရှင် ရှေ့နေဦး အောင်သိန်း က ဧရာဝတီ ကို ပြောသည်။
၎င်းက“ဘာကြောင့် ပြင်ချင်ရတာလဲ၊ ဘယ်အချက်ကို ပြင်ဆင်မလဲ ဆိုတာကို ရှင်းပြဖို့ လိုတယ်၊ နိုင်ငံသား အခွင့်အရေး ဆို တာ လွယ်လွယ်ကူကူ လုပ်လို့၊ ဖြစ်လို့ရတဲ့ အရာမဟုတ်ဘူးလေ၊ ဥပဒေတခုဆိုတာ ပြင်ချင်တိုင်း ပြင်လို့မရဘူး”ဟု ဆိုသည်။
နိုင်ငံသား ဖြစ်မှု ဥပဒေသည် နိုင်ငံတကာ စံနှုန်းများနှင့်ကိုက်ညီမှု ရှိခြင်း မရှိခြင်းထက် မြန်မာနိုင်ငံ၏ လက်ရှိ အခြေအနေ၊ နိုင်ငံ တော်နှင့်နိုင်ငံသားများ၊ နယ်စပ်ဒေသ ပထဝီ အနေအထား စသည်တို့ အပေါ်အခြေခံ၌ စဉ်းစားရန် အရေးကြီးကြောင်း ဥပဒေ ပညာရှင်များ က ပြောသည်။
လက်ရှိ ၁၉၈၂ ဥပဒေတွင် လုပ်ထုံး၊ လုပ်နည်း စာသား တချို့နှင့်ငွေကြေး သတ်မှတ်ချက်များမှာ ခေတ်နှင့်မညီတော့သည့် အတွက် ပြင်ဆင်နိုင်ရန် စီစဉ်ဆောင်ရွက် လျက်ရှိကြောင်း လူဝင်မှု ကြီးကြပ်ရေးနှင့်ပြည်သူ့အင်အား ဝန်ကြီးဌာန ဝန်ကြီး ဦးခင်ရီ ကလည်း ပြောဆိုထားသည်။
၁၉၈၂ နိုင်ငံသား ဖြစ်မှု ဥပဒေတွင် ၁၉၄၈ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့မတိုင်မီ နိုင်ငံတွင်း ရောက်ရှိနေထိုင်သည့်သူများမှ နိုင် ငံတွင်း မွေးဖွားသည့် သားသမီးများသည် နိုင်ငံသား လျှောက်ထားနိုင်ကြောင်း ပြဌာန်းထားသည်။
အကယ်ဤ နိုင်ငံသားဖြစ်ခွင့်ပြုခံရသူ မိဘနှစ်ပါးအနက် တဦးဦးသည် နိုင်ငံသားအဖြစ် ဆုံးရှှုံးလျှင် အသက် ၁၈ နှစ်မပြည့် သေးသူ သားသမီးနှင့် ၁၈ နှစ်ပြည့်ပြီး နိုင်ငံသား ကတိသစ္စာ မပြုရသေးသူ သားသမီးများသည်လည်း နိုင်ငံသား ဖြစ်ခွင့်မှ ရပ်စဲ ခံရမည်ဖြစ်ကြောင်း ဥပဒေ က ဆိုထားသည်။
မြန်မာနိုင်ငံ၏ နယ်မြေတခုခု၌ ၁၈၂၃ ခုနှစ်(မြန်မာ သက္ကရာဇ် ၁၁၈၅ ခုနှစ်) မတိုင်မီ ကာလမှစ၍ ပင်ရင်းနိုင်ငံအဖြစ် အမြဲနေ ထိုင်ခဲ့ကြသော ကချင်၊ ကယား၊ ကရင်၊ ချင်း၊ ဗမာ၊ မွန်၊ ရခိုင်၊ ရှမ်း စသည့် တိုင်းရင်းသားများနှင့် မျိုးနွယ်စုများသည်သာ မြန်မာနိုင်ငံသား များ ဖြစ်ကြောင်းလည်း ၁၉၈၂ ဥပဒေ တွင် ပြဌာန်းထားသည်။