မြန်မာနိုင်ငံမှ ဆင်ဖြူ အား ထိုင်းနိုင်ငံက ငှားရမ်းရန် အတွက် ကမ်းလှမ်းထားခြင်းကို အစိုးရက ငြင်းဆိုလိုက်သည်။
သို့သော် ထိုင်းနိုင်ငံသားများအနေနှင့် အဆိုပါ ဆင်ဖြူကို မြန်မာနိုင်ငံသို့ လာရောက် ကြည့်ရှုနိုင်ရန် ညှိနှိုင်းဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း သမ္မတရုံး အင်တာနက် စာမျက်နှာတွင် ယမန်နေ့က ဖော်ပြထားသည်။
ပြီးခဲ့သည့် တပတ် သောကြာနေ့က အင်ဒိုနီးရှားနိုင်ငံ ဘာလီကျွန်းတွင် ကျင်းပသည့် အရှေ့ အာရှ လက်တင် အမေရိက ပူးပေါင်း ဆောင်ရွက်ရေး ဖိုရမ်(FEALAC) တွင် မြန်မာနိုင်ငံခြားရေး ဝန်ကြီး ဦးဝဏ္ဏမောင်လွင်နှင့် ထိုင်းနိုင်ငံခြားရေး ဝန်ကြီး Sura pong Towichukchaikulတို့ သီးခြား တွေ့ဆုံခဲ့စဉ် ဆင်ဖြူ ငှားရန် ကမ်းလှမ်းခဲ့ခြင်း ဖြစ်သည်။
ထိုင်းနိုင်ငံ အနေဖြင့် မြန်မာ-ထိုင်း သံတမန်ဆက်သွယ်မှု (၆၅) နှစ်ပြည့် အထိမ်း အမှတ်အဖြစ် မြန်မာနိုင်ငံမှ ဆင်ဖြူကို ထိုင်းနိုင်ငံ သို့ ခြောက်လကြာ ငှားရမ်းပေးပြီး ချင်းမိုင်မြို့ရှိ တိရစ္ဆာန်ရုံတွင် အများပြည်သူ ကြည့်ရှုလေ့လာနိုင်ရန် စီစဉ်ဆောင်ရွက်လိုသည်ဟု ကမ်းလှမ်းခဲ့ကြောင်းလည်း သမ္မတရုံး အင်တာနက် စာမျက်နှာက ဆိုသည်။
ဦးဝဏ္ဏမောင်လွင်ကလည်း မြန်မာနိုင်ငံမှ ဆင်ဖြူကို ထိုင်းနိုင်ငံ ချင်းမိုင်မြို့အထိ သယ်ဆောင်ရေး အတွက် အခက်အခဲများ ရှိသဖြင့် အဆင်မပြေကြောင်း၊ ထိုင်းနိုင်ငံသားများက အလွယ်တကူ လာရောက် ကြည့်ရှုလေ့လာနိုင်ကြစေရန်အတွက် အထူးလေကြောင်း ခရီးစဉ်များနှင့် ညှိနှိုင်းဆောင်ရွက်ပါက အဆင်ပြေမည် ဖြစ်ကြောင်း၊ ဆင်ဖြူ လေ့လာရေး ခရီးစဉ်သည် နှစ်နိုင်ငံကြား ရင်းနှီးချစ်ကြည်မှုများ ပိုမိုမြင့်မားစေနိုင်ပြီး ခရီးသွား လုပ်ငန်းကို အထောက်အကူ ပြုစေနိုင်ကြောင်း ပြန်လည် တင်ပြခဲ့သည်။
ထိုင်း သတင်းများအရ မြန်မာနိုင်ငံက ဆင်ဖြူကို တရုတ်နိုင်ငံမှ ပန်ဒါများ ငှားရမ်း သကဲ့သို့ ချင်းမိုင်မြို့ရှိ တိရစ္ဆာန်ရုံတွင် ထားရှိ၍ နိုင်ငံခြားသား ခရီးသွားများကို ဆွဲဆောင်ရန် ရည်ရွယ်ခြင်း ဖြစ်ကြောင်း သိရသည်။
ချင်းမိုင် (ခေါ်) ဇင်းမယ်မြို့သည် ထိုင်းနိုင်ငံ၏ ဒုတိယမြို့တော်ဖြစ်ပြီး ကမ္ဘာလှည့်ခရီးသွားလုပ်ငန်း ထွန်းကားသောမြို့လည်း ဖြစ် သည်။
ယခင် စစ်အစိုးရ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ နှင့် ထောက်လှမ်းရေးအကြီးအကဲ နှင့် ဗိုလ်ချုပ်ကြီးဟောင်း ခင်ညွန့်တို့ လက်ထက်တွင် ရခိုင်ပြည်နယ်မှ ဆင်ဖြူ ၅ ကောင် ဖမ်းဆီး ရရှိထားသည်။
၂၀၁၀ ပြည်နှစ်တွင် နောက်ဆုံး အကြိမ် ဆင်ဖြူ ၂ ကောင်ကို ဒေသခံပြည်သူများ၏ သတင်းပေးပို့ချက်အရ သစ်တောရေးရာ ဝန်ကြီးဌာန သစ်တောဦးစီးဌာနနှင့် မြန်မာ့သစ်လုပ်ငန်းမှ အဖွဲ့များက ရခိုင်ပြည်နယ် မောင်တောမြို့နယ် ကြိမ်ချောင်း ဒေသတွင် ဖမ်း ဆီး ရမိခဲ့သည်။
ဗိုလ်ချုပ်ကြီးဟောင်း ခင်ညွန့် လက်ထက်တွင် ဆင်ဖြူ ၃ ကောင်ဖမ်းဆီးရမိခဲ့ပြီး ၎င်းဆင်ဖြူများကို ၂၀၀၀ ပြည့်နှစ် ဇန်နဝါရီလ ၂၀ ရက်နေ့တွင် ရခိုင်ပြည်နယ် ရသေ့တောင်မြို့ နယ်၊ စေတီပြင် ကျေးရွာအုပ်စု၊ အထက်နန်းရာ ကျေးရွာအနီးမှ လည်းကောင်း၊ ၂၀၀၂ ခုနှစ် ဧပြီလ ၅ ရက်နေ့တွင် ရခိုင်ပြည်နယ် မောင်တောမြို့နယ်အတွင်းမှ လည်းကောင်း၊ ၂၀၀၂ ခုနှစ် ဒီဇင်ဘာလတွင် ရခိုင်ပြည် နယ် ကိုင်းကြီးကျေးရွာဟောင်း အနီးမှလည်းကောင်း အသီးသီး ဖမ်းဆီးရမိခဲ့ခြင်း ဖြစ်သည်။
အဆိုပါ ဆင်ဖြူများကို ရန်ကုန်မြို့ မင်းဓမ္မလမ်းရှိ မင်းဓမ္မတောင် ဥယျာဉ်နှင့် နေပြည်တော်ရှိ ဆင်ဖြူတော် ရတနာဆောင်တို့တွင် ထားရှိသည်။
ရှေးယခင် ရှင်ဘုရင်များ လက်ထက်မှ စ၍ အဖြူရောင်ရှိသော ဆင်မျိုးကို ထူးခြားသည့် ကျန်အင် လက္ခဏာများအရ ရတနာ တပါးကဲ့သို့ တန်ဖိုးထားပြီး ဆင်ဖြူတော် ဟု ခေါ်ဆို သုံးနှုန်းကြကြောင်း၊ ဘုန်းတန်ခိုး ကြီးရာကြီးကြောင်းအတွက် ယင်း ဆင်ဖြူရတနာ ကို နှစ်သက် လိုလားကြကြောင်း၊ ဆင်ဖြူ ရရှိသူသည် ဆင်ဖြူရှင် ဘွဲ့ခံယူကြကြောင်း စာပေကျမ်းဂန် မှတ်တမ်း များ၌ တွေ့ရှိရသည်။
ဒုတိယ မြန်မာနိုင်ငံကို တည်ထောင်ခဲ့သည့် ဘုရင့်နောင် ဘုရင်သည် မြန်မာ သက္ကရာဇ် ၉၂၅ ခုနှစ်က ယိုးဒယားကို ချီတက် တိုက် ခိုက်မှု ပြုလုပ်ခဲ့ဖူးသည်။ တိုက်ခိုက်ရသည့် အကြောင်းအရင်းမှာ ယိုးဒယား ၌ ဆင်ဖြူ ၄ ကောင်ရှိသည့်အနက် ၁ ကောင်ကို တောင်းရာ မပေးသဖြင့် တိုက်ခိုက်ခြင်း ဖြစ်ကြောင်း၊ ဘုရင့်နောင်ကို မနိုင်၍ ယိုးဒယားမင်း လက်နက်ချပြီး ဆင်ဖြူများကို ဆက်သ အပ်နှင်းရာ ဘုရင့်နောင် က ဆင်ဖြူများရှင် ဘွဲ့ကို ခံယူခဲ့ကြောင်း မြန်မာ့ စွယ်စုံကျမ်း၌ ဖော်ပြထားသည်။