အဓမ္မလုပ်အားပေး ခိုင်းစေမှုများကြောင့် မြန်မာနိုင်ငံအပေါ် ချမှတ်ထားသည့် ကျန်ရှိနေသော တားမြစ် ကန့်သက်ချက် အားလုံးကို အပြည်ပြည်ဆိုင်ရာ အလုပ်သမား အဖွဲ့ချုပ် (ILO) က ရုပ်သိမ်းလိုက်ကြောင်း သိရသည်။
ဆွစ်ဇာလန်နိုင်ငံ ဂျနီဗာမြို့၌ ဇွန်လ ၅ ရက်နေ့မှ ၂၀ ရက်အထိ ကျင်းပနေသော (၁၀၂) ကြိမ်မြောက် အပြည်အပြည်ဆိုင်ရာ အလုပ်သမားရေးရာ ညီလာခံအတွင်း ယမန်နေ့က ညီလာခံ မျက်နှာစုံညီအစည်းအဝေးတွင် ယင်းသို့ ရုပ်သိမ်းရန် ဆုံးဖြတ်လိုက်ခြင်း ဖြစ်သည်။
ကျန်ရှိနေသည့် တားမြစ်ကန့်သတ်ချက် နှစ်ခုဖြစ်သည့် “မြန်မာနိုင်ငံမှ စုံစမ်းရေး ကော်မရှင်၏ အကြံပြုချက်များအား လိုက်နာ အကောင်အထည် ဖော်မှုကို အလုပ်သမားရေးရာ ညီလာခံများတွင် Committee on the Application of Standards ၏ ဆွေးနွေးချက်များ အောက်၌ အထူးအစည်းအဝေး တရပ်ဖြင့် ဆွေးနွေးသွားရန်” နှင့် “မြန်မာနိုင်ငံနှင့် ဆက်ဆံရေးတွင် လိုအပ်သော သုံးသပ်မှုများ ပြုလုပ်ရန်” တို့ကို ယခုညီလာခံက ရုပ်သိမ်းခြင်းဖြစ်ကြောင်း ယနေ့ ထုတ်ပြန်သည့် အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေး ဝန်ကြီးဌာနက ကြေညာထားသည်။
ထိုကဲ့သို့ ရုပ်သိမ်းပေးမှုသည် မြန်မာနိုင်ငံက အဓမ္မစေခိုင်းမှု ပပျောက်ရေးအတွက် ဥပဒေပြုရေး အပါအဝင် ထိရောက်သည့် လက်တွေ့ ဆောင်ရွက်ချက်များအပေါ် အသိအမှတ်ပြုလာခြင်း၏ ရလဒ်ကြောင့် ဖြစ်ကြောင်း အလုပ်သမား ဝန်ကြီးဌာန၏ ကြေညာချက်တွင် ဖော်ပြထားသည်။
မြန်မာနိုင်ငံအပေါ် တားမြစ် ကန့်သတ်ချက်များကို ၁၉၉၉ ခုနှစ်တွင် ကျင်းပသော ၈၇ ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာ ညီလာခံနှင့် ၂၀၀၀ ပြည့်နှစ်က ကျင်းပသည့် ၈၈ ကြိမ်မြောက် ညီလာခံတို့မှ ချမှတ်ခဲ့ခြင်း ဖြစ်သည်။
ကန့်သတ်ချက်များထဲမှ တချို့ကို ၂၀၁၂ ခုနှစ်က ကျင်းပခဲ့သည့် ၁၀၁ ကြိမ်မြောက် အလုပ်သမား ရေးရာ ညီလာခံက ရုပ်သိမ်းပေးခဲ့သော်လည်း တားမြစ်ချက် တချို့ ကျန်ရှိနေခဲ့ခြင်းဖြစ်သည်။
အပြည်အပြည်ဆိုင်ရာ အလုပ်သမားရေးရာ ညီလာခံမှ ယခုကဲ့သို့ မြန်မာနိုင်ငံအပေါ် ကန့်သတ်တားမြစ်ချက်များ အားလုံးကို ရုပ်သိမ်းခြင်းသည် အမှန်တကယ် အဓမ္မစေခိုင်းမှုများ မရှိတော့မှသာ ဖြစ်သင့်ကြောင်း၊ ယခုအချိန်အထိ အဓမ္မစေ ခိုင်းစေမှုသည် ပုံစံမျိုးစုံဖြင့် ကျယ်ကျယ်ပြန့်ပြန့် ရှိနေသေးကြောင်း ILO ရန်ကုန်ရုံးခွဲနှင့် ပူးတွဲ ကူညီ ဆောင်ရွက်ပေးနေသူ ဦးသက်ဝေက ပြောသည်။
“အဓမ္မ အလုပ်ခိုင်းစေမှုက အသွင်သဏ္ဍန် အမျိုးမျိုးနဲ့ ဆက်ရှိနေသေးတယ်။ ဘယ်လိုကြောင့် ရှိတာလဲဆိုရင် အစိုးရ ကိုယ်တိုင်က လုပ်တာရှိသလို စစ်တပ်က ခိုင်းစေတာလည်း ရှိတယ်။ ပုဂ္ဂလိကတွေကလည်း အဓမ္မ ခိုင်းစေမှုတွေ ရှိတယ်” ဟု သူက ဆိုသည်။
ယခုကဲ့သို့ အဓမ္မစေခိုင်းမှုကို ကျူးလွန်နေသူများအပေါ် အရေးယူမှုများ ယခုအထိ မရှိသေးကြောင်း၊ ဥပမာ ကလေးစစ်သား စုဆောင်းမှုများ ယခုအထိ ရှိနေပြီး မိသားစုထံ ပြန်လည် အပ်နှံခြင်း၊ ပြန်လည်ပြုစု ပျိုးထောင်ခြင်း လုပ်ငန်းတွင်လည်း လုပ်ပေးနိုင်မှု မရှိသေးကြောင်း သူက ဆက်ပြောသည်။
“ကလေးတွေ စစ်ထဲ အတင်းသွတ်သွင်းတာမှာ စစ်တပ်နဲ့ စစ်တပ်က လူပွဲစားတွေကို အရေးယူတာ ယနေ့အထိ ထင်ထင်ရှားရှား မရှိသေးဘူး။ ကျနော်အတွေ့အကြုံအရ အရေးယူတာက ၁၀ ရာခိုင်နှုန်းလောက်ပဲ ထင်တယ်” ဟု ဦးသက်ဝေက ဆိုသည်။
မြန်မာနိုင်ငံတွင် အဓမ္မခိုင်းစေမှုများ ဖြစ်ပေါ်လာရခြင်း အကြောင်းများမှာ ဆင်းရဲမွဲတေမှု၊ လယ်ယာမြေ အဓမ္မ သိမ်းဆည်းခံရမှုများ ပါဝင်ပြီး ၂၀၁၅ ခုနှစ်တွင် အဓမ္မစေခိုင်းမှု လုံး၀ ပပျောက်ရေးအတွက် သမ္မတ ဦးသိန်းစိန်၊ ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့နှင့် ILO တို့အကြား သဘောတူညီထားမှုများ လက်တွေ့ အကောင်အထည် ဖော်နိုင်မှသာ တားမြစ်ကန့်သတ်မှု အားလုံး ရုပ်သိမ်းသင့်ကြောင်း သူက ဆက်ပြောသည်။
ညီလာခံမှ ဆုံးဖြတ်ချက်တွင် အဆိုပါ ကန့်သတ်ချက်များ ရုပ်သိမ်းပေးသွားသော်လည်း ပုံစံမျိုးစုံဖြင့် အဓမ္မခိုင်းစေမှု ပပျောက်စေရေး လုပ်ငန်းများကို လူမှုရေး အဖွ့ဲများနှင့်အတူ ဆက်လက် အကောင်အထည်ဖော်ရေး ILO နှင့် မြန်မာအစိုးရတို့အား မေတ္တာရပ်ခံချက် ပါဝင်သည်။
ထို့အပြင် လွတ်လပ်သည့် အသင်း ဖွဲ့စည်းခွင့်နှင့် တာဝန်သိ ရင်းနှီးမြှုပ်နှံမှုတို့ အပါအဝင် ILO ၏ ဆောင်ရွက်ချက်များကို အုပ်ချုပ်ရေးမှူးအဖွဲ့မှ အဓမ္မစေခိုင်းမှု ပပျောက်သည့် အချိန်အထိ အုပ်ချုပ်ရေးအဖွဲ့ အစည်းအဝေးများသို့ အစီရင်ခံစာ တင်သွင်းရန်လည်း တိုက်တွန်းထားသည်။
မြန်မာနိုင်ငံတွင် အဓမ္မ စေခိုင်းမှု ပပျောက်ရေး၊ လူမှုရေးညီညွတ်မျှတမှု ပိုမိုဖြစ်ထွန်းရေးတို့အတွက် လိုအပ်သည့် အကူအညီများကို အစိုးရ၊ အလုပ်သမား၊ အလုပ်ရှင်များဖြင့် ဖွဲ့စည်းထားသည့် ILO အဖွဲ့ဝင်များ၊ နိုင်ငံတကာ အဖွဲ့အစည်းများမှ ပံ့ပိုးပေးကြရန်လည်း ညီလာခံက ဆုံးဖြတ်ချက်တွင် တိုက်တွန်းထားသည်။